Clomiphene Citrate ကလေးမရနိုင်သူများအတွက်ဆေး



ဆရာရှင့် ကျွန်မအသက်က ၂၄ ပါ။ အိမ်ထောင်ရှိပါတယ်။ ကလေးတစ်ယောက်ရှိပါတယ်။ ကလေးက ၄ နှစ်ပါ။ ကလေး ထပ်ယူဖို့ကြိုးစားနေတာပါ။ ဆရာပို့ပေးတဲ့ link တွေကဝင်ကြည့်လို့မရဘူးဖြစ်နေတယ်။ တားဆေးမသောက်တော့တာ ၈ လလောက်ရှိပြီ။ ဘာမှထူးမလာဘူး။ OG သွားပြဖို့ဆိုတာလည့်း့ မှာရောက်နေတော့ အဆင်မပြေပါဘူး။ ကျွန်မ သိချင်တာက မျိုးဥကြွေဆေးဝယ်သောက်သင့်ပါသလား။ ဘယ်လိုဆေးမျိုးပါလဲ။ ဒီမှာဝယ်လို့ရနိုင်ပါ့မလား။ အမွှာကိုယ်ဝန် လိုချင်လို့ ဘယ်လိုလုပ်သင့်ပါသလဲ။ ပထမကိုယ်ဝန် ခွဲမွေးထားလို့ နောက်ကိုယ်ဝန်ရောခွဲမွေးရမှာလား။ ပထမကိုယ်ဝန်က အသက်ငယ်လို့ ခွဲမွေးလိုက်တာပါ။ ဘယ်နှစ်ခါခွဲမွေးလို့ရပါသလဲ။ ကျွန်မက ကလေးအများကြီးလိုချင်လို့ပါ။ စာကိုဆုံးအောင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်ရှင့် ဆရာကျန်းမာပါစေ။

ဗိုက်ခွဲမွေးတာကို အများဆုံး ၃ ကြိမ်လုပ်ပါတယ်။ တခါခွဲမွေးရတိုင်း နောက်ကိုယ်ဝန်ကိုလဲ ခွဲရမယ်တော့မရှိပါ။ အမွှာကို တမင်ဖန်တီးဘို့ ခက်ခဲလွန်းပါတယ်။ လင့်ခ် တွေက အရင်ပျက်သွားတဲ့ဘလော့ခ်က ဖြစ်မယ်ထင်တယ်။ ဒီ ဘလော့ခ် http://doctortintswe.blogspot.com/ အသစ်ထဲမှာရှာနိုင်ပါတယ်။ မျိုးဥကြွေဆေး စာတပုဒ်ပို့လိုက်ပါတယ်။ 

Clomifene ဆေးကို ၁၉၆ဝ ကတည်းက သုံးနေခဲ့တယ်။ အရင်ကတော့ ရာသီသွေး နည်းတဲ့သူတွေကိုသာ ပေးတယ်။ အခုနောက်ပိုင်းမှာ ကလေးရအောင် လုပ်နည်းအတွက် အတော်များများ သုံးနေကြပြီ။ Clomiphene Citrate ကို Clomid, Fertomid, Milophene, Serophene ဆိုတဲ့ နာမည်တွေနဲ့ ရောင်းတယ်။ Selective estrogen receptor modulator (SERM) လို့ ခေါ်တယ်။ 

အမျိုးသမီးတွေကိုပေးရင် မျိုးပွါးရာမှာ မရှိမဖြစ်လိုအပ်တဲ့ မ-မျိုးဥ ထွက်စေအာင် လှုံ့ဆော်အားပေးတယ်။
ရာသီတလရဲ့ အစောပိုင်းရက်တွေမှာ ၅ ရက်ဆက်တိုက် သောက်စေတယ်။ ၃ လကနေ ၆ လအထိ ပေးတတ်တယ်။
ဆေးသောက်ရသူအတွက် အတိအကျ လိုအပ်မဲ့ Dose ဆေးအဆကို ပြောမရလို့ ဆေးကို နောက်ပိုင်းမှာ တိုးတိုး ပေးရတတ်တယ်။ Dose ကိုသိလာရရင် အဲဒီ Dose အတိုင်း ၃ လဆက်ပေးမယ်။ ၆ လနေလို့မှ ကိုယ်ဝန်မတည်ရင်တော့ ဒီနည်းနဲ့ မရနိုင်ဘူးလို့ ပြောနိုင်ပြီ။

သဘာဝနည်းနဲ့ကလေးယူဘို့မှာ မျိုးဥမထွက်တဲ့အမျိုးသမီးတွေကိုဆေးပေးနည်း
50 mg တလုံးကို နေ့တိုင်း ၅ ရက်သောက်ရမယ်။ ၃ လကြိုးစားလို့ မျိုးဥမထွက်သေးရင် 100 mgs ကို နေ့တိုင်း ၅ ရက်၊ နောက် ၃ လပေးမယ်။ ရာသီစလာတဲ့နေ့ရဲ့နောက် ၃-၄-၅ ရက်မှာ စသောက်ပါ။ ၅ ရက် ဆက်တိုက်သောက်ပါ။ 100 mgs ထက်ပို ပေး-မပေး ဆွေးနွေးနေဆဲဖြစ်တယ်။

ဆေးကို မနက်မှာ သောက်ရင် ၅ ရက်လုံး မနက်မှာ သောက်ပါ။ နောက်ကျသွားရင်လဲ သတိရတာနဲ့ ချက်ချင်းသောက်ပါ။ တရက်နောက်ကျရင် ဆေး ၂ လုံး တခါတည်း သောက်ပါ။ မျိုးဥထွက် မမှန်သူ နဲ့ မျိုးဥ လုံးဝမထွက်သူတွေကိုပေးရင် ၈ဝ% မျိုးဥထွက်မယ်။ ဆေးကုတာ ၉ လရှိသူတွေထဲက ၇ဝ-၇၅% ကိုယ်ဝန်ရတယ်။ သဘာဝ အမျိုးသမီးတွေထက် ကလေး ပျက်ကျနှုန်း ပိုတော့များတာ အရင်က တွေ့ရတယ်။ နောက်ပိုင်း အဲလို မဟုတ်ပါဘူးလို့ ပြောလာတယ်။

Clomiphene therapy နည်းကြောင့် ကိုယ်ဝန်ရရင် ၅-၈% မှာ အမွှာတွေ ဖြစ်မယ်။ ပုံမှန်အမွှာဆိုတာ ၁-၂% သာရှိတယ်။ Twins ကလေး ၂ ယောက်တွဲသာ ဖြစ်ပါမယ်။ Triplets ဆိုတာ ရှာမှရှား ဖြစ်နိုင်တယ်။ ဆေးက ကလေးကို ဒုက္ခမပေးပါ။
ကလေးရအောင် လိုအပ်သေးတဲ့ Estrogen ဟော်မုန်း အနည်း-အများလဲ မှန်နေရမယ်။ ဦးနှောက်ထဲက ဟော်မုန်းတွေ ထွက်ရာ Pituitary gland ကလည်း မှန်မှန် အလုပ်လုပ်နေဘို့လိုပါတယ်။ သူ့ခင်ပွန်းကလဲ ကလေးရနိုင်သူ ဖြစ်ရပါမယ်။

ဘေးထွက်ဆိုးကျိုးတွေ = Ovarian hyperstimulation နည်းနည်းသာဖြစ်ရင် မျိုးဥအိမ်ကကြီးလာမယ်။ ဗိုက်အောင့်မယ်။ အလတ်စားဆိုရင် ပျို့ချင်-အန်ချင် ဖြစ်မယ်။ ဆိုးဝါးသူတွေမှာ အသက်ကို အနရာယ်ပေးနိုင်တယ်။ မျက်နှာတွေ နီမြန်းမယ်။ စိတ်တိုမယ်။ ခေါင်းကိုက်မယ်။ သားအိမ်အဝက ချွဲတွေ စေးပြစ်လို့ သုတ်ပိုးအလွယ်နဲ့ ဝင်မရဖြစ်နိုင်တယ်။ ဒါ့ကြောင့် ဆေးသုံးနိုင်တယ်။ လိုအပ်ရင် သုတ်ပိုးကို သားအိမ်ထဲထည့်ပေးရမယ်။ ရင်သားတွေ တင်း-နာမယ်။ မျက်စိဝေဝါးနိုင်တယ်။ ရှားရှားပါးပါး ဆံပင်ကျွတ်မယ်။ အားယုတ်မယ်။ အိပ်ရေးပျက်မယ်။

ကလေးမရသေးတဲ့စုံတွဲတွေ ဆေးစစ်တာတွေ စုံအောင်လုပ်ရမယ်။ ကျန်းမာရေး ရာဇဝင် ကျကျနနယူမယ်။ ကိုယ်ကာယ စစ်ဆေးမှုတွေ လုပ်မယ်။ Semen analysis သုတ်ပိုးစစ်ဆေးမယ်။ Pituitary, Thyroid, and Adrenal function ဟော်မုန်းထွက်ရာတွေ အကုန်စစ်မယ်။ Endometriosis သားအိမ်ရောဂါ မရှိတာစစ်မယ်။ ယောက်ျားမှာလဲ အပြစ်ကင်းနေမှသာ Clomiphene ဆေးနည်းသုံးတာဟာ စိတ်ချရတဲ့ နည်းလမ်းကောင်းလို့ သတ်မှတ်တယ်။ Clomifene ဆေးကို အားကစားလောကမှာ သုံးကြတယ်။ မသုံးရလို့ World Anti-Doping Agency က သတ်မှတ်ထားတယ်။

In vitro fertilization (IVF) or Gamete intrafallopian transfer (GIFT) နည်းပညာတွေသုံးပြီး မျိုးဥကို များစေ-ပွါးစေအောင် လုပ်ရသေးတယ်။ ဒီဆေးကနေ အဲလို အပြင်မှာ မျိုးစပ်ပြီးနောက် Intrauterine insemination or Artificial insemination သူ့ သားအိမ်ထဲ သန္ဓေကို လာထည့်ပေးခံမဲ့ မျိုးဥထွက် မမှန်သူ အမျိုးသမီးအတွက်လဲ အကျိုးရှိစေတယ်။
Clomiphene ဆေးကို တခြားဆေးတွေနဲ့လဲ တွဲပေးတတ်တယ်။ အမျိုးသမီးလူနာက အလွန်ဝပြီး Polycystic Ovary Syndrome (PCOS) ရောဂါလဲရှိနေသူဖြစ်ရင် ကိုယ်အလေးချိန်ကို အရင် ချခိုင်းရမယ်။ Body mass index (BMI) ကျစအောင် အစားရှောင်နည်းနဲ့ လေ့ကျင့်ခန်းလုပ်ခိုင်းမယ်။ မရသေးရင် Insulin metabolism ကို ပြင်တဲ့ဆေး ပေးရမယ်။

ဆေးပေးပြီး အမျိုးသမီးရဲ့ မျိုးဥထွက်တာ၊ မျိုးဥရဲ့ အရည်အသွေးတွေကို စမ်းသပ်စစ်ဆေးတာကို Clomiphene challenge test ခေါ်တယ်။ ဆေးကနေ မျိုးဥအိမ်က ထွက်ပေးနေတဲ့ (FSH) ဟော်မုန်းကို အားပေးလိမ့်မယ်။ ဆေးပေးပြီးနောက်ရက်မှာ သွေးထဲက FSH က အရင်လို ပုံမှန်ကိုပြန်ကျသွားတယ်ဆိုရင် (နော်မယ်) လို့ပြောနိုင်တယ်။ တကယ်လို့ မြင့်မားနေမယ်ဆိုရင်တော့ ဒီအမျိုးသမီးဟာ Ovarian reserve မျိုးဥအိမ်အလုပ် နည်းနေတယ်။ ဒီလို အမျိုးသမီးက Donor eggs သူများ လှူထားတဲ့ မျိုးဥကို သုံးရတော့မယ်။

Clomiphene ဆေးကို ယောက်ျားတွေအတွက်လဲ သုံးတယ်။ သုတ်ပိုး နည်းနေသူတွေအတွက် ကောင်းစေမယ်။ ဒါပေမဲ့ ဘာကြောင့် ကလေးမရနိုင်မှန်း မသိသူတွေကိုတော့ ဒီ Clomiphene ဆေးက ကိုယ်ဝန်ရစေမယ်လို့ မပြောနိုင်ဘူး။ Insemination procedure အပြင်ကနေ သုတ်ပိုးထည့်ပေးခံမဲ့ အမျိုးသမီးကို မျိုးဥတွေ ပွါးများလာအောင် လုပ်ပေးရာမှာ အထိရောက်ဆုံး ဖြစ်တယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး