Anti-Chinese ညဥ့်နက်နေပြီ

ဆရာ မြန်မာပြည်မှာလည်း တရုတ်မုန်တီးရေးတွေ ဖြစ်လာတာ ဘာကြောင့်ပါလဲ။ ပြီးတော့ မြန်မာဟာ ဗီယက်နမ်မှာလို ဖြစ်လာနိုင်မလား။ အဲဒါလေး သုံးသပ်ပြောပေးပါခင်ဗျာ။ ကျနော် သတင်းဆောင်းပါလေးတစ်ခုမှာ သုံးချင်လို့ပါ။

တရုပ်ဆန့်ကျင်ရေးက ဖြစ်နေခဲ့တာ အတော်ကြာပြီ။ စစ်အစိုးရခေတ်လယ်လောက်ကနေ စခဲ့တယ်။ အရှိန်မကောင်းသေးပါ။ အခုအစိုးရ လက်ထက်မှာ သိသာလာတယ်။ ဆွဲအားရော တွန်းအားပါပါတယ်။ ဆိုလိုတာက တရုပ်ဘက်က အလွန်ဆိုးခဲ့လို့နဲ့ မြန်မာအစိုးရက တာဝန်မသိတတ်မှုတွေကြောင့်ဖြစ်တယ်။

(နဝတ) တက်ကာစ သစ်တောတွေကို ထိုင်းစီးပွါးရေးသမားတွေနဲ့ (ချောင်ဗာလစ်) တို့ကို လက်ညှိုးထိုးရောင်းစားတုံးက လူထုက စစ်အစိုးရကိုဘဲမဲနေလို့ ထိုင်းဆန့်ကျင်ရေး မလုပ်အားဘူး။ တရုပ်ကြတော့ ပြည်ပအင်အားစုတွေကနေ ထောက်ပြချက်တွေလဲပါတယ်။ စစ်လက်နက်တွေ ဒေါ်လာဘီလျန်နဲ့ရောင်းရာကနေ စတာဖြစ်တယ်။ မြစ်ဆုံမှာ အားလုံး လာဆုံတယ်။ (ဦးပိုင်) နဲ့ တွဲလုပ်နေတဲ့ လက်ပန်းတောင်းမှာ ပိုသိသာလာတယ်။ တရုပ်က မျက်နှာပန်လှအောင် ကြိုးစားလာရတော့တယ်။

အမှန်က (နဝတ) အခြေအနေ နောက်ပိုင်းကတည်းက တရုပ်ကနေ အတိုက်အခံစကားကို စပြီးစနည်းနာလာတယ်။ အရင်က အဲလိုမဟုတ်ဘူး။ ကုလလုံခြုံရေးကောင်စီမှာ ရုရှားနဲ့အတူ မဲပေးကြပေမဲ့ ရုရှားက အခုထိ နားထောင်ရကောင်းမှန်း မသိဘူး။ တရုပ် ဆန့်ကျင်ရေးလုပ်တာ စနစ်တကျမရှိလှဘူး။ ဒီလောက်နဲ့ ဒီလိုနဲ့တော့မရပါ။ လူထုကလဲ နိုင်ငံတကာသဘောကို ပိုနားလည်တာရော တရုပ်ကလည်လည်ပတ်ပတ် လုပ်လာတာရောကြောင့် လိုတာထက် မပိုသေးပါ။ ဦးပိုင်နဲ့စစ်တပ်စီးပွါးရေးက အချောင်နှိုက်နေတာကို ဦးလှည့်လာချင်လာနိုင်တယ်။

ဗီယက်နမ်လို မဖြစ်နိုင်ပါ။ ဗီယက်နမ်အစိုးရက အရင်ကတည်းက တရုပ်ကိုမကြိုက်တဲ့ပြင် နယ်စပ်စစ်ဖြစ်တိုင်း ဗီယက်နမ်ချည်း နိုင်ထားတယ်။ မြန်မာစစ်တပ်က (ဝ) ကို စားပွဲပေါ်ရောက်အောင်တောင် မခေါ်နိုင်ဘူး။

တရုပ်ကို ကြိုက်-မကြိုက်ဆိုတာထက် ဘယ်လို လိမ်မာပါးနပ်စွာနေရမလဲ၊ အဝါးမြိုမခံရအောင် ရှောင်မလဲက မြန်မာနိုင်ငံ နိုင်ငံခြားရေးပေါ်လစီရဲ့ ကျောရိုးဖြစ်ရမယ်။ အဲတာက တရုတ်ဆန့်ကျင်ရေး မဟုတ်ပါ။ အဲလိုဖြစ်နိုင်အောင်က လူထုကို တကယ်ကိုယ်စားပြုပြီး၊ ခေါင်းကောင်းကောင်းနဲ့ ပညာဥာဏ်ကို တိုင်းပြည်နဲ့ လူထုအတွက် သုံးတတ်တဲ့အစိုးရရှိရမယ်။ အစိုးရကတမျိုး လူတွေကတခြားလုပ်နေတဲ့ကနေ့ မြန်မာပြည်မှာတော့ သန်းကောင်ထက်ညဥ့်နက်တာ ရှာရမလို ဖြစ်နေတယ်။

(ပြည်သူ့ခေတ် ဂျာနယ်၊ အတွဲ ၄၊ အမှတ် ၁၉၇၊ မေ ၂၂ ထုတ်၊ စာမျက်နှာ ၃၆ မှ ပုလဲမြို့ရဲ့သတင်း)

ဒေါက်တာတင့်ဆွေ
၂၁-၅-၂ဝ၁၄

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး