IHD နှလုံးသွေးကြောကျဉ်းရောဂါ

ဆရာရှင့် ကျွန်မအမေသည် ဒီဆေးကိုစွဲသောက်လာသည်မှာ ၂ နှစ်ရှိပါပြီ။ တနေ့ကို တခြမ်းနဲ့ ၃ ကြိမ် သောက်ခိုင်းပါသည်။ ကျွန်မမေးလိုသည်မှာ ဒီဆေးသည်ရှေည်စွဲသောက်သင့်ပါသလား၊ ဘာရောဂါအတွက် သောက်ခိုင်းပါသလဲဆိုတာ ဆရာပြန်လည်ဖြေကြားပေးပါရှင့်။

Ischemic Heart Disease (IHD) နှလုံးသွေးကြောကျဉ်းရောဂါဖြစ်စေတဲ့ အဓိကအချက် (၃) ချက်မှာ
၁။ သွေးတိုးရောဂါ 
၂။ ကိုလက်စထရော များခြင်း 
၃။ ဆေးလိပ်သောက်ခြင်းတို့ဖြစ်ပါတယ်။ 

နှလုံးသွေးကြော ကျဉ်းစေသော အခြားအကြောင်းများကတော့
၎။ ဆီးချိုသွေးချိုရောဂါ 
၅။ စိတ်ဖိစီးမှုများခြင်း 
၆။ အဝလွန်ခြင်း 
၇။ လှုပ်ရှားမှုနည်းသော ထိုင်၍ အလုပ်လုပ်ကိုင်ရခြင်းတို့ဖြစ်ပါတယ်။

နှလုံးသွေးကြောကျဉ်း ရောဂါလက္ခဏာများမှာ 
၁။ ရင်ဘတ်အောင့်ခြင်း၊ Heart Attack မရခင် ကြွက်သားတွေ သွေးလုံလောက်စွာ မရကတည်းက ခံစားရတဲ့ ရှေးဦးလက္ခဏာတခုပါ။ အောင့်လိုက် ပျောက်လိုက်နဲ့ ကာလအတော်ကြာ ခံစားလာရပါတယ်။ အောင့်တဲ့ပုံစံက ရင်ဘတ်ပေါ်မှာ အလေးတုံးဖိထားသလို၊ နှလုံးကို ဖျစ်ညှစ်ထားသလို ခံစားရပါတယ်။ ရင်ဘတ်မှာ အောင့်ပြီး ဘယ်ဘက်ပခုံးထိပ်၊ တခါတရံ လက်ဖျားအထိ၊ လည်ပင်းနဲ့ မေးရိုးတွေဆီကိုလဲ နာကျင်မှုဟာ ပျံ့သွားတတ်ပါတယ်။ နောက်ကျောဘက်အောင့်ခြင်းကိုလဲ ခံစားရပါတယ်။ 
၂။ အသက်ရှုခက်ခဲခြင်း။ 
၃။ ချွေးစေးများပျံခြင်း။ 
၎။ ပျို့အန်ခြင်း။ 
၅။ မူးမေ့ခြင်း။ 
၆။ ရင်တုန်ခြင်း။ 
၇။ ခြေဖျားလက်ဖျားများ အေးစက်နေခြင်း။ 
၈။ နောက်ဆုံးတွင် ရုတ်တရက်သေဆုံးခြင်းများ ဖြစ်တတ်ပါတယ်။

ရောဂါစမ်းသပ်စစ်ဆေးချက်များ
• ECG – Electrocardiogram နှလုံးကြွက်သားများအတွင်း ဖြတ်သန်းစီးဆင်းနေတဲ့ လျှပ်စစ်ဓါတ်ကို ပုံဖော် မှတ်တမ်းတင်ထားပေးတာ ဖြစ်ပါတယ်။ Heart Attack ရပြီဆိုရင် ECG ရဲ့ ST အစိတ်အပိုင်းဟာ မြင့်တက်နေနိုင်သလို၊ နိမ့်ကျနေတတ်ပါတယ်။ T wave ပြောင်းပြန်ဖြစ်နေတာကိုလဲ တွေ့ရတတ်ပါတယ်။ (T inversion)။ Attack စရတဲ့ အချိန်ပေါ်မှာ မူတည်ပြီးတွေ့ရတဲ့ လက္ခဏာတွေဟာလဲမတူပါဘူး။ 
• Coronary Angiogram - နှလုံးသွေးကြောများထဲကို ဆေးထိုးပြီး ပိတ်ဆို့နေသော သွေးကြောနေရာကို ရှာဖွေခြင်းဖြစ်ပါတယ်။ 
• Cardiac Markers နှလုံးကြွက်သားတွေ ဒဏ်ရာရမယ်ဆိုရင် Creatine Kinase, Troponin I, Lactate Dehydrogenase isozymes လို့ခေါ်တဲ့ဓါတ်တွေကို သွေးထဲမှာ တွေ့ရှိနိုင်ပါတယ်။ 
• Cardiac Catheterization နှလုံထဲ ပိုက်ငယ်သွေင်းစစ်ဆေးခြင်း။
• Chest X-ray ဓါတ်မှန်ရိုက်ခြင်း၊ 
• Cholesterol ကိုလက်စထရော စစ်ဆေးခြင်း၊ 
• Blood sugar ဆီးချိုသွေးချို စစ်ဆေးခြင်း၊

ဖြစ်ပွားမှုနှုန်း
၁၉၉၂ ခုနှစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ခန့်မှန်းချက်အရ တကမ္ဘာလုံးသေဆုံးမှုများရဲ့ ၁၂.၆% ဟာ နှလုံး သွေးငတ်မှုကြောင့် ဖြစ်ပါတယ်။ ခုခံအားကျဆင်းမှုရောဂါနှင့် အသက်ရှုလမ်းကြောင်းရောဂါများပြီးလျှင် တတိယမြောက် အဖြစ်အများဆုံးရောဂါဖြစ်ပါတယ်။ ကင်ဆာကြောင့် သေဆုံးမှုများထက်ပင် ပိုများပါတယ်။ အမေရိကန် ပြည်ထောင်စုတွင် လူ ၅ ယောက်သေဆုံးလျှင် တယောက်မှာ နှလုံးသွေးကြောရောဂါကြောင့်ဖြစ်ပါတယ်။ ဒီရောဂါဟာ အသက်အရွယ်မရွေး ဖြစ်တတ်ပါတယ်။ အသက်ကြီးလာတာနဲ့အမျှ ရောဂါဖြစ်ဖို့အတွက် အခွင့်အလမ်း ပိုများလာပါတယ်။
ဘယ်လိုလူမျိုးတွေမှာ အဖြစ်များလဲ
၁။ အသက်ကြီးသောသူ။ 
၂။ ယောက်ကျားတွေ။ 
၃။ ဆေးလိပ်သောက်သူ။ 
၎။ သွေးထဲတွင်အဆီဓါတ်များနေသူ။ အထူးသဖြင့် HDL တွေနဲနေပြီး၊ LDL တွေ များနေခြင်းဖြစ်ပါတယ်။ 
၅။ သွေးတိုးရောဂါရှိသူ။ 
၆။ ဆီးချိုရောဂါရှိသူ။ 
၇။ အဝလွန်သောသူ။ 
၈။ ယခင်က နှလုံးသွေးကြောရောဂါရှိဖူး၊ လေဖြတ်ဖူးသူ။ 
၉။ မကြာခဏ ရင်ဘတ်အောင့်လေ့ရှိသူ။ 
၁ဝ။ စိတ်ဖိစီးမှုများသောသူ။ 
၁၁။ သန္ဓေတားဆေးသုံးစွဲနေသော အမျိုးသမီးများ။ 
၁၂။ မိသားစုထဲတွင် သွေးတိုးနှင့် နှလုံးသွေးကြောရောဂါရှိသူများ။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ရောဂါသတ်မှတ်ချက် 
၁။ မိနစ် ၂ဝ ကျော်အောင် ရင်ဘတ်အောင့်ခြင်း။ 
၂။ ECG လှိုင်းများပြောင်းလဲခြင်း။ 
၃။ Cardiac Marker များတွေ့ခြင်း။

အရေးပေါ်ကုသခြင်း
Heart Attack ရတယ်ဆိုတာနဲ့ အရေးပေါ်ကုသမှုတွေလိုအပ်ပါတယ်။ သက်ဆိုင်ရာ ဆေးရုံကိုဆက်သွယ်ပြီး အရေးပေါ်ကားခေါ်ပါ။ ကားမလာခင် အောက်ပါ ပြုစုစောင့်ရှောက်မှုများ လုပ်ပေးနိုင်ပါတယ်။ 
၁။ ခန္စာကိုယ်အနေအထား - အသက်ရှုကောင်းမယ့် သက်တောင့်သက်သာပုံစံမျိုးရှိရပါမယ်။ 
၂။ လေဝင်လေထွက်ကောင်းအောင် အိမ်တံခါးများဖွင့်ခြင်း၊ အင်္ကျီကြယ်သီးများဖြုတ်ပေးပါ။ 
၃။ အောက်စီဂျင်ရှိပါက ပေးပါ။ 
၎။ သွေးခဲခြင်းကို ကာကွယ်ပေးတဲ့ Asprin ကိုတိုက်ကျွေးနိုင်ပါတယ်။ လူနာကဆေးမမြိုချနိုင်ဘူးဆိုရင် လျှာအောက်မှာ ထားပေးနိုင်ပါတယ်။ 
၅။ သွေးကြောကျယ်စေသော Glyceryl Trinitrate ကို ညွှန်ကြားထားပါက လျှာအောက်မှာ ထဲ့ပြီးငုံထားနိုင်ပါတယ်။ 
၆။ လူနာဟာ အသက်ရှုရပ်တန့်သွားမယ်ဆိုရင် CPR -နှလုံး-အဆုပ်အလုပ်လုပ်စေရန် ရှေးဦးသူနာပြုခြင်းလုပ်ပေးပါ။

နောက်ဆက်တွဲဆိုးကျိုးများ
၁။ Heart Failure နှလုံးကောင်းစွာအလုပ်မလုပ်နိုင်တော့ခြင်း။ 
၂။ Cardiogenic Shock နှလုံးအလုပ်မလုပ်သောကြောင့် အင်္ဂါများတွင် သွေးမလုံလောက်ခြင်း။ 
၃။ Arrhythemia နှလုံးခုန် မမှန်ခြင်း။ 
၎။ Pericarditis နှလုံးအမြှေးပါးရောင်ရမ်းခြင်း။ 
၅။ Myocardial rupture သေဆုံးသွားသောနှလုံးကြွက်သားများ ပေါက်ပြဲခြင်း။

လိုက်နာရမည့်အချက်များ
• တိရိစ္ဆာန်အဆီများ၊ အမဲသား-ဝက်သား-ဆိတ်သား၊ ကြက်ဥ၊ မလိုင်ပါ နွားနို့နှင့် နို့ထွက်ပစ္စည်းများ အစရှိသည့် ကိုလက်စထရော ကြွယ်ဝသော အစားအစာများကို ရှောင်၍ ဟင်းသီးဟင်းရွက် အသီးအနှံများ၊ မလိုင်ထုတ်ထားသော နွားနို့၊ ငါး၊ ကြက်ဘဲအသားများ၊ ဂျုံ ပြောင်း လူး ဆပ် ကဲ့သို့အနှံများ စားသုံးပါ
• ဆေးလိပ်သောက်ခြင်းသည် နှလုံးသွေးကြောတွင်း အောက်စီဂျင် ပို့ဆောင်မှုကို အဟန့်အတား ဖြစ်စေသဖြင့် လုံးဝရှောင်ကြဉ်ရန်
• သင့်တင့်သော ကိုယ်လက်လေ့ကျင့်ခန်း လုပ်ဆောင်ရန်
• သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိပါက ရောဂါအတွက် ညွှန်ကြားထားသည်များကို လိုက်နာရန်
• စိတ်ဖိစီးမှုများကို ရှောင်ကြဉ်ရန်။
• ကိုယ်အလေးချိန် လျှော့ချပါ။

ကုသမှုများ
• Nitrates (Nitroglycerin), Betablockers (propranolol, metoprolol.), Calcium channel blockers (Amlodipine, diltiazem) သွေးခဲခြင်းကို ကာကွယ်ပေးသော ဆေးဝါးများ။ 
• Aspirin (Aspilet) သွေးခဲခြင်းကို တားဆီးပေးသောဆေးများ 
• Nitrates (Nitroglycerin), Betablockers (propranolol, metoprolol), Calcium channel blockers (Amlodipine, diltiazem) စသည့် နှလုံးသွေးကြောကျယ်စေရန်နှင့် နှလုံးခုန်နှုန်း၊အောက်စီဂျင် လိုအပ်မှုကို ထိန်းချုပ်ပေးသောဆေးများ
• Statins (Atorvastatin, Simvastatin) ကိုလက်စထရော များနေပါက ကျစေသောဆေးများ
• Stunt ပိတ်ဆို့နေသောသွေးကြောနေရာတွင် စတန့် ထဲ့ခြင်း။ 
• Coronary Bypass နှလုံးသွေးကြောလမ်းလွှဲတည်ဆောက်ခြင်း၊ Angioplasty နှလုံးသွေးကြောချဲ့ခြင်း။
Glyceryl Trinitrate ကို နာမည်အမျိုးမျိုးနဲ့ရောင်းတယ်။ Dilatrate-SR, IMDUR, ISDN Isordil,Tembids, Monoket, Nitrocot Nitroglyn E-R, Nitro-par, Nitro-time, Sorbitrate, Apo-ISDN, Cedocard-SR, Coradur, Coronex, Isordil, Titradose စတာတွေဖြစ်တယ်။

ဘေးထွက်ဆိုးကျိုး = မျက်နှာနီမြန်း၊ ခေါင်းမူး၊ နှလုံးခုန်မြန်၊ ခေါင်းကိုက်၊ ကြာရင် ဆေးတိုးပေးဘို့လို။ တချို့မှာ အန်မယ်။ ဂဏာမငြိမ်ဖြစ်တယ်။ သွေးဖိအားကျပြီး သတိလစ်ချင်ဖြစ်တယ်။ ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်ချိန်မှာ မသုံးရပါ။ အသည်းမကောင်းသူ၊ ကျောက်ကပ်မကောင်းသူတွေ သတိထားသုံးရမယ်။ လည်ပင်းကြီးဟော်မုန်းနည်းသူ၊ အာဟာရချို့တဲ့သူတွေလည်း သတိထားရမယ်။ အရက်နဲ့တွဲမသောက်ရပါ။ 

မြန်မာနိုင်ငံသားတွေ နှလုံးသွေးကြောကျဉ်းရောဂါဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး