ခရုသင်းသံ

အလို ဘုရားသာပါ့
ကြားလိုက်ပြီ သာသာညှင်းလေတော့
ခရုသင်း သည်အသံတဲ့
စေတီယံ ရင်ပြင်ထက်မှာဖြင့်
ဝတ်တက်သူ လူထိုထိုတို့
ဝတ်ရွတ်ဆို ဆိုလို့ပြီးရော့ထင့်
ဟီးချမိ တကိုယ်သာ။

အခါတိုင်း
မြင့်ကျိုင်း ဤစေတီသို့
အာရုဏ်မှီ အရောက်လှမ်းကာပါ့
ပန်းဆီတိုင် တင်ကာလှူ၍
ဝတ်တက်သူ သူ့နဘေးမှာလ
နားဆင်ကာ တွေဝေငေးပါလို့
ပေးကြည်သည့် အမျှပန်းကိုဖြင့်
ဆင်မြန်းကာ အသာဆင်းပြန်ခဲ့
ရွှင်းပီတိဖြာ။

သည်တခေါက်
အရောက် တကယ်နှောင်းလေပေါ့
နီမောင်းရောင့် ရှေ့ပြုဗ္ဗာဝယ်
ပေါ်လာပေါ့ အလင်း။

ကြားရပြန်ပြီ
ခရုသင်း သံအီအီပါ့
လာပါပြီ ခုလတ်လမ်းပေမို့
လှမ်းရင်းပင် အသံစဲလေတော့
စိတ်ထဲ မကြည်သာဘူ့
သည်တခါ မကျေနပ်သော်လဲ့
နောက်ထပ် နောက်တခါဖြင့်
မှီပါအောင် အားသွန်မြန်းမယ်လို့
စိတ်နွမ်းကို သည်လိုဖြေ၍
ရွှေစေတီ ထွက်ချာဦးကိုလ
ရွှေနေခြည် ညွတ်ကာဖူးလေတော့
မြူးခဲ့စိတ်တွင်း။

(ဇော်ဂျီ၏ ပိတောက်ရွှေဝါကဗျာများစာအုပ်မှ)

မှတ်ချက်
တစ်ကိုယ်သာ မဟုတ်။ သည်တစ်ခေါက် မဟုတ်။ တစ်ကယ်နှောင်းလေပေါ့ မဟုတ်။ သည်တစ်ခါ မဟုတ်။ နောက်တစ်ခါဖြင့် မဟုတ်။ အရုဏ်မီက ပိုသင့်မြတ်မယ်ထင်ပါတယ်။

ဒေါက်တာတင့်ဆွေ
၇-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး