Pregnancy test ကိုယ်ဝန် ရှိ-မရှိ စမ်းသပ်နည်း

ကိုယ်ဝန်ရှိပြီဆိုတာနဲ့ အဲဒီအမျိုးသမီးရဲ့သွေးထဲမှာ Human Chorionic Gonadotropin (HCG) ဟော်မုန်းရှိလာပြီ။ အဲဒီ အချင်းနဲ့ဆိုင်တဲ့ဟော်မုန်း ရှိ-မရှိ စမ်းသပ်တာကို ကိုယ်ဝန် စမ်းသပ်နည်းလို့ခေါ်တယ်။

မ-မျိုးဥနဲ့ ကျားသုက်ပိုးတို့ ပေါင်းစပ်ပြီးနောက် ၆ ရက်အကြာမှာ သန္ဓေက သားအိမ်အတွင်းဆုံးအလွှာမှာ လာကပ်မယ်။ အဲဒီအချိန်ကစပြီး HCG ဟော်မုန်းထွက်လာပြီ။ သန္ဓေကပ်ပြီးနောက် ၁ဝ ရက်ဆိုရင် စမ်းလို့ရပါပြီ။ ဟော်မုန်းက ကိုယ်ဝန် ပထမ ၃ လအတွင်းမှာ တရက်ပြီးတရက် များများလာတယ်။ နောက်တော့ ကျသွားတယ်။

အရေအသွေး (ရှိ-မရှိ) စမ်းသပ်နည်းနဲ့ အရေအတွက် (ဟော်မုန်းအနည်း-အများ) စမ်းသပ်နည်းဆိုပြီး ရှိသေးတယ်။ သားအိမ်ပြင်ပမှာ ကိုယ်ဝန်တည်နေရင်၊ ပျက်ရင် ဟော်မုန်းအနည်းအများက ပုံမှန်မဟုတ်နိုင်ဘူး။ အမွှာကိုယ်ဝန်ဆိုလဲ မတူနိုင်ဘူး။

ကိုယ်ဝန်တော့ ရှိနေပြီ၊ ဒါပေမဲ့ ဟော်မုန်းကနည်းနေသေးရင်လဲ စမ်းလို့မသိနိုင်သေးဘူး။ သွေးထဲမှာ အနည်းဆုံး HCG 25-50 mIU/mL ရှိလာမှသာ အပေါင်းပြလိမ့်မယ်။ စစ်ဆေးကိရိယာတချို့က HCG 20 mIU ဆိုရင် အပေါင်းပြမယ်။ တချို့က 100 mIU ရှိမှသာပြတယ်။

သွေးကိုစမ်းသပ်နည်းနဲ့ ဆီးကိုစမ်းသပ်နည်းဆိုပြီး ၂ နည်းရှိပါတယ်။ သွေးစမ်းသပ်နည်းအတွက် အဖြေကို နောက်တရက်အထိ စောင့်ရမယ်။ ဆီးစစ်နည်းကတော့ ၁-၂ မိနစ်သာ စောင့်ရမယ်။

ဆီးကိုစမ်းရင်လဲ မနက်ခင်းသွားတဲ့ဆီးက ပိုသေချာစေနိုင်တယ်။ ရာသီလာရမဲ့ရက်ထက် တပါတ်နောက်ကျချိန်မှာ စမ်းသင့်တယ်။ ကိုယ်ဝန်ရှိတယ်လို့ သံသယရှိနေပြီး စမ်းတော့ အနုတ်သာပြတယ်ဆိုရင် နောက် (၅-၇ ရက်) နေရင် တခါထပ်စမ်းသင့်တယ်။

ဒီစမ်းသပ်နည်းကို အရက်သောက်ထားထား၊ မူးယစ်ဆေးသုံးထားထား အဖြေကို သက်ရောက်မှုမရှိပါ။ ဆီးစစ်နည်းဟာ အနည်းဆုံး ၉၇% မှန်ကန်တိကျတယ်။

Urine pregnancy test ကို ဆေးဆိုင်တွေမှာ အလွယ်ဝယ်လို့ရပါတယ်။ အမျိုးမျိုးလာတယ်။ အချောင်းလေးနဲ့ရှိသလို အပြားလေးရှိတယ်။ အားလုံးလွယ်ကူတယ်။ အဖြေပေးတာလဲ အမျိုးမျိုး။ အရောင်လိုင်းလေး ၂ ကြောင်းပေါ်မယ်။ တမျိုးက အပေါင်း-အနုတ်လို့ ပြမယ်။ တချို့မှာ ကိုယ်ဝန်ရှိ-မရှိလို့ အင်္ဂလိပ်စာပေါ်လာမယ်။

အများသုံးနည်းမှာ အရောင်နဲ့ မျဉ်း ၂ ကြောင်းပြရင် အပေါင်း (ကိုယ်ဝန်ရှိတယ်) လို့ ဖတ်တယ်။ တကြာင်းက မှိန်မှိန်သာ ပေါ်နေရင်လဲ အပေါင်းပဲဖတ်ပါ။ ရက်စောနေလို့၊ ဆီးက ကျဲနေလို့ဖြစ်မယ်။ သေချာအောင် နောက် ၅-၆-၇ ရက်အကြာမှာ တခါထပ်စစ်ပါ။ စမ်းသပ်ကိရိယာ ရက်စွဲ လွန်တာသတိပြုပါ။ မနက်ခင်းဆီးကိုသာစစ်ပါ။ ရာသီလာရမဲ့ရက်ထက် တပါတ် နောက်ကျမှသာစစ်ပါ။

ကလေးရစေအောင်ပေးတဲ့ HCG ထိုးဆေး၊ Thorazine ဆေး၊ Perphenazine စိတ်ဆေး၊ အတက်သက်သာဆေး၊ စိတ်ငြိမ်ဆေးတွေ သောက်ထားရင် မှားပြီးအပေါင်းပြနိုင်တယ်။ စမ်းသပ်ကိရိယာကို ဆပ်ပြာ ထိထားရင်လဲ မှားပြီး အပေါင်းပြနိုင်တယ်။ Trophoblastic tumors အကျိတ်ရောဂါရှိနေရင်လဲအဲလိုဖြစ်နိုင်တယ်။ တချို့မှာ ကိုယ်ဝန် လိုချင်လွန်းလို့ စိတ်စွဲနေရင်လဲ ဖြစ်နိုင်သေးတယ်။ မှားပြီးအပေါင်းပြတာက မှားပြီး အနုတ်ပြတာထက် ပိုနည်းတယ်။

ကိုယ်ဝန်ဖျက်လိုက်သူတွေဆီက မကြာမကြာမေးကြတာရှိတယ်။ ဖျက်ဆေးသောက်ပြီး၊ ဖျက်ချပြီး၊ အလိုလိုပျက်သွားပြီး ဆီးထပ်စစ်တာ အပေါင်းပြနေလို့တဲ့။ ကိုယ်ဝန်အတွက်စစ်ရတဲ့ဟော်မုန်းဟာ ကိုယ်ဝန်ဆက်မြဲနေလည်း အပေါင်းပြမယ်။ ပျက်သွားလည်း ပြနေအုံးမယ်။ ဖျက်ချလိုက်လည်း အပေါင်းဆက်ပြနေပါအုံးမယ်။ စမ်းလို့မရလောက်အောင် နည်းသွားချိန်ရောက်မှသာ အနုတ်ပြပါမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး