Asthma ပန်းနာမေးခွန်း

ဆရာရှင့် သမီးက အခြေခံကျန်းမာရေးဝန်ထမ်းတယောက်ပါရှင့် တာဝန်ကျဒေသမှာ asthma လူနာတွေ တော်တော် များများ တွေ့ရပါတယ်ရှင့် ဆရာရေးသားတဲ့ asthmaအကြောင်း စာတွေရှာဖတ်ပါတယ်ရှင့် အသက်ရှုလမ်းကြောင်းကျယ်စေတဲ့ဆေးတွေက နှလုံး မကောင်းသူကို ဝါးကူထိုးသလိုဖြစ်တယ်ဆိုလို့ Bronchial asthma နဲ့ Cardiac asthma ခွဲနည်းလေး သင်ပြပေးစေလိုပါတယ်ရှင့်။

အင်္ဂလိပ်လိုအခေါ်မှာ Asthma လို့အတူခေါ်တဲ့ ရောဂါ ၂ မျိုးရှိတယ်။ အများဆုံးတွေ့ရတဲ့ အဆုတ်ပန်းနာနဲ့ နည်းတဲ့ နှလုံးပန်းနာ။

Cardiac asthma နှလုံးပန်းနာရဲ့ လက္ခဏာတွေ
အသက်ရှူရခက်မယ်။ ဒါပေမဲ့ အသက်ရှူသံမှာ Wheeze သံ ထွက်ချင်မှသာထွက်မယ်။ ချောင်းဆိုးမယ်။ အသက်ရှူတာမြန်ပြီး တိမ်တယ်။ သွေးဖိအားတက်နေမယ်။ နှလုံးခုန် မြန်နေမယ်။ စိုးရိမ်နေမယ်။

Cardiac asthma နှလုံးပန်းနာဆိုတာ နှလုံးရဲ့ ဘယ်ဘက်ခြမ်းမှာ သွေးထုတ်ပေးနိုင်စွမ်းနည်းနေတာဖြစ်တယ်။ အဲတာကြောင့် သူနဲ့ဆက်နေတဲ့ အဆုတ်ထဲမှာ သွေးထုထည်ရှိသင့်တာထက် ပိုများနေတယ်။ Pulmonary oedema အဆုတ်ရေမွမ်းခြင်း အဆုတ်ဖိအားများခြင်းလို့ခေါ်တယ်။

အဆုတ်ပန်းနာလူနာတွေက မနက်ပိုင်းမှာပိုကျပ်ကြပြီး နှလုံးပန်းနာက ညပိုင်းမှာ ပိုဆိုးတယ်။ နှလုံးပန်းနာက ထိုင်နေမှ နည်းနည်းသက်သာတယ်။ ခြေခြင်းဝတ်နေရာ ရောင်နေတာများတယ်။ ကိုယ်အလေးချိန်တိုးတယ်။ အမြဲလိုလိုမောနေမယ်။ ဆီးမကြာခဏသွားမယ်။

Bronchial asthma အဆုတ်ပန်းနာ
ကောင်းနေလိုက် ကျပ်လိုက်ဖြစ်တယ်။ ဖြစ်ရင် စီစီ စီစီသံနဲ့ အသက်ရှူမယ်။ လူနာတဦးခြင်းအလိုက် ရင်ကျပ်စေတဲ့ အကြောင်းခံတွေရှိကြတယ်။ မတူပါ။ ဥပမာ အေးတဲ့ရာသီ၊ ကိုယ်လက်လှုပ်ရှားခြင်း၊ အသက်ရှူလမ်းပိုးဝင်ခြင်း၊ စိတ်ဖိအားများခြင်း၊ အလာဂျင် ခေါ် မတည့်တာနဲ့ ထိတွေ့ခြင်း ဥပမာ ပန်းဝတ်မှုံ၊ မသန့်တဲ့အရာတွေ၊ ဆေးလိပ်မီးခိုး။  မတည့်တာကို စားသောက်မိခြင်း၊ အဲတာမှာ တယောက်နဲ့တယောက် မတူကြပါ။ သူများတည့်တာကို ကိုယ်မတည့်၊ သူများမတည့်ပေမဲ့ ကိုယ်တည့်လို့ရှိတယ်။ သူများတွေရှောင်ခိုင်းတိုင်း လိုက်ရှောင်ဖို့မလိုပါ။ တချို့ အိမ်သုံးဆေးတွေကနေ ပန်းနာထစေတယ်။ အလုပ်ရုံစက်ရုံက အထိအတွေ့နဲ့ အနံ့တွေကနေလည်း ပန်းနာထနိုင်တယ်။

အဆုတ်ပန်းနာထချိန်မှာ ရင်ထဲကျပ်နေမယ်။ အသက်ရှူခက်မယ်။ ချောင်းဆိုးမယ်။ စီစီ စီစီသံထွက်မယ်။

Asthma (1) ပန်းနာ (၁) https://doctortintswe.blogspot.com/2014/11/asthma-1.html
Asthma (2) ပန်းနာ အဆက် https://doctortintswe.blogspot.com/2014/11/asthma-2.html
Asthma News ပန်းနာအတွက် အကြံပြုချက် https://doctortintswe.blogspot.com/2017/12/asthma-news.html

ဒေါက်တာတင့်ဆွေ
၁ဝ-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး