Kinwun Mingyi ကင်းဝန်မင်းကြီး

ဒီစာကို Thant Myint-U စာမျက်နှာက ရယူထားတာဖြစ်ပါတယ်။ ကျေးဇူး။ ကျွန်တော့်ပို့စ်မှာ ကူးယူအသုံးပြုချင်လို့ မူရင်းစာထဲက တစ်တွေကိုတော့ တအဖြစ် ပြင်လိုက်ပါတယ်။ ဆောရီး။

(စ) ယနေ့သည် ကင်းဝန်မင်းကြီး (၁၈၂၂ ဖေဖော်ဝါရီလ ၃ - ၁၉ ဝ၈ ဇွန်လ ၃ဝ) ၏ မွေးနေ့ဖြစ်၏။ ကင်းဝန်မင်းကြီး (ဦးကောင်း) သည် ၁၈၇ဝ ပြည့်နှစ်လွန်နှင့် ၁၈၈ဝ အစောပိုင်းကာလ၌ ဗမာပြည် (မြန်မာပြည်) ၏ ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်တဦး ဖြစ်ခဲ့သည်။ ပညာရှိသုခမိန်တဦးသာမက သံတမန်တဦးဖြစ်သည့် ကင်းဝန်မင်းကြီးသည် သမိုင်း၊ ဥပဒေသိပ္ပံနှင့် စာပေကျမ်းဂန်များစွာကို ပြုစုရေးသားခဲ့သည်။

ထိုခေတ်ကာလ ရွယ်တူမျိုးဆက်များကဲ့သို့ပင် ကင်းဝန်မင်းကြီး၏မျှော်မှန်းချက်မှာ စနစ်ဟောင်းနှင့်စနစ်သစ်တို့ထံမှ အကောင်းဆုံးများကိုယူကာ ရောနှောပေါင်းစပ်ထားသည့် ခေတ်မီဖွံ့ဖြိုးတိုးတက်ပြီး လွတ်လပ်သောမြန်မာနိုင်ငံ ဖြစ်ပေသည်။ နောက်ဆုံးပေါ် နည်းပညာနှင့် အတွေးအခေါ်များကို ပြည်တွင်းသို့ တင်သွင်းရန်နှင့် တချိန်တည်းမှာပင် ရာစုနှစ်ပေါင်းများစွာ အဓွန့်ရှည်တည်တံ့ခဲ့သော ယဉ်ကျေးမှုအစဉ်အလာများကို ဆက်လက်ထိန်းသိမ်းကာကွယ်ရန် လိုလားခဲ့၏။

၁၈၇၁ ခုနှစ်တွင် ဘုရင်မှ ဥရောပသို့ ပထမဦးဆုံးစေလွှတ်သည့် သံတမန်အဖွဲ့ကို ကင်းဝန်မင်းကြီး ဦးဆောင်ခဲ့သည်။ ထိုသံအဖွဲ့သည် ယူကေ၊ ပြင်သစ်နှင့် အီတလီနိုင်ငံတို့တွင် ရက်သတ္တပတ်အတော်ကြာ ကုန်ဆုံးခဲ့ပြီးနောက် ကမ္ဘာ့ဇာတ်ခုံတွင် မြန်မာနိုင်ငံ၏အခြေအနေ၊ စက်မှုလုပ်ငန်းများထွန်းကားခြင်းကြောင့် အင်အားကြီးထွားလာစပြုနေသော အနောက်အရပ်နှင့်ယှဉ်လျှင် မြန်မာနိုင်ငံ၏ အားနည်းချက်၊ နိုင်ငံတိုးတက်ခေတ်မီရေးအတွက် အလျင်အမြန် ဆောင်ရွက်ရန် လိုအပ်နေမှုတို့ကို နားလည်သဘောပေါက်မှုကြီးစွာဖြင့် နေရပ်သို့ပြန်လာခဲ့ကြသည်။

၁၈၇၈ ခုနှစ်တွင် မင်းတုန်းမင်းကြီး နတ်ရွာစံသောအခါ ကင်းဝန်မင်းကြီးနှင့် အပေါင်းအပါများသည် အုပ်ချုပ်မှုစနစ် အလုံးစုံပြုပြင်ပြောင်းလဲရေးနှင့် နိုင်ငံ့စီးပွားရေး အလျင်အမြန် ဖွံ့ဖြိုးတိုးတက်ရေး နှစ်ရပ်အတွက်သာ ရည်ရွယ်ချက်ထားကာ ပြုပြင်ပြောင်းလဲလုပ်ငန်းရေးလုပ်ငန်းများ ဆက်တိုက်အကောင်အထည်ဖော်ရန် တွန်းအားပေးနိုင်ခဲ့သည်။ ဥရောပ၌ ပညာသင်ကြားခဲ့သူအချို့ ပါဝင်ခဲ့သည့် ၁၈၇၈ ခုနှစ် မြန်မာအစိုးရသည် မြန်မာ့သမိုင်းတွင် ပညာအတတ်ဆုံးသော အစိုးရအဖွဲ့များထဲမှ တဖွဲ့ဖြစ်ခဲ့သည်။

၁၈၈ဝ ပြည့်နှစ် ရှေးရိုးစွဲများ၏ခေါင်းမာမှု၊ ဆုတ်ယုတ်လာသော နိုင်ငံတွင်းစီးပွားရေးအခြေအနေ၊ ကချင်တောင်တန်းနှင့် ချင်းနယ်စပ်ဒေသတလျှောက်တွင် မငြိမ်မသက်ဖြစ်မှု၊ ဗြိတိသျှတို့၏ သွေးထိုးလှုံ့ဆော်မှု၊ အစိုးရအဖွဲ့အတွင်း ဂိုဏ်းဂဏကွဲမှု စသည်တို့ အားလုံးကြောင့် ပြုပြင်ပြောင်းလဲရေးအစီအစဉ်သည် တဖြည်းဖြည်းအားနည်းသွားပြီး နောက်ဆုံးတွင် ပျက်စီးခြင်းကိန်းသို့ ဆိုက်လေတော့သည်။

လူအများက ဦးကောင်းလိမ်ထုတ် သီပေါပြုတ်ဟူ၍ ဘုရင်နန်းကျခြင်းအတွက် ကင်းဝန်မင်းကြီးအား အပြစ်ပုံချကြသည်။ သို့သော် မြန်မာနိုင်ငံလွတ်လပ်ရေးကို ထိန်းသိမ်းနိုင်မည့် လက်တွေ့ကျသောနည်းလမ်းကို ရှာဖွေရန် အားသွန်ခွန်စိုက် ကြိုးစားခဲ့သူမှာ ကင်းဝန်မင်းကြီး တဦးတည်းသာလျှင် ဖြစ်၏။ ၁၈၈၅ ခုနှစ်တွင် ဗြိတိသျှ နယ်ချဲ့တို့ မုချ ဝင်ရောက်တော့မည်ကို ကင်းဝန်မင်းကြီး သိရှိသည့်အခါ မြန်မာနိုင်ငံကို ဗြိတိသျှအိန္ဒိယ၏ တစိတ်တပိုင်းအဖြစ် ထားရှိသော်လည်း မြန်မာမင်းသားအသစ်တဦး ခန့်အပ်အုပ်ချုပ်သည့် အထိန်းသိမ်းခံနိုင်ငံအဖြစ် ရပ်တည်နိုင်ရန် ညှိနှိုင်းတောင်းဆိုခဲ့ပါသေးသည်။

ကင်းဝန်မင်းကြီးသည် သူ့ကမ္ဘာကြီး တစမကျန် ပျက်ယွင်းသွားသည်ကို ရင်နာစွာဖြင့် မျက်မြင်ကြုံတွေ့သွားရသည်အထိ အသက်ရှည်ခဲ့ပြီး ၁၉ ဝ၈ခုနှစ်တွင် ကွယ်လွန်အနိစ္စရောက်ရှိခဲ့လေသည်။ (ဆုံး)

ဆရာမြသန်းတင့်၊ ဆရာနေဝင်းမြင့်တို့ကလည်း ရေးကြတယ်။ ဦးကောင်းမျိုးဆက်အနေနဲ့ ရေးသားပြုစူသူအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်။ ကျွန်တော်ရေးတာလည်းရှိတယ်။

1. Family Tree ဆွေစဉ်မျိုးဆက် https://doctortintswe.blogspot.com/2017/11/family-tree.html
2. Kinwunmingyi U Kaung ကင်းဝန်မင်းကြီးဦးကောင်း https://doctortintswe.blogspot.com/2015/08/kinwunmingyi-u-kaung.html
3. U Kaung ကင်းဝန်မင်းကြီး ဦးကောင်း https://doctortintswe.blogspot.com/2016/12/u-kaung.html

ဒေါက်တာတင့်ဆွေ
၂-၂-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Burmese Proverbs စကာပုံများ (က)