မေ

နွေတနွေရဲ့ ရေမြေတောတောင်
ရွှေအိုရောင်နေ့လည်ခင်း ဝေ့လည်ရင်းသက်ပြင်းခြွေ
ရွက်ဝါတွေ နွေသစ်စမှာ ကြွေပစ်ကြမစဲပေ
ကဲလေ ကဲလေ
ငိုနေတဲ့ သစ်ရွက်တွေဟာ အို မေရဲ့ချစ်မျက်ရည်လား
ကြည့်လိုက်စမ်းနွေ ကြည့်လိုက်စမ်း မေရေ

နွေလာပြီဆို
ဆီး၍ကြိုမလား ဆီး၍ငိုမလား
မေစဉ်းစားလေ
နှလုံးသားမှာ ဖုံးထားပေမယ့်
အရှုံးများပွေတဲ့ အတိတ်နယ်ဟာ
မေ့အတွက်တော့
ဟင် အရိပ်သဖွယ်
ဆိတ်ကွယ်ရာမရှိတဲ့ ကမ္ဘာပေ

ဒါတွေကို မေသိရက်နဲ့
မေ့ရှိတဲ့အလှဂုဏ် ဓနဂုဏ်
တော်ဝင်ဂုဏ်တွေကလည်း
ပျော်ဝင်ပုံတွေ မှားခဲ့လေသလား
တရားနဲ့သာ ဖြေပေတော့ မေရေ
တွေးလေ တွေးလေ ဝေးနေတဲ့ အမှန်တရား
မေ့ထံပါးမှာ ရှိနေတာဆို ဘာဆိုဘာမှ
ဟင် မေ့ဘဝမှာ အကောင်းကိုရှာသော်ငြား
အကောင်းကား ရှာမတွေ့ဖြစ်နေ
အချစ်တွေ အချစ်တွေကြားမှာ
အချစ်ဆုံးကိုတွေ့ပေမယ့် အချစ်တွေမဆုံးနိုင်တဲ့ မေပါလေ

တကယ်တော့ မေဟာလေ
တော်ရာမှာ နေသင့်ပါလျက်
ပျော်ရာမှာ လေလွင့်လျက်သာ
အဲဒါတွေခက်တာပေါ့မေ အဲဒါတွေခက်တာပေါ့မေ
တနွေမှ တနွေကူးလို့ ကြွေဖူးတဲ့ရွက်ဝါလေးတွေသာ
နွေဆိုတာ ကြောက်ချင် ကြောက်မည်
မေဆိုသည်ကတော့ ထောက်မမီတဲ့ဘဝပင်လယ်မှာ
ကျင်လည်စွာ အချစ်ဆိုတဲ့လှေကလေးနဲ့
တိတ်တဆိတ်ကူးဖြတ်ရင်းပင် မထူးဇာတ်ခင်းချင်တဲ့
ပတ်ဝန်းကျင်ရဲ့ လှိုင်းပုတ်ချင်စရာ ကမ်းခြေလေးတစ်ခု
ဖြစ်မှန်းမသိ ဖြစ်တည်ခဲ့တာ ခေတ်မီသတဲ့လား
ခေတ်မီသတဲ့လား မေ

အို မေရယ် မေရယ်လေ
ပန်းနုရောင် ခေတ်တခေတ်ကို
အချစ်ဖြင့်ထူထောင်မယ်ဆို
ပူလောင်တဲ့ ဟိုအတိတ်ဘဝကို
နဂိုစိတ်က မေ့မရတာနဲ့
တွေ့သမျှကို ချစ်နေတာဟာ
မေ့ဘဝကိုနှစ်နေတာနဲ့ တူမနေဘူးလား
မေတခုတွေးဆလေ
မကြွေလုသေးသမျှ ပန်းကလေးဘဝမှာတော့
လေနုအေးက တနွဲ့နွဲ့နှော့နေဆဲကို
မေ။

ဝတ္ထု - ဒဂုန်တာရာ
တေးရေး - အလွမ်းသီချင်းရေးတဲ့ မောင်ကျော်ဇော
တေးဆို - ခင်ညွန့်ရည်
ဂီတမှူး - စန္ဒရားတင်ဝင်းလှိုင်

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ