ပျူစာ၏ ဇာတ်သိမ်းခန်း

ရေးတာတခုတွေ့တယ်။ လူငယ်တွေ မြန်မာဘုတ်အုပ်စာ မဖတ်တာ ကောင်းတယ်တဲ့။

ကျွန်တော်ငယ်စဉ်က စာအကုန်ဖတ်ခဲ့တယ်။ အကုန်ဆိုတာ လက်လှမ်းမီတာသာပြောတာပါ။ အကိုကြီးက စာအုပ်တွေ လိုက်ရှာဝယ်ပြီး စုဆောင်းထားတာ ထင်ရှူးသေတ္တာကြီးနဲ့ ၄-၅ လုံးရှိတယ်။ (၁ဝ) ပြားတန် ဗားမားစတား၊ (၂၅) ပြားတန် မော်ဒန်ကာတွန်း၊ ပြား (၆ဝ) တန် ရွှင်ပျော်ပျော်အစ၊ (၁) ကျပ်တန် သောကြာ၊ သင့်ဘဝ၊ (၂) ကျပ်တန် မဂ္ဂဇင်းအစုံ၊ အောင်လင်း၊ တက္ကသိုလ်ဘုန်းနိုင်၊ ဒဂုံရွှေမျှား၊ ပီမိုနင်း၊ ရွှေဥဒေါင်း၊ ကိုင်ရိုဗေဒင်။ ရွေးဖတ်တာလို့တော့ ပြောမရပါ။ ရှိတာသာ ဖတ်တာပါ။

သံရုံးအားလုံးက အခမဲ့ပို့ပေးတဲ့ စာအုပ်အကုန်လည်းဖတ်တယ်။ အဲတာမှာ ကျွန်တော်ကမှ ဘက်မလိုက်အစစ်။ စစ်အေးခေတ်မှာ လက်ဝဲရော၊ လက်ျာပါဖတ်တယ်။ အစိုးရဝါဒဖြန့် စာအုပ်မှန်သမျှ ဖတ်ပါတယ်။ ကွန်မြူနစ်စာဆိုတာ ပြေးမလွတ်ပါ။ စာရေးဆရာ ကဗျာဆရာတိုင်းလိုလိုဟာ မနီရင် စာလို့မထင်တဲ့ခေတ်ကို ကောင်းကောင်းကြီး မီလိုက်တယ်။ ကွန်မြူနစ် ချစ်ရကောင်းမှန်းတော့ မသိပါ။ ကွန်မြူနစ်ဆန့်ကျင်ရေး လူထုအောင်သံကို (၆) ခါထက်မနည်း ကြည့်ဖူးတယ်။ ကွန်မြူနစ် မုန်းရကောင်းမှန်း မသိခဲ့ပါ။

(ဖဆပလ) ခေတ်မှာ ရွေးကောက်ပွဲမဲဆွယ်တဲ့ အဝါကာတွန်း၊ အနီလုံးချင်း ဖတ်ရတယ်။ သာသာရေးမှာ တရားဝင်ဂိုဏ်းကြီး (၉) ခု မတိုင်ခင်ကတည်းက ဂိုဏ်းအစုံက စာအစုံ ဖတ်ခဲ့ရတယ်။

ဖတ်ဖူးတာ ကြွားနေတာတော့မဟုတ်ပါ။ လူငယ်တွေဟာ ခေတ်ကနေ သင်ပေးတာခံကြရတယ်။ (မဆလ) ခေတ်မှာတော့ ရွေးစရာ မရှိခဲ့ပါ။ စစ်အစိုးရတွေက အမှန်တွေကို အမှားပြင်ရေးတာတွေသာ ဖတ်စေခဲ့တယ်။ သတ်ပုံကအစ ပြင်ခိုင်းတယ်။ အခုထိ အဲတာသာ အတည်ဖြစ်နေတယ်။

အဲဒီမြေဆီပေါ်မှာ အဲလိုမြေသြဇာနဲ့ ကြီးလာသူတွေက အခုဆို မြန်မာစာဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အယ်ဒီတာတွေ ဖြစ်လာကြပါတယ်။

မြစေတီကျောက်စာထဲက မြန်မာစာလည်း ပျူစာဇာတ်သိမ်းခန်းလို ဖြစ်တော့မလား။

ဒေါက်တာတင့်ဆွေ
၂၇-၇-၂ဝ၁၆
၂၇-၇-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ