တပ်လှန့်သံ

တခေတ်မှာ တဘုရင်
စစ်အာဏာရှင် ဗိုလ်နေဝင်းတဲ့
တို့တတွေရဲ့ သေမင်းပါပဲ
အလောင်းတွေခင်း ခေါင်းတွေနင်းပြီးတော့
သေမင်းက အဘခေါ်ရအောင်
ရက်စက်ပြခဲ့တယ်။

တိုင်းရင်းသားတွေ အပေါ်မှာလည်း
အရိုင်းမင်းတပါးလို ကျင့်ကြံ
တာတေလန် ဖက်ဆစ်
ဆိုးညစ်ပေ့ ကမ်းကုန်
လမ်းမျိုးစုံ သောင်းကျန်း
ပေါ်တာထမ်း မလျော်ရာစခန်း
ဘော်ဒါလမ်းက တရွေ့ရွေ့
မရွေ့ရင် မီးရှို့
သင်းတို့တတွေ ထင်ရာစိုင်း
ရိုင်းသမျှခံရတယ်။

အများအကျိုးအတွက်
တအားကိုးရမယ် မှတ်ပါ့
အစိုးရဆိုတာ သူခိုးဓားပြထက်
ဆိုးလှပါတကား လို့
တို့များအမြင်မှောက်
အထင်ရောက်ခဲ့ရပါတယ်။

ပြည်ထောင်စုသမိုင်းမှာ
ဒီကောင်လောက် ရိုင်းတာရှိမယ်မထင်ဘူး။

ပြည်ထောင်စုသား မျိုးမစစ်တဲ့
သူခိုးညစ်စစ်ဘုရင်
ဗိုလ်နေဝင်းရဲ့ တပည့်တပန်းတွေကို
အမြစ်အရင်းမကျန်တွန်းလှန်မှ
တို့တိုင်းပြည်အမှန်လှမှာမို့
မြန်မာတိုင်းရင်းသားအပေါင်း
လွတ်ကြောင်းအမှန်
ခွပ်ဒေါင်းအလံ လွှင့်ကြစို့။

ပြည်သူတွေ တခဲနက်
ညီညွတ်မှု လက်နက်နဲ့
ရက်မဆွဲဘဲ လက်တွဲတိုက်ပွဲဝင်ကြစို့။

သင်းတို့တရက်အသက်ရှည်ရင်
ငါ့တို့အတွက် အသက်သေပြီ
ရတက်ပွေ အခက်ဝေလိမ့်မယ်။

ရက်မရှည်ကြစေဖို့
လက်တွေဆန့် တပ်လှန့်မောင်းထုတ်ကြပါစို့။ ။

တင်မိုး
၂၈/၁၁/၂၀၀၁
အမေရိကန်/ဖလော်ရီဒါ/ရေကြည်အိုင်အရပ်
(အိပ်မက်တိုင်းပြည် ကဗျာစာအုပ်မှ)

ဆရာတင်မိုးရဲ့ကဗျာတပုဒ်ကို ဆရာမောင်စွမ်းရည်က သူရေးတဲ့လက်ရေးမူကဗျာတပုဒ်နဲ့အတူ တွဲပို့ပေးတယ်။ ကျေးဇူးပါဆရာ။

ဆရာတင်မိုးရဲ့ကဗျာပေါင်းချုပ်စာအုပ်ကြီးတအုပ်ထုတ်။ တတွေကို တစ်လုပ်ပြီးပြင်ထားလို့ လက်တလုံးစာပိုထူသွားတယ်။ အော့့် လုပ်ရက်ကြပေ။

ဒေါက်တာတင့်ဆွေ
၁၃-၇-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး