The Great Walls မဟာတံတိုင်းကြီးများ
ပဌမတံတိုင်း
တရုပ်ပြည်က မဟာတံတိုင်းကြီးကို သူတို့စကားနဲ့ ပင်းယင်လို့ခေါ်ပါသတဲ့။ နံရံပေါင်းများစွာပါတယ်။ အများအားဖြင့် အပြိုင်ဆောက်ထားတယ်။ တောင်ပိုင်း မွန်ဂိုးလီးယားကနေ တရုပ်ပြည်မြောက်ပိုင်းအထိ မိုင်ပေါင်း ၅၅ဝဝ (၈၈၅ဝ ကီလိုမီတာ) ရှည်တယ်။ လေးပုံတပုံဟာ သဘာဝအတားအဆီးတွေဖြစ်တဲ့ မြစ်တွေနဲ့ တောင်တန်းကြီးတွေဖြစ်တယ်။ ၇ ရာစုမှာစဆောက်တယ်။ ပျက်စီးသွားလို့ မင်းမင်းဆက် (၁၃၆၈-၁၆၄၄) မှာ အသစ်ဆောက်ပါတယ်။ အများစုကို တရုပ်ပဌမဧကရာဇ် (ကွင်ရှီ ဟွန်) ဘုရင်လက်ထက်မှာ တည်ဆောက်တယ်။
ဒုတိယတံတိုင်း
နောက်ထပ်ထင်ရှားတဲ့တံတိုင်းကတော့ ဂျာမဏီနိုင်ငံက ဘာလင်တံတိုင်းဖြစ်ပါတယ်။ ၁၉၆၁ ခုနှစ်မှာဆောက်ပါတယ်။ အဲဒီကာလမှာ ဂျာမဏီနိုင်ငံက ကွန်မြူနစ်ကြီးစိုးတဲ့ အရှေ့ဂျာမဏီနဲ့ အနောက်အုပ်စုကြီးစိုးတဲ့ အနောက်ဂျာမဏီလို့ နှစ်ခြမ်းကွဲနေတယ်။ ဘာလင်မြို့တော်က အရှေ့ဂျာမဏီထဲမှာရှိပြီး ကွန်မြူနစ်တွေက မြို့တော်ကြီးကို တံတိုင်းကြီးနဲ့ နှစ်ခြမ်းခွဲခြားလိုက်တယ်။ အဲဒီအရင်က အရှေ့ဂျာမဏီဖက်ကနေ အနောက်ဖက်ကို ထွက်ပြေးလာသူပေါင်း ၂့၅ သန်း ရှိတယ်။ ပညာတတ်တွေ၊ ပညာရှင်တွေ၊ ကျွမ်းကျင်အလုပ်သမားတွေလည်းပါဝင်တယ်။ အဲဒီဆုံးရှုံးမှုကိုတားဆီးဘို့ ၁၉၆၁ ခုနှစ် သြဂုတ်လ ၁၂ ရက်နဲ့ ၁၃ ရက်မှာ တံတိုင်းကြီးကို နေ့ချင်းညချင်းကာလိုက်တာပါ။ အုတ်တံတိုင်းက ၁၅ ပေမြင့်ပြီး သံဆူးကြိုးတွေလည်းပါတယ်။ လျှပ်စစ်လွှတ်ထားတယ်။ စောင့်ကြည့်မျှော်စဉ်တွေရှိတယ်။ မိုင်းတွေထောင်ထားတယ်။ ၂၈ မိုင် (၄၅ ကီလိုမီတာ) ရှည်တယ်။ နောက်မှာ ၇၅ မိုင် (၁၂ဝ ကီလိုမီတာအထိ ဆန့်တန်းလိုက်တယ်။ လူပေါင်း ၅ဝဝဝ က နည်းအမျိုးမျိုးသုံးပြီး အရှေ့ဂျာမဏီကနေ ထွက်လာနိုင်ခဲ့ကြတယ်။ ၁၉၁ ယောက်အသတ်ခံရတယ်။ ၁၉၈၉ ခုနှစ် နိုဝင်္ဘာ ၉ ရက်နေ့မှာတော့ တံတိုင်းကြီးကို လူထုအားနဲ့ ဖြိုဖျက်ခဲ့ကြပါတော့တယ်။ ဂျာမဏီနှစ်နိုင်ငံလည်း ၁၉၉ဝ အောက်တိုဘာ ၃ ရက်နေ့မှာ ပြန်လည်ပေါင်းစီးနိုင်ခဲ့ပါတယ်။ ဘာလင်ဝေါလ်ကြီးတည်ဆောက်တာကို သတင်းတွေထဲမှာ တအံတသြ ဖတ်ရတယ်။ ကျွန်တော်က ၁၃ နှစ်သားပဲရှိသေးတယ်။ ဖျက်ပြီးတော့ အဲဒီနေရာကို တခေါက်ရောက်ဖူးတယ်။
တတိယတံတိုင်း
အစ္စရေးလ်အနောက်ဖက်တံတိုင်းဆိုတာ အစ္စရေးလ်အနောက်ဖက် (အကာအရံ) လို့လည်း ခေါ်တယ်။ အစ္စရေးလ်က သူ့အတွက်လုံခြုံရေးအကာအရံလို့ပြောတယ်။ အကြမ်းဖက်မှု စတာတွေကိုတားဘို့လို့ ဆိုပါတယ်။ ပြောချင်တာက ပါလစ်စတိုင်းတွေကိုပါ။ အဲတာကြောင့် လူမျိုးခွဲခြားရေး တံတိုင်းလို့ ပြောကြတယ်။ ၄၄ဝ မိုင် (၇ဝ၈ ကီလိုမီတာ) ရှည်တယ်။
အစိမ်းရောင်မျဉ်းခေါ် ၁၉၄၉ ကသဘောတူခဲ့တဲ့ ဂျော်ဒန်နယ်စပ်မျဉ်းမှာတည်ဆောက်ထားတယ်။ စက်တင်္ဘာ ၂ဝဝဝ ခုနှစ်မှာ တည်ဆောက်တယ်။ ခေတ်ပေါ်ဗိသုကာနည်းပညာသုံးထားတယ်။ အထပ်များစွာပါတဲ့စံနစ်။ အကာအရံ ၃ ထပ်ရှိတယ်။ ပိရမစ်ပုံ ဆူးကြိုးအတွင်းရော အပြင်မှာပါတယ်။ စမ်းသိနိုင်တဲ့ကရိယာတွေ တပ်ထားတယ်။
၁၉၉၂ မှာ အစ္စရေးလ်ဝန်ကြီးချုပ် ရစ်ဇတ်ရာဘင်ကနေစခဲ့တာဖြစ်တယ်။ ၂ဝ၁၂ မှာ ၂၇၃့၎ မိုင်ပြီးစီးတယ်။ ၃၅့၎ မိုင် ဆက်လုပ်နေတယ်။ အဲလိုခတ်လိုက်တာထဲမှာ အနောက်ဖက်ကမ်းမှာနေကြတဲ့ ပါလစ္စတိုင်းလူမျိုး ၂ သိန်း ၃ သောင်း ပါသွားတယ်။ အဲတာကြောင့် အသေခံဗုံးခွဲတာတွေကြုံရတယ်။ နိုင်ငံတကာက ဆန့်ကျင်မှုမျိုးစုံးနဲ့လည်း ရင်ဆိုင်ရတယ်။
စတုတ္ထတံတိုင်း
အမေရိကန်သမတသစ် ဒေါ်နယ်ထရမ့်က ဆောက်မယ်လို့ပြောထားတဲ့ မက်စီကိုနိုင်ငံနဲ့ကြားတံတိုင်းကြီးဖြစ်လာမလား စောင့်ကြည့်ရပါတော့မယ်။ မက်စီကိုနယ်စပ်ဟာ မိုင်ပေါင်း ၁၉၈၉ (၃၂ဝ၁ ကီလိုမီတာ) ရှည်လျားတယ်။ အမေရိကန် အရာရှိတွေ တွက်ချက်မှုအရ လူ ၁၁ သန်းမှာ အထောက်အထားမရှိကြဘူး။ ထရမ့်အစီအစဉ်သာဖြစ်လာရင် ၆ သန်းကို ပြန်ပို့ရမယ်။ မက်စီင်္ကိုကနေ ယူအက်စ်ထဲကို ဝင်လာသူပေါင်း ၂ သန်းက ရာဇဝတ်မှုကျူးလွန်ထားကြတယ်။ ၄့၅ သန်းက ဗီဇာသက်တမ်းကျော်နေကြပြီ။ တံတိုင်းတည်ဆောက်ကုန်ကျစရိတ်ကို မက်စီကိုကပဲ ၁ဝဝ% ပေးရမယ်လို့လည်း ပြောခဲ့ပါသေးတယ်။ ၂ဝ၁၄ ခုထဲမှာ သမတအိုဘားမားကနေ အဲလို အထောက်အထားမရှိ လာနေသူတွေကို ချွင်းချက်ပေးပြီး နေထိုင်ခွင့်ပြုလိုက်ပါတယ်။
တိုင်းတပါးရန်ကနေကာကွယ်ဘို့ရာ တရုပ်တံတိုင်းကြီးတည်ဆောက်တယ်။ သူ့လူတွေ အပြင်ထွက်မပြေးနိုင်အောင် ကွန်မြူနစ်တွေက ဘာလင်တံတိုင်းကြီးဆောက်တယ်။ ကိုယ့်ပိုင်နက်လုံခြုံရေးအတွက် အစ္စရေးလ်က တတိယတံတိုင်း ဆောက်တယ်။ သူ့နိုင်ငံထဲကို သူများတွေဝင်မလာလေအောင် စတုတ္ထတံတိုင်းဆောက်ချင်နေတယ်။ အမေရိကန်တွေက တံတိုင်းခတ်ချင်တဲ့သမတကို ရွေးထားပြီးဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
၁၁-၁၁-၂ဝ၁၆

Comments
Post a Comment