ကံဟူသည်

ကံတရား၊ ကံကြမ္မာ၊ ကံကောင်းသည်၊ ကံဆိုးသည်၊ ကာယကံ၊ မနောကံ၊ ဝစီကံ၊ ကုသိုလ်ကံ၊ အကုသိုလ်ကံလို့ ရှိတယ်။ ကျွန်တော် တရားစာရေးမှာ မဟုတ်ပါ။ ရေးသားလောက်သည်အထိ မသိပါ။

ကံဆိုတာ အလုပ်လို့ ပြောဟောရေးသားကြတယ်။ ကံဆိုတာ မလုပ်တာလည်းပါတယ်လို့ ပြောပါရစေ။

ကံ၊ စိတ်၊ ဥတု၊ အာဟာရဆိုတဲ့ အကြောင်းလေးပါးလို့ ပြောကြတယ်။ အကြောင်းကြောင့် အကျိုးရစေတယ်လို့ ဟောကြတယ်။

ဆရာဝန်က ဒါတွေရှောင်ပါလို့ အကြံပြုတယ်။ လိုက်မလုပ်ခြင်းအကြောင်းတရားကနေ မကောင်းကျိုးဆက်ရစေနိုင်တယ်။ အဲလိုလူမျိုးတွေ မနည်းပါ။ အဲတာ သူတို့ရဲ့ ကံတရားလား။

တုပ်ကွေးရာသီမှာဖြစ်ဖြစ် ဝမ်းလျှောဝမ်းပျက်သူရှိတဲ့မိသားစုကိုဖြစ်ဖြစ် လက်ကိုမကြာခဏဆေးပါလို့ အကြံပေးတယ်။ လက်မဆေးပဲနေခြင်း ဒါမှမဟုတ် မလုပ်ခြင်းဟာ သူ့ရဲ့ ကံတရားလား။ အတူတူပဲ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းကို ဆရာဝန်ညွှန်ပေမဲ့ မလုပ်ပဲနေတာလည်းပါတယ်။ သူတို့ရဲ့ မလုပ်ခြင်းတည်းဟူသောကံတရား။

မလုပ်ခြင်းကြောင့် ကောင်းကျိုးရနိုင်တာတွေရှိတယ်။ ဆေးလိပ်မသောက်ခြင်း၊ အရက်မသောက်ခြင်း။ အဲတာလည်း သူတို့ ကံတရားပဲ။

လုပ်သင့်တာကို လိုက်မလုပ်သူတွေမှာ ရောဂါထူကြတယ်။ မိဘတွေက စာသင်မပေးနိုင်လို့ဖြစ်ဖြစ် ကိုယ်တိုင်က စာကို စိတ်မဝင်စားလို့ဖြစ်ဖြစ်ကြောင့် အသိနည်းခြင်း၊ ပညာနည်းခြင်းကံပါလာကြတယ်။

ခိုင်မာရေရာတာကို သဘောမတွေ့ဘဲ ကြော်ငြာကောင်းတာကိုသာ စိတ်ဝင်စားကြခြင်းလည်း အတူတူပဲ။ သူတို့ကံ။

ကံဟူသည် အလုပ်။ ကံဟူသည် လုပ်သင့်တာကို မလုပ်ခြင်းလည်းဖြစ်၏။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ