Volatile Organic Compounds အော်ဂဲနစ် ညှော်နံ့

ခဏခဏမေးကြတဲ့ မီးဖိုကထွက်တဲ့ညှော်နံ့အကြောင်း မဟုတ်ပါ။

မင်္ဂလာပါဆရာ ကျွန်တော်က စားဖိုမှူးတစ်ယောက်ပါ။ နေ့စဉ်ညှော်ရှူနေရတဲ့အတွက် ကျန်းမာရေးထိမှာစိုးရိမ်မိပါတယ်။ မီးဖိုကလဲ ထင်းမီးဖိုဖြစ်တဲ့အတွက် မှိုင်းပါရှူနေရပါတယ်။ မနက်ရောက်ရင် ချွဲကျပ်သလိုလဲဖြစ်နေပါတယ်။ အရင်က့ စားဖိုမှူးတွေ ညှော်ခံတဲ့ဆေးသောက်တာတော့ မြင်ဖူးတယ်ခင်ဗျ။ ဆေးကိုတော့ မပြောပြတဲ့အတွက်မသိရပါဘူး။ ကျွန်တော် ဘယ်ဆေးကို စွဲမြဲသောက်သုံးသင့်လဲ အကြံပြုပါဦးခင်ဗျ။ ကျေးဇူးတင်စွာဖြင့်။

ကျွန်တော်တို့ လူမျိုးတွေက ညှော်နံ့ကနေ ရောဂါတွေ ရစေ-ဆိုးစေတယ်လို့ ဘာသုတေသနမှမလုပ်ဘဲ ယုံကြည်ကြတယ်။ ဆရာဝန်ဖြစ်စက မေးလာရင် ဟိုလိုသည်လိုလိုဖြေခဲ့ရတယ်။ ထမင်းဟင်း ချက်ပြုတ်ကြော်လှော်ရာကနေထွက်တဲ့ ညှော်နံ့ ဆေးသုတေသန မတွေ့ဘူးသေးပါ။ မလိုအပ်လို့ မလုပ်ကြတာဖြစ်ပါမယ်။ အခြေခံအချက်ကတော့ လေထဲမှာ လူတွေ အသက်ရှူရတဲ့ အောက်စီဂျင်ဓါတ်နည်းရင် မကောင်းပါ။ သာမန်လေထဲမှာ အောက်စီဂျင် ၂ဝ့၉၃% ပါတယ်။ နိုက်ထရိုဂျင် ၇၈့ဝ၉%ပါတယ်။ ဘယ်အနံ့ဖြစ်ဖြစ် ကုန်ကုန်ပြောရရင် ရေမွှေးနံ့များရင် အောက်စီဂျင်နည်းပါမယ်။

Volatile organic compounds (VOCs) ဆိုတာ လေထဲမှာ Organic chemicals (အော်ဂဲနစ်) ဓါတ်တွေ ပါနေတာကို ခေါ်တယ်။ Organic ဆိုတာ ကာဗွန်ပါတဲ့ ဒြပ်ပေါင်းတွေပါ။ ကျန်းမာရေးကို ရေတို-ရေရှည် ထိခိုက်စေမှာတွေကို ပြောတာပါ။ ရေရှည်ဖြစ်စေတာက ပိုများတယ်။ ဆောင်းတွင်းမှာ ပိုဆိုးတယ်။

သုတ်ဆေးတွေ၊ ဆိုးဆေးတွေ၊ ပိုးသတ်ဆေးတွေ၊ သန့်ရှင်းရေးသုံး ဓါတုဆေးတွေ၊ ဆောက်လုပ်ရေးပစ္စည်းတွေ၊ ရုံးသုံး စက်ကရိယာ ပစ္စည်းတွေ၊ စာရေးကရိယာတွေ၊ အလှအပအသုံးအဆောင်တွေ၊ စတာတွေကနေ လေထဲမှာ VOCs တွေ ပါနေတယ်။ ကုန်ကုန်ပြောရရင် Air fresher လေသန့်စေတဲ့ ဆေးထဲမှာ လေမသန့်တာတွေပါတယ်။

VOCs တွေဟာ တခြားဟာတွေထက် ရေဆူအမှတ် နိမ့်လို့ အငွေ့အနေနဲ့ ထွက်နေတာ ဖြစ်တယ်။ ဥပမာ သုတ်ဆေး၊ ပလာစတာ၊ နံရံ၊ မျက်နှာကျက်တွေထဲမှာ ပါတဲ့ Formaldehyde ဟာ –19 ºC (–2 ºF) ဆိုရင် ဆူပြီ။ Formaldehyde အပြင် Decane, Butoxyethanol, Isopentane, Limonene, Styrene, Xylenes, Perchloroethylene, Methylene chloride, Toluene နဲ့ Vinyl chloride တွေ ပါဝင်တယ်။

လူလုပ်တာတွေသာမက Molds and Fungi မှိုတွေကနေလဲ ဖြစ်စေတယ်။ အနံ့နဲ့သိနိုင်တယ်။ Aldehydes, Alcohols နဲ့ Ketones တွေ ပါနေတယ်။ တခါတလေ Geosmin, Hexanone နဲ့ Octanols တွေလဲ ပါတတ်တယ်။

ကျန်းမာရေး အန္တရာယ်
• ကလေးတွေမှာ အသက်ရှူလမ်း၊ နဲ့ ရောဂါပြီးစနစ်တွေကို ထိခိုက်နိုင်တယ်။ (အလာဂျီ) ရနိုင်တယ်။
• မျက်စိ၊ နား၊ လည်ချောင်းတွေ ထိခိုက်ရာကနေ ခေါင်းကိုက်မယ်၊ ပျို့အန်မယ်၊
• အသဲ၊ ကျောက်ကပ်၊ ဗဟိုအာရုံကြောစနစ် ထိခိုက်မယ်။
• အားယုတ်မယ်၊ ခေါင်းမူးမယ်၊ နှာခေါင်းသွေးထွက်မယ်၊ စိတ်မကြည် ဖြစ်မယ်။
• Leukemia နဲ့ Lymphoma ရောဂါတွေ ပိုဆိုးစေတာ သိရတယ်။
• တိရစ္ဆာန်တွေမှာ ကင်ဆာ ဖြစ်တာ သိရတယ်။ လူတွေမှာ ဖြစ်တာလဲ သံသယ ရှိတယ်။
• ဒီအိမ်၊ ဒီရုံး၊ ဒီအခန်းထဲဝင်မှ ဒါတွေ ဖြစ်တာမျိုးကို Sick building syndrome လို့ ခေါ်ကြတယ်။

ဘယ်လို လျော့နည်းအောင် လုပ်မလဲ
ဥပဒေလုပ်ပြီး ကန့်သတ်၊ တားဆီးရတယ်။ ၁၉၈၅ မှာ အမေရိကန် Environmental Protection Agency က ထုတ်တဲ့ Total Exposure Assessment Methodology Study အရ အခန်းထဲမှာ အပြင်ထက် VOCs ၂ ဆကနေ ၅ ဆ အထိ များတာ တွေ့ရတယ်။ မြို့မှာက တောထက် ပိုဆိုးတယ်။ VOCs Sensors ဆိုတာတွေ တပ်ဆင်ထားရတယ်။ Smoke alarm ဆိုတာ အိမ်တိုင်း၊ ရုံးတိုင်း၊ အခန်းတိုင်းမှာ တပ်ထားကြရတယ်။ မြန်မာအခြေချ နေထိုင်သူတွေ သတိပေးစက် ထမည်လို့ ပြဿနာတက်ကြတာ အမြဲကြားနေရတယ်။

လူတွေ အသက်ရှူထုတ်ရင်လဲ VOCs ဆိုတာတွေ ရာနဲ့ချည်ပြီး ပါနေနိုင်တယ်။ ကိုယ်နံ့ မကောင်းသူတွေကို အနား မကပ်ချင်ကြတာ အဲဒါကြောင့် နေမယ်။ “အလှူပေးခြင်း၊ ဣနြေ္ဒကို ဆုံးမခြင်း၊ ကိုယ်နှုတ်တို့ကို စောင့်စည်းခြင်းကြောင့် စကြဝတေးမင်း ရဲ့ ကိုယ်နံ့ဟာ စန္ဒကူးနံ့၊ ခံတွင်းနံ့ဟာ ကြာညိုနံ့ သင်းတယ်” လို့ မဟာသုဒဿနသုတ်မှာ ဖတ်ရပါမယ်။

အဆုပ်-ကင်ဆာ ရှိသူကနေ 22 VOCs ပါတယ်လို့ သုတေသနက ဆိုတယ်။ ဒီကနေ့ နောက်ဆုံးရ ကျန်းမာရေးသတင်းမှာ Promising urine test tells how effective Tuberculosis treatment is လို့ ပါလာတယ်။ တီဘီ ဖြစ်နေသူတွေကို ဆေးကုသတာ ထိရောက်မှု ရှိ-မရှိ ဆီးစစ်ပြီး အလွယ်နဲ့ သိမယ်တဲ့။ ဒီသုတေသန ဆရာဝန်တွေ ပြောတာက လူနာတွေကနေ ထုတ်ပေးနေတဲ့ VOCs တွေက မတူကြဘူးတဲ့။ လူတွေရဲ့ Fingerprint patterns လက်ဗွေလို တီဘီ-လူနာတွေက ထူးခြားတယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစာကို သိပ္ပံစာလိုရေးရင် ဘာတွေသာလုပ်ပါ၊ ဘာတွေသာသုံးပါ၊ တန်းစီပြီးရှိပါတယ်။ ဖတ်ရင်ပျင်းစရာ၊ မလိုက်နာနိုင်တာက များတာမို့ တကြောင်းထဲနဲ့ အကြံပေးရရင် သဘာဝနဲ့ မဝေးမကွာ၊ ရိုးရိုးလေးသာ နေထိုင်တာ အကောင်းဆုံးပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး