Vaginal discharge Q and A အဖြူဆင်းခြင်း အမေး-အဖြေ


ဆရာ အခု သမီးယောက်ျား အကောင့်ကနေ ပြောနေတာပါ။ သမီးအကောင့်မှာ ဆရာမရှိလို့ ဆရာ့ကို မေးချင်တာလေးတွေ ရှိလို့ပါ။ သမီးနဲ့ သမီးယောက်ျား အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ သမီးအသက်က ၂၂၊ သမီးယောက်ျား အသက်က ၂၄ ပါ။ ဆရာ့ကို သမီးပွင့်ပွင့်လင်းလင်းပဲ မေးချင်ပါတယ်။ သမီးနဲ့သူနဲ့ တူတူနေပြီးရင် တစ်ခါတစ်ခါ သမီးမိန်းမကိုယ်မှာ အဖြူဆင်းပြီး ယားယံသလို သူ့ယောက်ျားအင်္ဂါမှာလဲ အရည်ကြည် ဖောင်းသေးသေးလေးတွေ ပေါက်ပြီးယားတတ်တယ်။ အခုတစ်နှစ်အတောအတွင်းမှာ အဲလိုဖြစ်တာ ၅ ခါလောက်ရှိပြီ။ ဖြစ်ပြီး ၂ ရက် ၃ ရက်လောက်ဆိုရင်တော့ ကောင်းသွားပါတယ်။ ယောက်ျားလေးက ပိုပီးကြာကြာခံရပါတယ်။ ၄ ခါမြောက်မှာတော့ မိန်းမကိုယ်ထဲ ထည့်တဲ့ဆေးအတောင့် ပေးပြီး၊ ယောက်ျားအတွက်က အပေါ်ယံအရေပြား လိမ်းတဲ့ဆေး ပေးပါတယ်။ သမီးရောသူရောလိမ်းတယ်၊ ထည့်တယ်။ အဲဒါနဲ့ ကောင်းသွားတယ်။ အဲဒါနဲ့ နောက်တစ်လကျော်ကျော်ကြာတော့ တခါပြန်ဖြစ်ပြန်တယ်။ ဆေးထည့်လိုက်ရင်တော့ ကောင်းသွားတယ်။ နောက်အဲလိုပဲ အမြဲတမ်းဖြစ်နေမှာလား၊ အဲဒါ ဘာဖြစ်တာမှန်းလဲမသိဘူး။ သူ့ဆီကနေပဲ သမီးဆီ ကူးပြီးဖြစ်တာလား။ သမီးဆီကနေပဲ သူ့ဆီကူးပြီးဖြစ်တာလား၊ ဘယ်လိုကြောင့်ဖြစ်တယ်ဆိုတာလည်း မသိဘူး။ အဲလိုကြောင့် ကလေးမရနိုင်တာတို့ ဖြစ်တတ်ပါသလားဆရာ။ သမီးကိုပြန်ဖြေပေးပါနော်။ အခုသမီးတို့ ကလေးယူနေပြီ။ ဆေးဖြတ်လိုက်တာ  ၂ လလောက်ရှိပြီ။ အဲဒါဖြစ်တာနဲ့ ပတ်သတ်ပါသလား၊ ကလေးတော့မရသေးပါဘူး။ အရမ်းစိတ်ပူလို့ပါ။ ဆရာပြန်ဖြေပေးပါနော်။

Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်းဟာ အသက် (၁၈) နှစ်ပြည့်မှ ဖတ်ပါခေါင်းစဉ် အောက်မှာ အများဆုံးမေးတဲ့ မေးခွန်းဖြစ်ပါတယ်။ မွေးလမ်းကြောင်း (ဗဂျိုင်းနာ) ကနေ အဖြူဆင်းတာဟာ အများအားဖြင့် ပုံမှန်ပါ။ အနည်းနဲ့အများ၊ အဖြူ ဒါမှမဟုတ် အရည်လိုမျိုး ဆင်းနေတယ်။ သတိမထားရင်တောင်မှ ရှိနေတတ်တယ်။ သားအိမ်အဝနဲ့ မွေးလမ်းမှာ အရည် ထွက်နိုင်တဲ့ (ဂလင်း) ခေါ် အိပ်တွေရှိလို့ဖြစ်တယ်။ အဟောင်းတွေ ပျက်စီး အသစ်တွေ ဖြစ်နေတဲ့ အနိစ္စသဘောပါဘဲ။

ပုံမှန်ဆင်းတာမျိုးက ကြည်တယ်၊ မကြည်ရင် နို့လိုနေတယ်၊ စိုးရိမ်စရာ မရှိပါ။ ဒါပေမဲ့ အနံ့မရှိဘူး။ အရောင်နဲ့ အပျစ်အချွဲ ကတော့ ပြောင်းလဲနေတယ်။ ရာသီနဲ့ တွက်တဲ့လအစမှာ ပျစ်ပြီး၊ ဖြူတယ်။ လအလယ်လောက် ဆိုရင် များလာမယ်။ တိတိကျကျ ပြောရရင် အဆ ၃ဝ တောင် များလာတယ်။ နောက်ပြီး၊ ချွဲမယ်။ ပိုပြီးကျဲတယ်၊ ဆန့်ကြုံ့နိုင်စွမ်း ပိုဖြစ်တယ်။ ရာသီမဆင်းခင်လေး ဆင်းတတ်တာက ပိုပျစ်တယ်။ ရာသီအပြီးမှာ ညိုမယ်။ မျိုးဥ ထွက်ချိန် လယ်ရက်မှာ သွေးစက်မျိုးပါ အတွင်းခံကို လာစွန်းနေတတ်သေးတယ်။ ဒါလည်း ရောဂါပိုးဝင်တာ မဟုတ်ပါ။

လေ့ကျင့်ခန်း လုပ်ပြီးချိန်မျိုးမှာလဲ ရေသာသာ ခပ်ကြည်ကြည် အရည်လိုဆင်းတာ ပုံမှန်ပါ။ ကလေး နို့တိုက်နေချိန်တို့ လိင်စိတ် ဖြစ်လာချိန်တို့မှာ ပိုဆင်း-ပိုစိုလာတယ်။ ရောဂါမဟုတ်ပါ။ ကိုယ်ဝန်ဆောင်ချိန် ဆင်းတာက ခပ်ကျဲကျဲ၊ ခပ်ဖြူဖြူ၊ နဲနဲ အနံ့တော့ရှိတယ်။ ဆီးချိုရှိရင်၊ သန္ဓေတားဆေး စားနေရင်၊ ပဋိဇီဝဆေး တချို့သောက်နေရင်၊ သွေးအားနည်းရင်၊ နာတာရှည် ရောဂါ ရှိနေရင် ပိုတတ်တယ်။

ရောဂါမဟုတ်ဘဲ ဆင်းတာက တနေ့မှာ လက်ဖက်ရည် ၁ ဇွန်းစာ လောက်သာ ရှိမယ်။ ဗက်တီးရီးယားတွေ ပါနေပေမဲ့ ဒုက္ခမပေးပါ။ ဆေးကုဘို့ မလိုပါ။ နေ့စဉ် သန့်ရှင်းရေးလုပ်ပါ။ ဆေးကြောရင် လက်ကို ရှေ့ကနေ နောက်ဆီ ကိုသာ လုပ်ပါ။ အတွင်းခံ သန့်နေပါစေ။ ခြည်ထည်ကိုသာ သုံးပါ။ ဖြန်းဆေးတွေ မသုံးပါနှင့်။ ရေမွှေး၊ ဆပ်ပြာ အပြင်းစား မသုံးပါနဲ့။

Vaginal Infections မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီလောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ (ဗဂျိုင်းနား) သန့်ချင်လို့ ပိုးသန့်ဆေးပါတဲ့ ဆေးရည်သုံးရင် ဖြစ်တာမျိုး ပြောတာပါ။ အဲလိုဆေးရည်ကို ဆရာဝန်မညွှန်ဘဲ မသုံးပါနဲ့။

အဆင်းများရင်၊ အရောင်ပြောင်းရင်၊ အနံ့ရှိလာရင်၊ ဂရုစိုက်ရပါတော့မယ်။ ပူစပ်မယ်၊ အဝါရောင်ဖြစ်မယ်၊ ခပ်စိမ်းစိမ်းဖြစ်မယ်၊ ခပ်ပျစ်ပျစ် ဖြစ်မယ်၊ ယားမယ်၊ ဆီးစပ်နေရာ နာမယ်ဆိုရင်တော့ ဆေးကုရပါလိမ့်မယ်။ ရောဂါပိုးတွေကလဲ အမျိုးမျိုးပါ။ (ဗက်တီးရီးယား)၊ (ဗိုင်းရပ်စ်)၊ (ဖန်းဂတ်စ်)၊ (ပရိုဇိုးဝါး) နဲ့ (ပါရာဆိုက်)၊ အကောင်စုံပါဘဲ။ ဝင်တဲ့ ပိုးအမျိုးအစားအလိုက် ဆင်းတာတွေ မတူဘူး။ အပျိုဆိုလည်း ဆေးကုရမှာမျိုး ဖြစ်တတ်တယ်။ နည်းပါတယ်။ ကျား-မ အတူနေသူများ STD/STI လိင်ကတဆင့် ကူးစက်ရောဂါ တခုခုဖြစ်လို့ အဖြူဆင်းရင် နှစ်ယောက်လုံးကို တပြိုက်နက် ဆေးကုရပါမယ်။

၁။ Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ကြောင့် မွေးလမ်းကြောင်းရောင်ခြင်း အဖြူရောင် ပျစ်တဲ့ (ချိစ်) လို ဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။ ဒါမှမဟုတ်
• Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။ ဒါမှမဟုတ်
• Clotrimazole vaginal tablet မွေးလမ်းထဲ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။ ဒါမှမဟုတ်
• Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

၂။ Bacterial Vaginosis (Hemophilus, Gardnerella) ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်း ရောင်ခြင်း ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ်ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။
• Metronidazole 500 mg တနေ့ ၂ ကြိမ် ၇ ရက်၊ ဒါမှမဟုတ်
• Metronidazole 2 g တခါတည်းသောက်။ ဒါမှမဟုတ်
• Clindamycin cream 2% ညအချိန်၊ ၇ ရက်ထည့်ပါ။ ဒါမှမဟုတ်
• Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။

၃။ Cervical Ectropion, Erosion ဒါမှမဟုတ် Eversion သားအိမ်အဝ လန်နေခြင်း
သားအိမ်အဝ ရဲနေမယ်၊ ကျိချွဲချွဲဆင်းမယ်၊ မနာဘူးဆိုရင် ကုဘို့ မလိုပါ။

၎။ Cervicitis သားအိမ်အဝရောင်ခြင်း
ဆီးစပ်နာမယ်။ ခပ်ချွဲချွဲ နှင့် ပြည်လို ဆင်းမယ်။ သားအိမ်အဝ ထိရင်နာမယ်။ လိင်ဆက်ဆံတဲ့အခါ နာမယ်ဆိုရင် ပဋိဇီဝဆေး ပေးနိုင်တယ်။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။

၅။ Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝမှာ အနာ
STD/STI လိင်ကတဆင့် ကူးစက်ရောဂါ အနာဖြစ်တယ်။ အနာရဲ့ နုတ်ခမ်းသား မညီမညာဖြစ်မယ်။ အခြေက ခပ်မွဲမွဲ အရောင်ရှိမယ်။ ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။

၆။ Chlamydial infection (ကလင်ဒါမိုင်စင်) မွေးလမ်းကြောင်းရောင်ခြင်း
STD/STI ရောဂါတွေထဲမှာ Chlamydia trachomatis က အဖြစ်အများဆုံးပါ။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ သားအိမ်အဝမှာ အဖြစ်များတယ်။ တချို့ အဖြူဆင်းမယ်။ လိင်ဆက်ဆံပြီးချိန် သွေးနဲနဲဆင်းမယ်။ တချို့မှာ ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။ ပိုးရှိနေပေမဲ့ လက္ခဏာ မပြသူတွေ ရှိတယ်။ အသက် ၃ဝ အောက် အဖြစ်များတယ်။ အထူးသဖြင့် လိင်ဆက်ဆံဖက် များသူတွေမှာ ဖြစ်တယ်။

• Azithromycin 1 Gm သောက်ပါ။ ဒါမှမဟုတ်
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။ ဒါမှမဟုတ်
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။ ဒါမှမဟုတ်
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊ ဒါမှမဟုတ်
• Ofloxacin = 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

၇။ Gonorrhea ဂနိုးရီးယား
ဒုတိယအများဆုံး STD/STI ဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ် ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။
• Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 125 mg IM ထိုးပါ။ ဒါမှမဟုတ်
• Ciprofloxacin 500 mg သောက်ပါ။ ဒါမှမဟုတ်
• Ofloxacin 400 mg + Azithromycin 1 g ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက်တွဲပါ။

၈။ Infected IUCD ကိုယ်ဝန်တား ပစ္စည်းပိုးဝင်ခြင်း
ကလေးခြားအောင်ထည့်တဲ့ IUCD သားအိမ်ထဲပစ္စည်း (ကောပါးတီ) ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။ ဗိုက်အောက်ပိုင်းနေရာ နာမယ်။ မွေးလမ်းက တခုခုဆင်းမယ်။ နဲနဲကိုယ်ပူမယ်။ အတူရင် နာမယ်။ IUCD ပြန်ထုတ်ပါ။ Amoxicillin, Cephalosporins, Tetracycline ပေးပါ။ မရသေးရင် Cefoxitin ဒါမှမဟုတ် Metronidazole + Gentamicin ဒါမှမဟုတ် Clindamycin + Gentamicin ထိုးပေးပါ။

၉။ PID (Pelvic Inflammatory Disease) မဆိုးတဲ့ တင်ပါးဆုံအတွင်း အင်္ဂါများရောင်ခြင်း
နဲနဲဖျားမယ်။ လိင်ဆက်ဆံရင်နာမယ်။ ပြည် ဒါမှမဟုတ် ခပ်ချွဲချွဲဆင်းမယ်။ ဗိုက်အောက်ပိုင်းနေရာနာမယ်။ သွေးဖြူဥ အရေ အတွက် များလာမယ်။
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၁ဝ-၁၄ ရက်ကို Cefoxitin 2.0 gm IM တွဲ ထိုးပါ။ ဒါမှမဟုတ်
• Cefoxitin 1.0 gm သောက်ပါ။ ဒါမှမဟုတ် Ceftriaxone 250 mg IM ဒါမှမဟုတ် Ceftizoxime 1 gm IM ဒါမှမဟုတ် Cefotaxime 0.5 gm IM ထိုးပါ။ ဒါမှမဟုတ်
• Ofloxacin 400 mg တနေ့ ၂ ကြိမ် နဲ့ Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက် တွဲပေးပါ။

၁ဝ။ Severe PID (Pelvic Inflamatory Disease) ဆိုးတဲ့ တင်ပါးဆုံအတွင်း အင်္ဂါများရောင်ခြင်း
• Doxycycline 100 mg စားဆေး၊ ဒါမှမဟုတ် IV ထိုးဆေး၊ တနေ့ ၂ ကြိမ်၊ Cefoxitin 2.0 gm IV ထိုးဆေး တနေ့ ၄ ကြိမ်၊ တွဲပေးပါ။ ဒါမှမဟုတ်
• Cefotetan 2 gm IV တနေ့ ၂ ကြိမ်၊ ၂ ရက်၊ နောက် Doxycycline စားဆေး ၁ဝ-၁၄ ရက်၊ ဒါမှမဟုတ်
• Clindamycin 900 mg ထိုးဆေး တနေ့ ၃ ကြိမ် ကို Gentamicin, 1.5-2.0 mg/kg IV/IM ထိုးဆေးတွဲပေးပါ။ နောက်ပြီး Doxycycline 100 mg တနေ့ ၂ ကြိမ် စားဆေး ၁ဝ-၁၄ ရက်၊ ဒါမှမဟုတ်
• Clindamycin 450 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ် Ofloxacin 400 mg IV တနေ့ ၂ ကြိမ်ကို Metronidazole 500 mg IV ထိုးဆေး တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် Ampicillin/Sulbactam 3 g IV ထိုးဆေး တနေ့ ၄ ကြိမ်၊ Doxycycline 100 mg IV ထိုးဆေး၊ ဒါမှမဟုတ် စားဆေး၊ တနေ့ ၂ ကြိမ် ဒါမှမဟုတ် • Ciprofloxacin 200 mg IV ထိုးဆေး၊ တနေ့ ၂ ကြိမ်ကို တွဲပေးဘို့ Doxycycline 100 mg IV ဒါမှမဟုတ် စားဆေး တနေ့ ၂ ကြိမ် နဲ့ Metronidazole 500 mg IV ထိုးဆေး တနေ့ ၄ ကြိမ်။ ၁၁။ Trichomoniasis ထွိုင်ကိုမိုးနပ် မွေးလမ်းကြောင်းရောင်ခြင်း အနေအထိုင်ခက်ပြီး၊ အဖြူ (အမြှုတ်) ဆင်းမယ်။ မွေးလမ်း၊ မိန်းမကိုယ် နီမယ်။ စိမ်းဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်း၊ ယားတယ်။ မွေးလမ်းကနေ ဆင်းတာက အမြှုတ်လိုနေမယ်။ ခပ်စိမ်းစိမ်း၊ ခပ်ဝါဝါအရောင်ရှိမယ်။ အနံ့ရှိမယ်။ ယားမယ်။ နာမယ်။ ပူလောင်မယ်။ ဆီးပူ-ဆီးအောင့်ဖြစ်မယ်။ ရာသီလာအပြီး ပိုဆိုးတယ်။ လိင်ကတဆင့် ကူးစက်တယ်။
• Metronidazole 2 Gm တခါတည်းသောက်။ တချို့က ဆေးမခံနိုင်ဘူး။ ပျို့-အန်တတ်တယ်။ အစားပျက်တယ်။
• Metronidazole 500 mg တနေ့ ၂-၃ ကြိမ် ၇ ရက်၊ လိင်ဆက်ဆံဘက်ကပါ သောက်သင့်တယ်။ (ကွန်ဒွမ်) သုံးပါ။ မဆက်ဆံမီ ရေဆေးပါ။ ရေကူးကန်မှာ ရေမကူးပါနဲ့။ အတွင်းခံ သူများနဲ့ လဲမဝတ်ပါနဲ့။
• Clotrimazole (Gyne-Lotrimin, Mycelex-7) မွေးလမ်းထည့်ဆေး ညတိုင်း ၇ ရက်ထည့်ပါ။

အမျိုးသမီးတွေ အဖြူဆင်းရင်
ရာသီလာနေချိန်ဆိုတာ ပိုးဝင်ဘို့ အခြေအနေကောင်းတခုဖြစ်တယ်။ အဖြူဆင်းလို့ ဆေးသောက်၊ ဆေးထည့်နေရရင် ရာသီလာနေချိန်မှာလဲ ဆက်လုပ်ရမယ်။ အိမ်ထောင်သည်တွေဆိုရင် နှစ်ယောက်လုံးကို ဆေးတပြိုင်တည်းကုသရမယ်။ အမျိုးသမီး-မိန်းကလေးတွေမှာ အဖြူဆင်းပြီး၊ ယားတာက ခဏခဏဖြစ်လေ့ရှိတယ်။ Candida infection မှို (ဖန်းဂတ်စ်) ပိုးဝင်လို့ဖြစ်တယ။ လိင်ဆက်ဆံမှုနဲ့မဆိုင်ဘဲဖြစ်တတ်တယ်။ Trichomonas vaginalis အမျိုးအစားကတော့ လိင်ကတဆင့် ကူးစက်တယ်။ အမျိုးသမီးအင်္ဂါနေရာကို သန့်ရှင်းရေးလုပ်ရင် ဆပ်ပြာက (အယ်လ်ကာလီ) ဓါတ်ပါတာမျိုး မသင့်ပါ။ ရေမွှေးမသုံးပါနဲ့။ ပိုးသေဆေးပါတဲ့ ဆေးကြောအရည် မသုံးပါနဲ့။ ဝါဂွမ်းနဲ့လုပ်တဲ့ အတွင်းခံသာဝတ်ဆင်ပါ။ ရာသီလာစဉ်သုံးပစ္စည်း သန့်ပါစေ။ နေရာကို ခြောက်သွေ့နေပါစေ။ မိုးရာသီမှာ အထူးဆင်ခြင်ပါ။ ခပ်စိုထိုင်းထိုင်းနဲ့ ပူနွေးနွေး အခြေအနေကို ဖန်းဂတ် (မှို) စတ်တွေက ကြိုက်တယ်။

ဆေးတွေအမျိုးမျိုထဲက နမူနာ (၃) ခုပြောပါမယ်။
1. Zocon-T Kit (Fluconazole/Tinidazole) - 150mg/1000mg (1 Tablet) သောက်ဆေး၊ ၁ ကြိမ်တည်း။
2. Clindamycin phosphate 100mg + Clotrimazole 100mg Suppositories/Vaginal Softgel = Clindamycin 200/300mg capsule (Clindamycin and Clotrimazole Vaginal Suppositories) မွေးလမ်းကြောင်း (ဗဂျိုင်းနား) ထဲထည့်ဆေး၊ ၃ ညဆက်တိုက်။
Clindamycin 100 mg + Clotrimazole 200 mg သောက်ဆေး၊
3. Tinidazole, Miconazole Nitrate & Neomycin Sulphate Vaginal Suppositories
Tinidazole BP 500 mg + Miconazole Nitrate BP 200 mg + Neomycin Sulphate BP eq. to Neomycin 20 mg

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး