မဖြေခဲ့သော စာမေးပွဲများ

နိုင်ငံရေးထဲက မိတ်ဆွေတဦးက မေးပါတယ်။

ဆရာ။ စကားမစပ် ဆရာတို့အရင် ၉၀ခုနှစ်အမတ်ဟောင်းတွေကို DASSK ကဖြစ်စေ NLD ကဖြစ်စေ လက်ခံတွေ့ဆုံ အားပေးတာမျိုးလုပ်သေးလားဆရာ။ ဘာဖြစ်လို့မေးတာလဲဆိုတော့ အမှောင်ကျနေတဲ့ကာလကြီးတလျှောက်လုံး ဆရာတို့ အဝေးရောက်တွေရဲ့ လေလှိုင်းပေါ်ကအသံတွေဟာ ဒီမိုကရေစီလိုလားသူတွေအတွက် တအားဖြစ်ခဲ့လို့ပါ။ ဒါကို အသိအမှတ်ပြုချင်စိတ်နဲ့ မေးတာပါ။

မေးတာအတွက် အလွန်ကျေးဇူးတင်တယ်။ ဖြေရမှာ အားနာတယ်။ မေးတဲ့သူကိုတော့ မဟုတ်ပါ။ သူများတွေပြောတာ ကြားရသလောက် ထောင်ကျခြင်းနဲ့ ပြည်ပထွက်ပြေးခြင်းကို အမှတ်ပေးတာ မတူပါတဲ့။ ကျွန်တော်တို့က ၄ဝ% မရ။ ကျ။ Smile!

ကျွန်တော် စာမေးပွဲ နှစ်ခါကျဖူးပြီ။ ကိုးတန်းအောင်တော့ ဒီအက်စ်အေ ၁၁ ကိုသွားဖြေတယ်။ ကိုယ်လက်ကြံ့ခိုင်ရေး စစ်တာ၊ စစ်မြေပုံဖတ်တာတွေ အောင်တယ်။ အောင်တဲ့သူတွေကို စိတ်ကျန်းမာရေး စစ်တယ်။ အဲတာလည်း အောင်တယ်။ အောင်တဲ့သူတွေကို ဆေးစစ်တယ်။ အောင်ပြန်ရော။ နောက်ဆုံးမှာ အောင်စာရင်းထွက်တယ်။ ကျတယ်။ မဖြေရပဲ ကျတာ။

ပြည်ပမှာ ၂၄ နှစ်ကြာ ကျောင်းတက်တယ်။ အတော်တော့ ကြိုးစားခဲ့တာပဲ။ ကျွန်တော်တို့တတွေလုပ်ခဲ့ကြတာ ပါ မပါ မသိပါ။ ပြည်တွင်းမှာ အပြောင်းအလဲတွေဖြစ်လာတယ်။ ကိုးဆယ်ကတည်းက အတူလုပ်ကိုင်ခဲ့သူတချို့ တာဝန်တွေ ယူနိုင်လာကြတယ်။ ကောင်းတယ်။ အဲဒီအချိန်မှာ အထက်ကမေးသလိုတွေ မေးလာကြတယ်။ ကျွန်တော် မဖြေခဲ့သေးပါ။ အခုလည်း တိုတို။ မေးခွန်းက အားဖြစ်စေတာ အမှန်ပါ။

၂၇ နှစ်ခွဲအကြာမှာ ပြည်တွင်းကို အလည်ပြန်လာနိုင်တယ်။ လူဟောင်းတွေထဲက အလွန်ရင်းနှီးသူတွေနဲ့ ပြန်တွေ့ရတာ အပြန်အလှန် နှစ်ထောင်းအားရ ရှိလှတယ်။ အခုထိ ကျေနပ်နေတယ်။

ကျွန်တော် စာမေးပွဲလျှောက်လွှာ မထင်ခဲ့တာလည်းပါမယ်။ လျှောက်လွှာခေါ်တာ မသိလိုက်။

မဖြေတဲ့စာမေးပွဲတိုင်းကျနေတာကတော့ ကံမကောင်းသေးလို့။ ကံအတွက် အချိန်ယူရတော့မယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

ခဲ့သည်ရှိသော်

DSA အောင်ခဲ့လို့ စစ်ဗိုလ်ချုပ်ကြီးဖြစ်ခဲ့လျှင် ဆရာ ဘယ်လိုစိတ် ဘယ်စာတွေ ဘယ်လိုတွေရေးမလဲ သိပါရစေဆရာ

ကျွန်တော်လည်း မှန်အောင် မမှန်းတတ်။ ဗိုလ်ချုပ်ကြီးလည်းဖြစ်ကောင်းဖြစ်မယ်။ ဝန်ကြီးလည်း ဖြစ်ကောင်းဖြစ်မယ်။ ဦးပိုင်မှာ ဆရာကြီးနေရာလည်း ရနိုင်တယ်။ ဝန်ကြီးဖြစ်တော့ သူများတွေက ပြောင်းဖူးအူတိုင်နဲ့ပေါက်တာလည်း ခံရနိုင်တယ်။ ခြင်္သေ့ဂိုဏ်းတခုခုထဲမှာ ရာထူးကြီးကြီးမျှော်နေသူလည်းဖြစ်နိုင်တယ်။ ခရိုနီတွေ အမျိုးထဲရောက်လာမယ်။

ကိုယ့်ကိုသင်ပေးလိုက်တာလွဲရင် ဖွဲလို့သာ ထင်နေမယ်။ အရပ်သားတွေကို ဆန်ကွဲလို့သာ မြင်နေမယ်။ စာတွေ ဖတ်ဖြစ်လည်း သိတာကိုရေးဘို့ ကြောက်နေမယ်။ အင်တာဗျူးရဲတဲ့သတ္တိ ရှိမှာမဟုတ်။ သူရဘာညာတော့ ရထားတယ်။

အသက်မသေရင်တော့ သူဌေးဖြစ်မှာသေချာတယ်။ မဲသဝေါတိုက်ပွဲမှာ ကျသွားနိုင်တယ်။

ဒေါက်တာတင့်ဆွေ
၂၉-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး