20 Rivers in 20 Years အနှစ်နှစ်ဆယ် မြစ်နှစ်ဆယ်
ဒီစာလေးရေးထားတာ ၅ နှစ်ရှိပြီ။ ကျွန်တော်ပုလဲကို အလည်ပြန်ရောက်စဉ်က ကြိုဆိုတဲ့ပုံတွေကို မာလ်တီမီဒီယာဖိုင် လုပ်ပေးကြတယ်။ ကျေးဇူး။ ဒါပေမဲ့ တခုထဲမှာ ကျွန်တော့်သားအကြီးဆုံးက ထောက်လှမ်းရေးလက်ချက်နဲ့ သေဆုံးတယ်လို့ပါတယ်။ အဲတာကို ဖတ်ပြီး ကျွန်တော်ရေးတာလို့ယူဆပြီး အပုတ်ချကြတာတွေ မိုးမွှန်နေတယ်လို့ မိတ်ဆွေတွေက လှမ်းပြောကြတယ်။ မောင်ဝဏ္ဏက ရောဂါနဲ့ ကျွန်တော့်လက်ပေါ်မှာ ဆုံးပါတယ်လို့ ပို့စ်လေးတခု ရေးလိုက်တယ်။ ဖြေရှင်းချက်ဆိုတာ ဖတ်မိသူတွေသာ ဖတ်ရတယ်။ လောကဖြစ်စဉ်ဆိုတာ အဲလိုပဲ။ ကိုယ်ဖတ်မိတာပဲ အမှန်ထင်လေ့ရှိကြတယ်။ စွပ်စွဲခံရခြင်းတိုင်းက မမှန်တတ်ပါ။
• ချင်းတွင်းဘေးမှာလူဖြစ်၊ မူးမြစ်ကို တနှစ်မှာ ဆယ်ခါကျော်ဖြတ်၊
• အရှေ့ရပ်က ဧရာဝတီဘေး၊ မန္တလေးမှာ ဆေးပညာသင်ခဲ့ရသည်။
• ဆရာဝန်ဖြစ် ၁၅ နှစ်အကြာ၊ မြန်မာပြည်မှာ သွေးနဲ့ချွေးတို့စီးဆင်းရာ ဒုက္ခမြစ်ကြီးတစင်း ပေါ်ထွန်းလာ၊
• နိုင်ငံရေးပင်လယ်မှာ ခုန်ချမိ၊ ကနေ့အထိ။
• မဏိပူရ (မြစ်သာ) မြစ်နဲ့ ကုလားတန် (ချင်သုပွေ) မြစ်တွေကို ကျော်ပြီးသကာလ၊
• တရားခံပြေးဘဝ စခဲ့ရတာဟာ ကနေ့အထိပါ။
• ယမုန်နာမြစ်စ်ီးဆင်းရာ ဒေလီမှာသာ၊ အနှစ်နှစ်ဆယ်ကျော်ကြာ၊
• ဂင်္ဂါမြစ်ထဲမှာ မိသားစုထဲက စစ်ထောက်လှမ်းရေးစစ်ဆေးတာ ပဌမဆုံးခံရတဲ့ သားအကြီးရဲ့ အရိုးပြာကို မျှောလိုက်ရပါ။
• ဗြဟ္မပုတ္တရကို အခါခါကျော်ဖြတ်၊ နယ်စပ်ကိုခရီးထွက်၊
• အသက်ရှင်နေသမျှ ဖြတ်ရတဲ့မြစ်အရေအတွက်၊ အစဉ်းနှစ်ဆယ်အထက်။
• သောင်ရင်းမြစ်ကို စုန်ဆန်၊ ကျည်ဆံသံနားစွင့်ပြီး၊ ကရင့်နယ်မြေက အစည်းဝေးများ၊ ညီလာခံများ၊
• ‘ကျောက်ဖယား’ မြစ်၊ ‘ရိုင်း’ မြစ်၊ ‘သိမ်း’ မြစ်၊ သူများနိုင်ငံကမြစ်များလဲ မရေတွက်နိုင်အား။
• ဒုက္ခရစရိယာကျင့်ရာအနားက သုဇာတာ ရွှေခွက်မျောရာ နာရဉ္ဇရာမြစ်ကိုရောက်တာ ဘယ်နှစ်ခေါက်မှန်းမသိ၊
• သာဝတ္ထိအနားမှာ မပဒါ ပရိဒေဝမီး လောင်မြိုက်တဲ့မြစ်အနား၊ သံဝေဂပွါးခဲ့ဘူးပါသည်။
• ရေတို့မည်သည် မြင့်ရာမှ နိမ့်ရာသို့သာ စီးဆင်းသည်ဟု ဖခင်ပြောစကား ကြားယောင်နေမိ၊
• မြန်မာပြည်ကမြစ်တွေဆီ ပြန်ရောက်ရလိုပါ၏။ (တချို့ဆီကို ပြန်ရောက်ခဲ့ပါ၏။)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment