The Flag နိုင်ငံတော်အလံ

အမေရိကန်အလံသမိုင်းကို တိုတိုရေးပါရစေ။ ကိုယ်လက်ရှိနေရတဲ့နေရာကြောင့် မဟုတ်ပါ။ အင်အားအကြီးဆုံးနိုင်ငံ ဖြစ်လို့လည်း မဟုတ်သေးပါ။ ကျွန်တော်တို့တိုင်ပြည်ရဲ့ နိုင်ငံတော်အလံတွေနဲ့ ဆက်စပ်တွေးတော စဉ်းစားစေချင်လို့ နမူနာအဖြစ်သာ ရေးမှာပါ။

နိုင်ငံတော်အလံတွေမှာ အလွယ်ခေါ်အမည်တွေ ရှိတယ်။ အမေရိကန်အလံကို The Stars and Stripes လို့ခေါ်ပါတယ်။ ကြယ်တွေနဲ့ အစင်းတွေပါလို့ပါ။ ကြယ်ပွင့်ပေါင်း (၅ဝ) ဆိုတာ ပြည်နယ်အရေအတွက်နဲ့ အစင်းပေါင်း (၁၃) ခုကတော့ လွတ်လပ်ရေးရစဉ်ကရှိတဲ့ ပြည်နယ်အရေအတွက်ဖြစ်တယ်။ အမှန်က ဗြိတိသျှလက်အောက်ကနေ လွတ်လပ်ရေး ကြောငြာခဲ့တဲ့ ကိုလိုနီနယ် (၁၃) ခုကို ကိုယ်စားပြုပါတယ်။

ယူအက်စ်အေ လွတ်လပ်ရေးရတာက ၁၇၇၆ မှာဖြစ်ပြီး၊ အလံဒီဇိုင်းကို ၁၇၇၇ ကတည်းက နည်းနည်းချင်းပြောင်းလာတာ အခု (၂၇) ကြိမ်မြောက်ပါ။ ပြည်နယ်တွေတိုးတိုးလာလို့ပါ။ ကြယ်ပွင့်ငါးဆယ်အထိဖြစ်လာတာက ၁၉၆ဝ ဇူလိုင်လရောက်မှ ဟဝိုင်ယီပါလာလို့ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၅၆ နှစ်အတွင်း အလံဒီဇိုင်းမပြောင်းလဲခဲ့ပါ။

ကျွန်တော်တို့ အလံတော်တွေ ဘယ်နှစ်ကြိမ်ပြောင်းခဲ့ပါပြီလဲ။ နှစ်လရှည်ကြာမှုအရှိဆုံးအလံတော်က ဘယ်ဟာလဲ။ ကြယ်ငါးပွင့်အလံခေါ် လွတ်လပ်ရေးရစဉ်ကအလံတော်ကို စစ်အာဏာသိမ်းသူတွေကနေ (မဆလ) ၁၉၇၃ ဖွဲ့စည်းပုံအရ နေရာဝင်ယူအစားထိုးလာပါတယ်။ စပါးနှံနဲ့ ပင်နယံခေါ်ကြတယ်။ လက်ရှိအလံကတော့ သိတဲ့အတိုင်း ၂ဝဝ၈ ဖွဲ့စည်းပုံအရ ဖြစ်လာတာပါ။ သုံးရောင်ခြယ်နဲ့ ကြယ်တပွင့်။

အမေရိကန်အလံဒီဇိုင်းကို Francis Hopkinson (ဖရန့်ဆစ် ဟော့ပ်ကင်ဆန်) ကရေးဆွဲခဲ့ပါတယ်။ ကျွန်တော်တို့ အလံတော်တွေကို ဘယ်ပုဂ္ဂိုလ်တွေက ဒီဇိုင်းရေးဆွဲခဲ့ပါသလဲ။ ကျွန်တော် မသိပါ။ ကျွန်တော်သိတာနဲ့ သေခြာတာကတော့ လက်ရှိအလံဟာ ကျွန်တော်တာဝန်ရှိခဲ့တဲ့ ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရရဲ့အလံတော်ဖြစ်နေတာပါ။ တထေရာတည်း ချွတ်စွပ်တူပါတယ်။ ဒီဇိုင်းဆရာ NCGUB လို့ မှတ်တမ်းတင်ရပါမယ်။

မာနယ်ပလောကနေ နေပြည်တော်မှာ နေရာပြောင်းပြီး စိုက်ထူပေမဲ့ ကျွန်တော်တို့မှာ ခံစားချက်အပြည့်နဲ့ပါ။ အမွှာမွေး အလံတော်လို့ မထင်ပါ။ မျိုးဗီဇမတူပါ။ စရိုက်ကွဲပါတယ်။

ဒေါက်တာတင့်ဆွေ
၈-၁ဝ-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး