2015 Syndrome အမတ်ရောဂါ ဆင်ဒရုမ်း

(ဆင်ဒရုမ်း) ဆိုတာ ရောဂါလက္ခဏာအစုအဝေးကို ခေါ်ပါတယ်။ ဥပမာ မွေးရာပါကလေးရောဂါ (ဒေါင်း-ဆင်ဒရုမ်း) နဲ့ (အေအိုင်ဒီအက်စ်)။

၂ဝ၁၅ ရောက်တော့မယ်။ “နောက်နှစ်မှာ ဝက်သက်ရောဂါ ကပ်ရောဂါအသွင်ဖြစ်နိုင်တယ်” လို့ ဂျာနယ်တခုမှာ မနေ့က တွေ့လိုက်ပါတယ်။ ဒီကျန်းမာရေးမှန်းဆချက်သာမှန်ရင် ကြီးမှဝက်သက်ပေါက်မဲ့သူတွေများလိမ့်မယ်။ ဆေးပညာစာရေးမှာ မဟုတ်ပါ။

ပြီးခဲ့တဲ့အပတ်မှာ NLD ဗဟိုကော်မတီအစည်းအဝေးမှာ ပါတီဥက္ကဋ္ဌကနေ “အမတ်ရောဂါမထကြပါနဲ့” လို့ ပြောလိုက်တယ်။ ဆရာဝန်ဖြစ်ပြီး နိုင်ငံရေးလဲလုပ်နေတဲ့ ကျွန်တော်က အမတ်နဲ့ရောဂါ နှစ်မျိုးလုံးနဲ့ တိုက်ရိုက်ပတ်သက်နေပါတယ်။ ၁၉၉ဝ တုံးက အမတ်တော့တရားဝင်ဖြစ်ခဲ့ပေမဲ့ အမတ်အလုပ်လုပ်ခွင့်မရခဲ့ပါ။ တရားဝင်အစိုးရ ဖွဲ့ခွင့်မရလို့ ဘာတာဝန်မှ မယူခဲ့ရပေမဲ့ ကိုယ့်ဖါသာ စဉ်ပြိုင်အစိုးရဖွဲ့ပြီး တာဝန်တွေယူခဲ့ပါတယ်။ ရောဂါတွေကို ကုသပေးတာ၊ ဆေးပညာစာတွေ ရေးတာနဲ့ ကျန်းမာရေးအမေး-အဖြေ လုပ်ပေးနေပါသေးတယ်။ အဲတော့ (အမတ် + ရောဂါ) ဆိုတာကို ကျွန်တော် အတော်သိပါတယ်။

၂ဝ၁၅ အတွက် NLD မှာ ရောဂါလက္ခဏာတွေ မသိသာလှသေးပါ။ ကြိုတင်ကာကွယ်ရေးတော့ လုပ်ပါရစေ။ ၁၉၉ဝ တုံးက စစ်ကိုင်းတိုင်း၊ ပုလဲမဲဆန္ဒနယ်မြေနှစ်ခုလုံးမှာ ကျွန်တော်တို့ အမတ်လုပ်ချင်ပါတယ်လို့ ပြောလာသူမရှိခဲ့ပဲ၊ ဦးသန်းစိန်နဲ့ ကျွန်တော့ကို ကိုယ်စားလှယ်လောင်း ရွေးချယ်ရေးအဖွဲ့ဖြစ်လာမဲ့ NLD မြို့နယ်ကော်မတီကနေ ကမ်းလှမ်းခဲ့တာပါ။ အဝေးကနေ ကြားသိနေရပါတယ်။ စည်းရုံးရေးလိုအပ်ချက်လေးတွေ ကြားရပြီး၊ ဘယ်လိုအခြေအနေကို ကြုံလာရပါစေ အပြုသဘောထားပြီး အားဖြစ်စေမှာတွေကိုသာ တွေးတောပြောဆိုတာကိုလဲ သိနေပါတယ်။

ဒီတာဝန်မှမလုပ်ရရင် ပါတီကထွက်မယ်ဆိုတာမျိုး ကျွန်တော် အတော်မကြိုက်ပါ။ လာမဲ့ရွေးကောက်ပွဲအတွက်လဲ အဲလို သဘောထားရှိသူတွေကို မုန်းချင်မုန်းပါစေ၊ အများစုလူထုအကျိုးအတွက် အမုန်းခံလိုက်ကြစေချင်ပါတယ်။ ပါတီဝင် လျှော့ပါစေ သန့်စင်သွားတယ်လို့ အောက်မေ့စေချင်ပါတယ်။ အပြုသဘောထားပြီး အားဖြစ်စေသူတွေကို ချီးကျူးပါတယ်။

ပြိုင်ဖက်ပါတီကြီးကတော့ ရောဂါရင့်တဲ့လက္ခဏာတွေ မြင်နေပါပြီ။ နာတာရှည်သဘော ဆောင်ပါတယ်။ “ရှင်တရာပြုပွဲ လုပ်မယ်” တဲ့။ ရှင်ပြုပေးတာ မကောင်းဘူးလားမေးမယ်။ ကောင်းတော့ကောင်းပါတယ်။ ဗီတာမင်ဆေး ကောင်းသလိုပေါ့။

၁၈-၁၂-၂ဝ၁၃ နေ့ထုတ် Annals of Internal Medicine ထဲမှာ အယ်ဒီတာအာဘော်ရှိပါတယ်။ “ဗီတာမင်မျိုးစုံဟာ တချို့လူတွေအတွက် ကျန်းမာရေးကိုပိုမကောင်စေပဲ တချို့ဆိုရင် ပိုတောင်ဆိုးစေနိုင်တယ်” တဲ့။ အသည်း မကောင်းသူတွေအတွက် ဗီတာမင် (အေ) နဲ့ (ဒီ) တွေက မသင့်ပါ။ ဒီနှစ်မျိုးက အဆီမှာသာပျော်ဝင်ပြီး၊ အသည်းက အဆီကို အစာချက်မပေးနိုင်လို့ဖြစ်ပါတယ်။

“လယ်သမားတွေကို ငွေးချေးပေးတယ်”။ မကောင်းဘူးလားမေးမယ်၊ ကောင်းတော့ ကောင်းပါတယ်။ (ချစ်တီးလက်သစ်) ဖြစ်နေပါတယ်။ အိန္ဒိယတောင်ပိုင်းက (ချစ်တီး) တွေက ဗမာဆင်းရဲသားလယ်သမားတွေကို ငွေထုတ်ချေးတယ်။ အတိုးက များတယ်။ မိုးလေဝသမမှန်လို့ ငွေမဆပ်နိုင်သူတွေဆီက လယ်ယာတွေသိမ်းတယ်။ နွားတွေသိမ်းတယ်။ သမီးသိမ်းတယ်။ အခု ၂ဝ၁၅ အတွက် တရုပ်ကနေ နိုင်ငံတော်နာမည်နဲ့ ချေးယူထားတဲ့ငွေကို ပုလဲနယ်က လယ်သမားတွေကို ချေးပေးတယ်။ ၂ဝ၁၅ မှာ မဲတွေသိမ်းယူချင်လို့ပါ။

ကြီးမှဝက်သက်မပေါက်ပါစေနဲ့။ သမီးကိုအသိမ်းမခံကြပါနဲ့။

ဒေါက်တာတင့်ဆွေ
၂၁-၁၂-၂ဝ၁၄

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး