စီ နှင့် ဆီ

ကိုယ့်စီနဲ့ ပန်းတိုင်စီလို့ မှားရေးထားတာ တွေ့တယ်။ ကိုယ့်ဆီ၊ ပန်းတိုင်ဆီလို့ ရေးရတယ်။

ကွန်မင့်တခုမှာ ဆရာ့စီက အတုယူစရာတွေကို မှတ်ပါတယ်ဆရာတဲ့။ ဆရာ့ဆီကလို့ ရေးရပါမယ်။

မေးခွန်းတခုကတော့ အထဲက ကလေးလည်းမတွေ့ဘူး။ နှလုံးလည်းမခုန်ဘူးလို့ပြောပါတယ်။ အဲ့ဒါ ဘယ်လိုဆက်လုပ်ရမလဲဆိုတာ ဆရာ့စီက အကြံဥာဏ်လိုချင်လို့ပါတဲ့။ ဆရာ့ဆီကလို့ ရေးရပါမယ်။

ကျန်းမာရေးဌာနတခုက ကျွမ်းကျင်သူမိန်းကလေးတယောက်ကနေ မေးလာတယ်။ ဘီပိုးရှိလူနာ့စီကသွေး သူ့မျက်စိကို စင်လို့မေးလာတယ်။ လူနာ့စီကလို့ ရေးရပါမယ်။

စီ
ကိုယ်စီကိုယ်ငှ အမျှရကြစေ။
စာစီစာကုံး ရေးပါ။
စီစဉ်သည်။
စီတန်းသည်။
စီမံသည်။
စီရင်ချက် ချမည်။
ညံညံစီစီ။
အစီအရီထားပါ။
ကြောင်ကလေးပူစီ။

ဆီ
ငါ့ဆီယူခဲ့။
စားအုန်းဆီ ဈေးချို၏။
ဆီဆိုင်မြို့။
ဆီမီးခုံအရပ်။
ဆီဦးထောပတ်။
ဆီလျော်သည်။
ပဲဆီ ကြော်လို့ကောင်း၏။
ပဲပုပ်ဆီ အမျိုးသမီးတွေအတွက် ကောင်း၏။
ဘယ်ဆီအမျိုးအစားက ကျန်းမာရေးအတွက်ကောင်းသလဲ။
မဆီမဆိုင်မပြောနဲ့။
မဟာဆီ မဟာသွေး။
ရိုးတွင်းခြင်ဆီ။
သူ့ဆီမှာ စာအုပ်ကောင်းရှိတယ်။
ဟိုဆီကို သွားပါ။
ဟိုတောင်ဆီရယ်က ညိုတိုတိုရယ့့် မိုးဆိုထင့် ရွာတော့မယ့့်
အုန်းဆီမွှေး ဆံပင်မှာလိမ်းပါ။
နေကြာဆီလည်း ကောင်း၏။
ဝေးရပ်ဆီက မေတ္တာပို့ပါတယ်။
နှမ်းဆီ ဆမ်းစားလို့ကောင်း၏။

ကျွန်တော်တို့ငယ်ငယ်က မန္တလေးမှာ ပြောကြတယ်။ သူ့ရှီက၊ ငါ့ရှီက။ အခုတော့ မန္တလေးသူတွေ စကားပီသွားကြပြီ။ မြန်မာပြည်ကြီး စကားပီပါစေသတည်း။

Dr. တင့်ဆွေ
၁၆-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ