ကျောပိုးအိတ်

ဆရာခင်ဗျာ ကျနော့်ဆရာမနဲ့ ကျနော် တခုအငြင်းပွားနေရပါတယ်ခင်ဗျ။ အခြားမဟုတ် ကျနော်က ကျောပိုးအိတ်ကို ဂျောပိုးအိတ်ဟုသာ အသံထွက်ခေါ်ပါသည်။ သူမက ကျောမှကျော ဖြစ်နေပါသည်။ ထို့ကြောင့် ကျနော် ဥပမာတခု ပေးလိုက်ပါသည်။ စံပယ်ကို ဇဘယ်ဟုသာ ထွက်ပြီး ရေးတော့အမှန် ဖတ်တော့အသံဟု ပြောသော်လည်း လုံးဝ လက်မခံပါဆရာ။ ဘယ်ဟာက အမှန်ဆိုတာ သိလိုပါသည်ခင်ဗျာ။ နယ်ကလူမို့ ထိုအသံထွက်နှင့်သာ ကျနော် နှုတ်ကျိုးခဲ့သည်လည်း ဖြစ်နိုင်သည်မို့ ဆရာဖြေကြားပေးစေလိုပါသည်ခင်ဗျာ။

အသံထွက်နည်းဆိုတာ ကျယ်ပြန့်တယ်။ ရှေ့စာလုံး နောက်စာလုံးနဲ့ အဆင်ပြေတာကို ထွက်ရတာလည်းရှိတယ်။ အင်္ဂလိပ်စာမှာလည်း အဲလိုပဲ။

ကျောပိုးအိတ်မှာ ဂျောသံထွက်လေ့မရှိပါ။ ဂျောပိုးတယ်၊ ဂုံပိုးတယ်လို့တော့ ရှိတယ်။ ဂုံးတိုက်တယ်၊ ဂုံးချောတယ်လို့ ရှိတယ်။ ကလေးတွေကိုဖြစ်ဖြစ် ရင်းနှီးတဲ့သူငယ်ချင်းတွေကိုဖြစ်ဖြစ် ပြောသလိုနောက်သလိုတော့ ကျောကို ဂျောသံ ထွက်ကြတယ်။ ရောဂါအကြောင်းဆိုရင် ကျောကို ဂျောသံထွက်မိရင် ရောဂါအမည်တပ်တာ မှားနိုင်တယ်။

ကြီးတော်ကို ဂျီးတော်သံထွက်တယ်။ တကြောင်းတဂါထာကို တဂျောင်းတဂါထာ၊ ကြမ်းပိုကို ဂျပိုး၊ သူဋ္ဌေးသူကြွယ်ကို သဋ္ဌေးသဂျွယ်၊ နိဂြောဓါရုံမှာ ဂြောသံထွက်ရတယ်။ ဥပမာတွေ စဉ်းစားကြည့်လေပေါ်လာလေ။

ရေးတော့အမှန် ဖတ်တော့အသံထုံးနည်းကို တလွဲသုံးနေကြတာလည်း မကြာခဏတွေ့တယ်။ ခေါင်းကိုက်တယ်ကို ဂေါင်းကိုက်တယ်လို့သာပြောပါတယ်။ တစ်ခါတစ်ရံလို့ ပလီပြီးရေးထားတာကို တခါတရံအသံထွက်ခိုင်းတာ မမှန်ပါ။

စပယ်ကို စံပယ်လို့ ပြင်ခိုင်းတာ မမှန်ကြောင်း ထပ်တင်ထားတယ်။ စပယ်ပန်းလို့ရေးပြီး၊ ဇဘယ်ပန်း၊ ဇဗယ်ဘန်းလို့ ပြောတာ မှန်တယ်။ စံပယ်လို့အသံထွက်ရင် စံပါယ်တော်မူသည်လား စဉ်းရတယ်။ တချို့က စဘယ်၊ စပယ်လို့ အသံထွက်ကြတယ်။ အဲတာ စကားမပီသူမဟုတ်ရင် သူများတွေက ကိုယ့်ကို ဂရုစိုက်အောင်အသံထွက်တာ။ ချွဲသလို ခယာသလိုပြောတာသာဖြစ်တယ်။ နွဲ့တယ်လို့ပြောကြတယ်။ ညုတာလို့ ခေါ်တယ်။

စကားသံတွေမှာ နယ်အလိုက် ကွဲတာမျိုးရှိတယ်။ နယ်တွေနဲ့ မြို့ကြီးတွေ၊ အညာသား အောက်သား မတူကြပါ။ ပညာလို စာလို မှန်ကန်တာကိုရွေးတဲ့အခါ ဘက်မလိုက်ရပါ။ တော်တဲ့တတ်တဲ့ လူကြီးသူမတွေ အရင်ကထုတ်ထားတဲ့စာအုပ်တွေကို ကိုးကားတာကသာ ပိုပြီးမှန်ကန်နိုင်တယ်။ ကျွန်တော်လည်း မှားနိုင်တယ်။

တောင်တန်းပြာနဲ့ ကျောပိုးအိတ်ကို နားထောင်ကြည့်ပါ။ မူလအဆိုတော်တင်တင်မြဆိုတဲ့လင့် မတွေ့သေးလို့ပါ။

တောင်တန်းပြာနဲ့ ကျောပိုးအိတ် - ရွှေယမင်းဦး https://www.youtube.com/watch?v=3uGGpCQXjg0
တောင်တန်းပြာနဲ့ ကျောပိုးအိတ် https://www.youtube.com/watch?v=oEdvz72JTtE

ဒေါက်တာတင့်ဆွေ
၂၆-၇-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ