မြက်ကလေး တပင်

ဂျာနယ်ကျော် မမလေးဝတ္ထု မြက်ကလေးကို (တစ်) ပင်လို့ တင်ထားတယ်။ မလုပ်ကောင်းပါ။ သတ်ပုံမှန်အတိုင်း တင်ထားတာရှိတယ်။ ကောက်နှုတ်ချက်သာ တင်ပြပါမယ်။

စစ်ဗိုလ်ကတော်ခင်မမသည် ကတုံးမကလေးကို နှာခေါင်းရှုံ့၍ကြည့်၏။ ငွေငါးဆယ်များနေသလားဟု စိတ်ထဲက တွက်ချက်ကြည့်လျက် နှာမြောသလိုလိုတွန့်တိုနေလေသည်။ နှမြောမည်ဆိုလည်း နှမြောပေမည်၊ ဆယ်တန်ငါးချပ်သည် ပိုကာဝိုင်း၌ တနေကုန်တနေခန်း ခါးချိအောင် ထိုင်ရိုက်ရသောငွေဖြစ်သည်။ ဖဲဝိုင်း၌ တနေ့ခင်းလုံး ရှုံးနေသည်။ ဒေါသကြောင့် လက်ထိပ်က ချဖဲကိုမမြင်ဘဲ လျှမ်းနေသည်။ ရင်ထဲကလည်း တလှပ်လှပ်ဖြစ်ကာ မွှန်နေသည်။
-
မင်းကတော် စိုးကတော်၊ သူဌေးကးတော်တို့၏ ရယ်မောသံများ စည်စည်ကားကား ထွက်ပေါ်နေစဉ် မီးကို ရေနှင့်ဖြန်း သကဲ့သို့ ရုတ်တရက်တိတ်သွားကြ၏။ ဖဲဝိုင်းလုပ်နေသော ထမင်းစားခန်းထဲသို့ ခပ်ဝဝမိန်းမကြီး တယောက်ဝင်လာသည်။ သနပ်ခါးဘဲကျားနှင့် သားမဲမဲဝဝတုတ်တုတ်ကြီး၊ ဗိုက်ကြီးမှာရှေ့သို့ တတောင်လောက်ချွန် နေသည်။ (၃)ပေလောက် မြင့်သော ကတုံးပြောင်ကလေးနှင့်ခလေးမ ပိန်ပိန်သေးသေး ကလေးသည်။ မိန်းမဝဝကြီး၏ ပေါင်တဘက်က ထမီစကို ဆွဲကိုင်လျက် ကပ်ပါ လာလေသည်။ မင်းကတော်များမှာ မိန်းမကြီး၏ ပေါင်လုံးကွယ်နေ၍ တွယ်ကပ်ပါလာသော ကတုံးမကလေးကို ကိုယ်ကလေး တခြမ်းသာ မြင်ကြရသည်။အသားညိုညို၊ မျက်လုံးပြူးပြူး၊ အရိုးပဒေသာ ကိုယ်လုံးကလေး ပေါ်တွင် ပိတ်ရှင်မီး၊ ရေမလျှော်ရသေးသော အသစ် စက်စက်သည် ကိုယ်ပေါ်၌ အဆမတန် ချောင်နေကာ ရှင်မီးကြိုးမှာ လက်မောင်းအရိုးပေါ် ကျနေ၏ ခါးကထမီသည် ထမီဆင်နှင့်မတူ၊ အသားရိနေသော အဝတ်ပိုင်းဟောင်းစတခုကို ဂွင်းချုပ်ဝတ်ပက်ထားကာ အဆင်းလည်းမရှိ၊ အရောင်လည်းမရှိ၊ မဲညစ်နေသဖြင့် အထက်က ရှင်မီးနှင့်တော့ အရောင်ကွဲခြားနေသည်။ တကိုယ်လုံးတွင် မျက်လုံးသာလျှင်ပေါ်လေ၏ ပါးနီ၊ နှုတ်ခမ်းနီဆိုးလျှက် ဆံပင်များ ဖွာလံတွန့်ကောက်ထားသော မင်းကတော်တွေကို ခပ်ရိုင်းရိုင်းပြူးစိုက်၍ ကြည့်နေ၏။

မမဘို့ပြောထားတဲ့ခလေးမက တအိမ်ကဦးသွားလို့ မရလိုက်ဘူး၊ ဒီဟာမလေးကတော့ လခနဲ့မဟုတ်ပါဘူး။ အပိုင်ရောင်းမှာမို့် မမလိုချင်လဲ ယူရအောင်ဆွဲလာတာပါ။ မလိုချင်ပါဘူတော်ဟု အရေးပိုင်ကတော်က ခေါင်းခါလျှက် မဲ့ပြောလိုက်သည်။ ကတုံးမလေးသည် သူ့အားဝိုင်းကြည့်နေသော မျက်လုံးများကို မခံရပ်နိုင်၍ထမီစကိုမြဲမြဲဆုပ်လျက် တင်ပါးကြီး နောက်တွင် မျက်နှာကပ်ကာ ကွယ်ဖွက်ထားလိုက်သည်။ ဒီလက်မလောက်ကလေး ဘာလုပ်ရမလဲဟု အတွင်းဝန်ကတော်ကဆို လိုက်ရာ ကြီးလာအောင် အနွံအတာခံပြီး မွေးထားရအုံးမဲ့ တာဝန်ကမသေးဘူးဟု သစ်စက်သူဌေးကတော်လေးက ထောက်ခံလိုက်သည်။ သူတို့အထဲတွင် ဆံပင်ဖြူနေသော လွှတ်တော်ရှေ့နေ ကတော်ကြီးသည် တယောက်တခွန်း ထင်မြင်ချက် ပေးနေကြ သည့်အထဲ၌ မပါဝင်ဘဲငြိမ်နေသည်။ အတန်ကြာမှ ရှေ့နောက်မြှော်မြင် တွေးတောစဉ်းစားနေသော အမူအယာများကို ရုတ်သိမ်း၍ စီးကရက်တလိပ်ကို ဖွာလိုက်ပြီးနောက် ကုလားထိုက်နောက်မှီနှင့်ကျောကိုပြန်ကပ်လိုက်ကာ ခပ်လေးလေး ပြောပြသည်။

မူရင်းစာတွေကို သတ်ပုံမပြင်ကောင်းပါ။ ကိုယ်တတ်ရင် ကိုယ့်သတ်ပုံနဲ့ ရေးကြပေါ့။

ဒေါက်တာတင့်ဆွေ
၂၄-၇-၂၀၁၉

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ