သင်ပုံးကြီးနိုင်မှ အတန်းတက်ရမယ်
လွန်ခဲ့တဲ့ လေးနှစ်တိတိကစာ။
ကျွန်တော်က ကျန်းမာရေ အမေး-အဖြေတွေ တင်နေသည်။ တယောက်ကရေးလာတယ်။ အေးချမ်းလုံခြုံဘို့ အရေးကြီးနေပါတယ်။ ဒါတွေ ခဏဆိုင်းပေးပါ။ ကျေးဇူးပါ။ မန္တလေးလုံခြုံမှုအခြေအနေ ဆိုးနေပါတယ်။ fb သတင်း စောင့်ကြည့်နေရပါတယ်။
နောက်တယောက်ရေးပါတယ်။ ဆရာရေ လတ်တလောတော့ စိတ်ညစ်စရာတခုက မန္တလေးသတင်း။ ဆူပူအုံကြွပြီဟေ့ဆို တုတ်ဆွဲဓါးဆွဲတာ ဘာကြောင့်လဲ စဉ်းစားမရဘူး။ အခြေနေမှန်ကိုရှာပြီး မဖြေချင်ဘူး။ မင်းမဲ့စရိုက်ဆန်ဆန်တို့ ဘာသာရေး ခုတုံးလုပ်ပြီး အကြမ်းဖက်တဲ့ လူတစုကြောင့်တို့ သတင်းခေါင်းကြီးပိုင်း ရေးတာတွေ မဖတ်ချင်တော့ဘူးဆရာ။ သတင်းစာမှာ အဲလိုခေါင်းကြီးပိုင်းတွေရေးဖို့ လွတ်ပေးထားတာဆိုတာ နားမလည်ကြဘူး။
ကျွန်တော် ဆယ်တန်းဖြေချိန်ကို သတိရတယ်။ မုံရွာ စတိတ်ဝမ်းကျောင်းသွားဖြေရတယ်။ ကျောင်းက ဈေးသစ်နဲ့ ကပ်နေတာ။ စာမေးပွဲဖြေနေတုန်း လမ်းပေါ်မှာဈေးရောင်းသူတွေအော်သံ၊ အသံချဲ့စက်သံတွေ ကြားနေရတယ်။ ကျွန်တော် အပြင်ကအသံတွေကို မကြားချင်ယောင်ဆောင်ဖို့ ကြိုးစားရပါတယ်။ ၃ နာရီမေးခွန်း။ ဆယ်တန်းစာမေးပွဲ ဖြေနေတဲ့ကျောင်းသားအဖို့ တခြားသူတွေ ဘာဖြစ်နေနေ အဲဒီ ၃ နာရီဟာ သူ့ဘဝအတွက် ဒိထက်အရေးကြီးတာ မရှိပါ။
တချိန်ထဲမှာ ဈေးရောင်သူတွေအဖို့ အဲဒီနေ့ရောင်းကြေးရရေးထက် အရေးကြီးတာမရှိပါ။ မုံရွာဆေးရုံမှာ အသက်လု ကုသနေရတဲ့လူနာနဲ့ သူ့ကိုကုသပေးနေကြတဲ့ ဆရာဝန်-ဆရာမတွေအဖို့ သူတို့အတွက်တော့ အရေးအကြီးဆုံးအချိန်။ ချင်းတွင်းမြစ်ဆိပ်သွား ငါးမျှားနေသူလည်းရှိမယ်။ ရေချိုးခန်းထဲ သီချင်းအော်နေသူရှိမယ်။ သူတို့နဲ့ ကိုယ်နဲ့ မဆိုင်။
သူငယ်တန်းစာ သင်ပုံးကြီးသတိရပြန်တယ်။
မောင်ကဆိုသူ ကနေမယ်။ မောင်နဆိုသူ ယောင်ပေပေ။ မောင်အခင်မြာ ဘာတွေဖြစ်မှန်းမသိ။ မောင်ရက ရတာယူနေတယ်။ မောင်ဝဆိုသူ ပိုထောလာတယ်။ မောင်စက စမီးရှို့ပြီး မောင်ထက ထကြွသောင်းကျန်းနေတယ်။ မောင်ခသည်ကား မင်းခယောက်ျားသာဖြစ်၏။
သင်ပုံးကြီးနိုင်မှသာ အတန်းတက်ရပါလိမ့်မယ်။ နေမကောင်းလို့မေးတာတွေကို ဘယ်မှာဘာဖြစ်နေနေ ကျွန်တော် နေကောင်းရင် ဖြေပါတယ်။
ဒေါက်တာတင့်ဆွေ
၎-၇-၂ဝ၁၈

Comments
Post a Comment