Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး

Marvelon 28 ကို ၂ နှစ်ထက်ပိုပြီး ဆက်တိုက်သောက်ရင် ဘေးထွက်ဆိုးကျိုးများ သိပါရစေရှင့်။

• ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေးဟာ လူအများဆုံးသုံးတယ်။ ဈေးချိုတယ်။ ရှာရတာလွယ်တယ်။
• Estrogen နဲ့ Progestin ဟော်မုန်း ၂ မျိုးပါတဲ့ တလစာ ၂၈ လုံးပါတဲ့ကိုယ်ဝန်တားဆေးဖြစ်တယ်။
• ဆေးလုံး အရောင် ၂ မျိုးရှိမယ်။ ၂၁ လုံးကအရောင်တမျိုး၊ ၇ လုံးကအရောင်တမျိုး။ ၂၁ လုံးမှာသာ ဟော်မုန်းတွေ ပါတယ်။
• ရာသီစလာတဲ့နေ့ကို ပဌမနေ့အဖြစ် မှတ်ပြီး၊ ဆေးစသောက်ပါ။ နေ့စဉ် ၁ လုံးကျ၊ ဖြစ်နိုင်သ၍ ဆေးသောက်ချိန် မှန်ပါစေ။
• တားဆေးကို ပဌမဆုံးသောက်သူဆိုရင် ရာသီစလာတဲ့နေ့ကနေ စသောက်ရင် တလလုံးအတွက် ကာကွယ်မှုရမယ်။ ရာသီရပ်ပြီးမှ စသောက်ရင်တော့ ဆေးသောက်စ ၇ ရက်အတွင်း စိတ်မချရသေးပါ။ အတူမနေတာ ဒါမှမဟုတ် ကွန်ဒွမ် သုံးရမယ်။
• တရက်ဆေးသာက်ဘို့ မေ့ရင် နောက်နေ့မှာ ၂ လုံးတွဲသောက်ပါ။
• ရာသီလာပြီး ဒုတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ၂ လုံးတွဲသောက်ပြီး၊ အရံအတားနည်း တခုခု ဥပမာ (ကွန်ဒွမ်) သုံးတာနဲ့ သုက်ပိုးသေဆေးသုံးတာကို ၇ ရက်ကြာလုပ်ပါ။
• ရာသီလာပြီး တတိယပတ်အတွင်းမှာ ဆေးသောက်ဘို့ ၂ ရက်မေ့သွားရင် ဆေးစသောက်နေကြရက်အထိ တရက် ၁ လုံး သောက်ပြီးနောက်၊ ဆေးကပ်သစ် စသောက်ပါ။
• ဆေးသောက်နေကြရက်ဆိုတာ မှတ်ရတာလွယ်အောင် ကိုယ့်ဖါသာ အကျင့်လုပ်ထားတာကိုဆိုလိုတယ်။ အများအားဖြင့် တနင်္ဂနွေမှာ စသောက်ကြလေ့ရှိတယ်။
• တကယ်လို့ တတိယပတ်မှာ ဆေးသောက်ဘို့ ၂ ရက်ဆက်မေ့သွားရင် ဒါမှမဟုတ် ဘယ်ရက်သတ္တပတ်မှာဖြစ်ဖြစ် ဆေးသောက်တာ ၃ ရက်၊ ဒါမှမဟုတ် ၃ ရက်မက မေ့သွားရင် ကျန်တဲ့ဆေးကပ်ကို ဆက်မသောက်ဘဲ၊ ဆေးကပ်သစ် စသောက်ပါ။ တပြိုင်နက်တည်းမှာ ၇ ရက်တာ အရံတားနည်းတခုခုသုံးပါ။ အဲဒီလမှာ ရာသီ မလာဘဲနေတာ ဖြစ်နိုင်တယ်။
• တကယ်လို့ ရာသီမလာတာ ၂ လ ဖြစ်လာရင် ကိုယ်ဝန် ရှိ-မရှိစစ်ပါ။
• ဆေးကို (အလားဂျစ်) ဖြစ်သူ၊ ကိုယ်ဝန်ရှိနေသူ၊ အသဲရောဂါရှိနေသူ၊ မျက်စိ သွေးကြောရောဂါရှိသူ၊ နှလုံး (အတက်) ရဘူးသူ၊ အီစထိုဂျင်သက်ရောက်မှုရှိတဲ့ ဥပမာ ရင်သားကင်ဆာရှိသူ၊ သွေးကြောပိတ်ရောဂါရှိသူ၊ အသဲကင်ဆာ၊ နှလုံး-ဦးနှောက် သွေးကြောပိတ်ဘူးသူ၊ မိုင်ဂရင်းရောဂါရှိသူ၊ သရက်ရွက်ရောင်နေသူ၊ အသဲရောင် အသားဝါရှိနေသူ၊ မွေးလမ်းကနေ သွေးဆင်းတာ အကြောင်းရှာမရသူတွေ ဒီဆေးမသောက်သင့်ပါ။
• ဝမ်းလျှောနေတာ၊ အန်တာ၊ ပိုးသေဆေးသောက်ထားရင် ဆေးထိရောက်မှုကို သက်ရောက်နိုင်တယ်။ ကိုယ်အလေးချိန် သိပ်များသူတွေမှာလဲ ထိရောက်မှုနည်းနိုင်တယ်။
• ဆေးသောက်ဘူးကာစ ၃ လလောက်မှာ ကြားရက်သွေးဆင်းတာ၊ ဗိုက်အောင့်တာ၊ ဘေးထွက်ဆိုးကျိုး ပိုခံရတတ်တယ်။
• ဘေးထွက်-ဆိုးကျိုးများ = ရင်သား ကြီး-တင်း-နာ၊ နို့ရည်ထွက်၊ ဗဂျိုင်းနားစို၊ ကိုယ်အလေးချိန်တက်၊ စိတ်ကျ၊ စိတ်မူပြောင်း၊ စိတ်ကမခိုင်းလဲကိုယ်လှုတ်၊ ဝမ်းပျက်၊ ပျို့၊ အန်၊ ကိုယ်ရောင်၊ ခေါင်းကိုက်၊ မျက်ကပ်မှန် အဆင်မပြေဖြစ်၊ အသားဝါ၊ ရာသီမမှန်၊ သွေးဖိအားတက်၊ ဆီးချိုတက်၊ အရေပြားအနီပြင်ထွက်၊ ဗဂျိုင်းနားပိုးဝင်။

ကိုယ်ဝန်တားဆေးရဲ့ အကောင်း-အဆိုး
၁။ Combined pill ဆေးနှစ်မျိုးတွဲ စားဆေး
COC လို့လဲ ခေါ်တယ်။ ဟော်မုန်း ၂ မျိုးတွဲဆေး ဖြစ်တယ်။ Estrogen နဲ့ Progesterone ဟော်မုန်းတွေကနေ လစဉ် ရာသီလာစေဘို့နဲ့ မျိုးဥ ထွက်နေဘို့ လုပ်ပေးနေတာပါ။ ဆေးထဲပါတဲ့ ဟော်မုန်းတွေကြောင့် မျိုးဥ ထွက်မှာကို တားဆီး ပေးတယ်။ အမျိုးမျိုးရှိတယ်။ သားအိမ်အဝမှာ ရှိတဲ့ ချွဲရည်ကိုလဲ ထူပြစ်စေတာမို့ မျိုးဥ ထွက်လာအုံးတော့ သုတ်ပိုးနဲ့ တွေ့ဘို့ ခက်ခဲစေပြီး၊ သားအိမ်အတွင်းနံရံကိုလဲ ပါးလွှာစေသေးလို့ သန္ဓေဟာ သားအိမ်မှာ လာမကပ်နိုင်တော့ဘူး။ လူအများဆုံးသုံးတဲ့ဆေးဖြစ်တယ်။

စနစ်တကျသုံးရင် ၉၉% စိတ်ချရတယ်။ ရာသီ စလာတဲ့နေ့က ၅ ရက်မြောက်နေ့ကစပြီး သောက်ရမယ်။ အားလုံးပေါင်း ၂၁ ရက်ကြာ၊ နေ့တိုင်း ဆေး ၁ ပြားစီသောက်ရမယ်။ နောက်ဆုံး သောက်ရမဲ့ အရောင်မတူတဲ့ ဆေးပြား ၇ ပြားဟာ အားဆေးသာ ဖြစ်တယ်။ အဲဒီ ၇ ရက်အတွင်း သွေးပြန်ဆင်းမယ်။

၂။ Progestogen-only pill (POP) ဆေးလုံး
Mini-Pill လို့လဲ ခေါ်သေးတယ်။ Progestogen ဟော်မုန်း တမျိုးတည်းပါတဲ့ဆေး ဖြစ်တယ်။ နာမယ် အမျိုးမျိုးနဲ့ ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝက ချွဲကျိတဲ့အရည်ဟာ ပြစ်စေးလာစေလို့ ကျားသုတ်ပိုးကို သားအိမ်ထဲ မဝင်အောင် တားတယ်။ သားအိမ် အတွင်းသားနံရံကိုလဲ ပါးလွှာစေလို့ သန္ခေတွယ်ကပ်မှာကိုလည်း တားပေးတယ်။ ဒီဆေးမျိုးက ကြားရက်မှာ သွေးနဲနဲဆင်းတာ ပိုဖြစ်တတ်တယ်။ ဆေးကပ်ကုန်တာနဲ့ နောက်တကပ် ဆက်သောက်ပါ။ အသက်ကြီးလည်း သောက်နိုင်တယ်။ Cerazette ဆေး ဖြစ်ရင် လစဉ် မျိုးဥထွက်တာကိုပါ တားဆီးပေးမယ်။

၃။ အရေးပေါ်တားဆေး Ecee-2 ကို ဖေ့စ်ဘွတ်မှာမတင်ပါ။

ကိုယ်ဝန်နဲ့ တားဆေး
ကလေးဖွါးပြီးသူတွေ ကလေးနို့မတိုက်ရင် ၂ ပါတ်၊ နို့တိုက်ရင် ၆ ပါတ် စောင့်ပြီး စသောက်ရမယ်။ ဟော်မုန်း ၂ မျိုးတွဲ ဆေးက နို့ထွက် နည်းစေတယ်။ ဒါ့ကြောင့် ဟော်မုန်း ၁ မျိုးထဲဆေးကို နို့တိုက်တိုက်-မတိုက်တိုက် ကလေးဖွါးပြီးတာနဲ့ သောက်ပါ။ ကိုယ်ဝန်ပျက်သူတွေ ပျက်ပြီးပြီးချင်း သောက်ရမယ်။

မလိုလားအပ်တာတွေ
• သွေးအချိန်မဟုတ် နဲနဲဆင်းမယ်၊
• ခေါင်းကိုက်မယ်၊
• စိတ်မူ ပြောင်းလဲတတ်တယ်၊
• ရင်သား တင်းတတ်တယ်၊
• စိတ်ကျတတ်တယ်၊
• ဆက်ဆံလိုစိတ် နဲတတ်တယ်၊ လူတိုင်းမဟုတ်ပါ။
• လူဝလာတတ်တယ်၊
• အရေပြားပေါ် အစက်အပျောက် ပေါ်တတ်တယ်။
• ရာသီနည်းတာ၊ မလာတာဖြစ်နိုင်တယ်၊
• ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်တာ သွေးဖိအားတက်ခြင်း၊ သွေးခဲခြင်းတွေ ဖြစ်တတ်တယ်။
• အခု ဒါမှမဟုတ် အရင်က ရင်သား-ကင်ဆာ ရှိနေရင်၊ ကိုယ်ဝန်ရှိနေရင်၊ အသဲနဲ့ သည်းခြေရောဂါရှိနေရင်၊ မျိုးဥအိမ် အကြိတ်-အလုံး ရှိဘူးရင်၊ (မိုင်ဂရင်း) အမူးရောဂါရှိရင် မသုံးသင့်ပါ။
• ကိုယ်ဝန် ရှိနေရင်၊ အသက် ၃၅ ကျော်ရင်၊ အဝလွန်ရင်၊ သွေးခဲတတ်တဲ့ရောဂါ၊ နှလုံးရောဂါ၊ ရင်သားကင်ဆာ၊ (မိုင်ဂရိန်း) ခေါင်းမူး-ခေါင်းကိုက် ရောဂါ၊ အသဲ-သည်းခြေရောဂါ၊ ဆီးချိုရောဂါများ ရှိနေရင် မသုံးသင့်ပါ။

ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ
• ခြေထောက်-အဆုပ်-နှလုံး-ဦးနှောက်မှာ သွေးခဲတတ်တယ်။
• သွေးဖိအား (သွေးတိုး) များတတ်တယ်။
• အသက် ၃၅ နှစ်ကျော်ရင် ဒါတွေ ပိုဖြစ်စေနိုင်တယ်။
• ပဋိဇီဝဆေး၊ မွေးလမ်းပိုးကုဆေး၊ အတက်ပျောက်ဆေး၊ HIV ဆေးတွေနဲ့ တွဲသောက်တာ မကောင်းပါ။
• ဝမ်းလျှောနေတုံး၊ အန်နေတုံး သောက်သူတွေမှာ ထိရောက်မှု မသေခြာပါ။
• ပျို့-အန်ချင် သက်သာအောင် ညနေစာစားပြီး သောက်သင့်တယ်။

ပူးတွဲ-ကောင်းကျိုး
သွေးဆင်းရက် မှန်စေတယ်။ ရာသီမလာခင် ဖြစ်တတ်တဲ့ လက္ခဏာတွေ နည်းစေတယ်။ သွေးဆုံးခါနီး ခံစားရတာတွေ လျှော့စေတယ်။ ဝက်ခြံပေါက်တာ သက်သာစေတယ်။ မျိုးဥအိမ်-ကင်ဆာနဲ့ သားအိမ် အတွင်းလွှာ-ကင်ဆာလဲ အဖြစ်နဲစေတယ်။ Osteoporosis အရိုးရောဂါဖြစ်မှာကို လျှော့ပါး စေတယ်။ ရာသီဆင်းတာ နည်းစေလို့ သွေးအားနည်းတာ အဖြစ်နဲမယ်။ မျိုးဥအိမ်အလုံး၊ မွေးလမ်းခြောက်တာ၊ ဆက်ဆံချိန်နာတာ၊ ရင်သား-အကြိတ်၊ သားအိမ်ပြင်ပ ကိုယ်ဝန်တည်တာ၊ ကိုယ်မွှေးများတာတွေပါ အဖြစ်နည်းကြတာ တွေ့ရပါတယ်။

Extended Cycle Birth Control Pills ခေါ်တဲ့ Seasonique, Lybrel and Seasonale ဆေးသစ်တွေက တနှစ်မှာ ရာသီ ဘယ်နှစ်ခါဘဲ လာစေချင်တာမျိုး စိတ်ကြိုက် ထိန်းလို့ရတယ်။ ရာသီမဆင်းအောင်အထိပါ လုပ်ချင်လုပ်နိုင်တယ်။ Yaz 28 ဆေးက ပဌမ ၄ ရက်သောက်ရမှာက ဟော်မုန်းမပါဘူး။ ဒါ့ကြောင့် ဟော်မုန်းအပြောင်းအလဲဖြစ်တာ နည်းစေတယ်။ Loestrin 24 Fe ဆေးက အဲလိုဘဲ အရင်ပေါ်တာပါ။

• Contraceptive pills ဟော်မုန်း ၂ မျိုးပါကိုယ်ဝန်တားဆေး http://doctortintswe.blogspot.com/2014/11/contraceptive-pills.html
• Birth Control Risk ကိုယ်ဝန်တားဆေး နဲ့ သွေးခဲခြင်း http://doctortintswe.blogspot.com/2014/11/birth-control-risk.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ