မြသန်းတင့် မှားသလား

မြသန်းတင့် မှားသလား (၁)

စစ်နှင့်ငြိမ်းချမ်းရေး ၆ နှင့်စပ်လျဉ်း၍

အကြင်မိန်းကလေးသည် ဆယ်ကျော်သက်အရွယ်ဖြစ်သည်။ သူမသည် နုနယ်သည်။ ငယ်လည်း ငယ်မျစ်သည်။ ချစ်လည်း ချစ်စရာကောင်းသည်။

ရွှေဝါပိတ်ရှင်း၊ ထည်ချင်းစံပယ်၊ နံ့ကြွယ်လှိုင်ကြူ၊ မဉ္စူမျက်မည်း၊ ဖော်ထပ်စည်းနှင့်၊ မရည်းမထင်၊ ဖြုတ်ချည်းမြင်က၊ နတ်ပင်ရိုးမှား၊ ဝိုးဝါးတွေးချွတ်၊ စိတ်လုံးညွှတ်ဖွယ်လည်းကောင်းသည်။

ထုံးမြရွက်နှင့်၊ လိုက်ဖက်တင့်မှတ်၊ ကိုယ်ဝတ်တော်မှာ၊ မလ္လာရနံ့၊ မွှေးပျံ့ကြိုင်ရွှင်း၊ ပယင်းရွှေရည်၊ ပွတ်လဲ့ကြည်သို့၊ မြရည်ကြောစိမ်း၊ လဲ့လဲ့ရှိန်းမျှ၊ ခပ်သိမ်းကလျာ၊ ရှုဘွယ်သာလျှင်၊ သိင်္ဂါလျှံတောက်၊ လက်ကောက်လက်ကြပ်၊ ရည်လျှပ်ဆံကျင်၊ မျှမဆင်လည်း၊ တိုင်းပင်တင့်မှတ်ရသော လှခေါင်ထွတ်တဦးလည်းဖြစ်သည်။့

လှခေါင်ထွတ်တစ်ဦးတည်း မဟုတ်ကြောင်းပါ။

မြသန်းတင့် မှားသလား။ အာဏာရမြန်မာစာဆရာကြီးတွေက မှားတယ်တဲ့။

ဒေါက်တာတင့်ဆွေ

မြသန်းတင့် မှားသလား (၂)

စစ်နှင့်ငြိမ်းချမ်းရေး ၈ နှင့်စပ်လျဉ်း၍
စာဖတ်သူတို့သည် ဤစစ်နှင့်ငြိမ်းချမ်းရေးဝတ္ထုကြီးထဲ၌ စစ်၏ကြောက်ဖွယ်သဘာဝကို မြင်ကြရလိမ့်မည်။ စစ်လူတန်းစား၏ အမူအကျင့်တို့ကို တွေ့ကြရလိမ့်မည်။ စစ်၏သားကောင်များသရုပ်ကို ဖတ်ရှုကြရလိမ့်မည်။
စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးသည် စစ်နှင့်စစ်လူတန်းစားကို စွဲဆိုလိုက်သော စွဲချက်ကြီးတခုဖြစ်သည်ဟု ကမ္ဘာကျော် အင်္ဂလိပ်စာရေးဆရာကြီး အီး၊ အမ်ဖောစတားက ရေးခဲ့၏။

အီး၊ အမ်ဖောစတားက ပြောသကဲ့သို့ စစ်နှင့်ငြိမ်းချမ်းရေး ဝတ္ထုကြီးသည် စွဲချက်ကြီးတရပ်ဟုဆိုလျှင် ထိုဝတ္ထုကြီးထဲတွင် ဖော်ပြထားသည့်စစ်ပွဲများသည် ရာဇဝတ်မှုကြီးများဖြစ်ကြရပေလိမ့်မည်။ ထိုဝတ္ထုကြီးထဲတွင် ပါဝင်လှုပ်ရှားကြသည့် နပိုလီယန်၊ အလက်ဇန်းဒရားအမှူးပြုသော စစ်လူတန်းစားတရပ်လုံးသည် တရားခံများဖြစ်ကြရပေလိမ့်မည်။့

စွဲချက်ကြီးတစ်ရပ်လို့ မရေးခဲ့တဲ့၊ စစ်လူတန်းစားတစ်ရပ်လုံးသည်လို့ မရေးခဲ့တဲ့ ဆရာမြသန်းတင့် သတ်ပုံမှားပါသလား။ ဆရာမြသန်းတင့်ရဲ့ ခန်းဆောင်နီအိပ်မက်အပါအဝင် နောက်ထုတ်စာအုပ်တွေထဲမှာတော့ တစ်တွေနဲ့သာ ရိုက်နှိပ် ထုတ်ဝေထားပါတယ်။

ဆရာမြသန်းတင့် သတ်ပုံမှားပါသလား။ အာဏာရမြန်မာစာဆရာကြီးတွေက မှားတယ်တဲ့။

ဒေါက်တာတင့်ဆွေ

လူထုဦးလှနဲ့ ရွှေကိုင်းသား မှားသလား

လူထုဦးလှစာအုပ်ကို ရွှေကိုင်းသားကနေ အမှာစာရေးပေးပါတယ်။

သတင်းစာဟူသည် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာလောကကြီး၏ တနေ့အဖို့ ရာဇဝင်ပင်ဖြစ်ပေသည်။ ထို့ကြောင့် လွန်လေပြီးသော မှတ်စုမှတ်တမ်းများထက် ကျွန်ုပ်တို့အဖို့ ယနေ့သတင်းပေးသော သတင်းစာက ပို၍ အရေးရောက်လေသည်ဟူ၍ အက်(ပ) ဘီဆန်သွန် ဆိုသူက ဆိုဘူးလေသည်။

၎င်းကို ရှုထောင့်တထောင့်မှနေ၍ သတင်းစာသည် တိုင်းပြည်အဖြစ်အပျက် ကမ္ဘာ၏အဖြစ်အပျက်များကို နေ့စဉ် ဖေါ်ပြလျှက်ရှိရာ ယခုကာလအဖြစ်အပျက်တို့သည် နောင်အနှစ်တရာလောက်ကြာသောအခါ သတင်းအဖြစ်မှ ရာဇဝင် အဖြစ်သို့ရောက်ရှိပြီး သတင်းစာဖိုင်တွဲကို ရာဇဝင်စာအုပ်အဖြစ် ဖတ်ရှုကြရပေလိမ့်မည်ဟု အချို့က တနည်းတဖုံ အဓိပ္ပါယ်ဖွင့်ပြကြပေသေးသည်။

သတင်းစာသည် ကမ္ဘာလောကကြီး၏ တနေ့အဖို့ ရာဇဝင် သို့မဟုတ် ယနေ့သတင်းတပုဒ်သည် နက်ဖြန်တွင် ရာဇဝင် မှတ်တမ်းတစောင်အဖြစ်သို့ ကူးပြောင်းသွားနိုင်သည်ဟုဆိုလျှင် ယခု လူထုဦးလှ စီစဉ်စုပေါင်း ထုတ်ဝေလိုက်သော ရှေးဟောင်း မြန်မာသတင်းစာကောက်နှုတ်ချက်များသည် တကဲ့ရာဇဝင်မှတ်တမ်းတင်စာစောင်အဖြစ်ဖြင့် ချွင်းချက်မရှိ လက်ခံရပေမည်။ အဘယ့်ကြောင့်ဆိုသော် ယင်းသည့် သတင်းစာကောက်နှုတ်ချက်များသည် မနေ့တနေ့က ထုတ်ဝေထားသည့် မျက်မှောက်ခေတ်သတင်းစာများမဟုတ်ဘဲ လွန်ခဲ့သည့်အနှစ် ၉ဝ အတွင်းက ထုတ်ခဲ့သည့် မြန်မာဂေဇက်သတင်းစာ (မြန်မာ ၁၂၃၃။ ခရစ် ၁၈၇၁-၇၂)၊့

မှတ်ချက် - တစ်နေ့အဖို့ မဟုတ်။ ရှုထောင့်တစ်တောင့်မှနေ၍ မဟုတ်။ အနှစ်တစ်ရာလောက်ကြာသောအခါ မဟုတ်။ တစ်နည်းတစ်ဖုံ မဟုတ်။ တစ်နေ့အဖို့ မဟုတ်။ မှတ်တမ်းတစ်စောင်အဖြစ်သို့ မဟုတ်။ တစ်ကဲ့ရာဇဝင်မှတ်တမ်းတင် မဟုတ်။ မနေ့တစ်နေ့က မဟုတ်။

လူထုဦးလှနဲ့ ရွှေကိုင်းသား မှားသလား။ အာဏာရမြန်မာစာဆရာကြီးတွေက မှားတယ်တဲ့။

ဒေါက်တာတင့်ဆွေ

ဒေါ်အမာ မှားသလား

တနေဝင်လို့ တနေထွက်ယင် သေဘက်ကို တရက်နီးတာပဲရယ်လို့ဆင်ခြင်တယ်။့

ခုအသက်ဘယ်နှစ်နှစ်ပြည့်ပြီ စသဖြင့် တယောက်ကိုတယောက် အသိပေးပြီး ဥပုသ်စောင့်တယ်။ ဆွမ်းလောင်းတယ်၊ ဆွမ်းကပ်တယ်။ ဒီလိုလုပ်တာပါပဲ တခါတလေ သားသမီးတွေတောင် သူတို့အမေအဖေ့မွေးနေ့ကို သတိမထားလိုက်မိပါဘူး။့

တစ်နေဝင်လို့ တစ်နေထွက်ယင်မဟုတ်လို့၊ တစ်ယောက်ကိုတစ်ယောက် အသိပေးပြီးမဟုတ်လို့၊ တစ်ခါတစ်လေ သားသမီးတွေတောင်မဟုတ်လို့ ဒေါ်အမာသတ်ပုံမှားပါသလားခင်ဗျား။

ဒေါ်အမာ မှားသလား။ အာဏာရမြန်မာစာဆရာကြီးတွေက မှားတယ်တဲ့။

ဒေါက်တာတင့်ဆွေ

ဖတ်ခဲ့ရတဲ့ မှတ်တမ်း တခု

ကျွန်တော်တို့ခေတ်က မှတ်တမ်းတခုဖတ်ရတယ်။ နောက်လူတွေကတော့ မှတ်တမ်းတစ်ခုသာ ဖတ်နေကြတယ်။ ဆောရီး။

အာဏာရမြန်မာစာဆရာကြီးတွေက ကျွန်တော်တို့ဖတ်တာ မှားတယ်တဲ့။



ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး