Cancer tests ကင်ဆာ စစ်ဆေးခြင်း လမ်းညွှန်သစ်

ကင်ဆာတိုင်းကို ပြည်တည်နာပေါက်တာမျိုးလို ပျောက်သွားအောင်ကုသလို့ မဖြစ်နိုင်သေးပါ။ ကင်ဆာဖြစ်ပြီဆိုတာနဲ့ ၅ နှစ် အသက်ရှင်နှုန်းကိုသာ တွက်နိုင်ပါသေးတယ်။ ကင်ဆာအများစုကို စောစောသိလို့ စောစောဆေးကုသမှု စနစ်တကျခံယူလေ ရှင်နိုင်များလေလေဖြစ်တယ်။ တချို့ဆိုပျောက်တယ်လို့တောင် ပြောနိုင်လာပါတယ်။ စောစောသိအောင် ကြိုတင် ဆေးစစ်တာ လုပ်ဘို့ လမ်းညွှန်သစ်တွေလုပ်ပေးထားပါတယ်။ ပညာရှင်တွေက မတူတဲ့အယူအဆတွေရှိတယ်။ နှစ်ကာလ ပြောင်းလာတာနဲ့လဲ လမ်းညွှန်သစ်တွေထုတ်ပေးပါတယ်။ ဒီစာမှာ ၂ဝ၁၄ ခုနှစ်ဝက်က ထုတ်ထားတဲ့လမ်းညွှန်ဖြစ်ပါတယ်။

အဆုပ်ကင်ဆာ
လမ်းညွှန်ဟောင်း =  ဆေးလိပ်သောက်သူတိုင်း လူအစုလိုက်စစ်ဆေးခြင်း (ဆခရင်လုပ်ခြင်း) က အကျိုးများစေတယ်။
လမ်းညွှန်သစ် = ၂ဝ၁၃ ကစပြီး USPSTF အဆိုအရ ဆေးလိပ်များများသောက်သူတွေ အသက် ၅၅ ကျော်ရင် CT scan လုပ်ပါ။

ယောက်ျားဆီးကျိတ်ကင်ဆာ
လမ်းညွှန်ဟောင်း = ယောက်ျား အသက် ၅ဝ ကျော်ရင် PSA test + Rectal exam လုပ်ပါ။ အသက် ၇၅ ကျော်ရင် မလို။
လမ်းညွှန်သစ် = USPSTF အဆိုအရ PSA test မလို။ Rectal exam အစာဟောင်းအိမ် (စအိုကတဆင့်) လက်ချောင်းထည့် စမ်းတာလုပ်ပါ။ ACS အဆို အသက် ၅ဝ ကျော်ရင် ဆရာဝန်နဲ့ဆွေးနွေးပါ။

အရေပြားကင်ဆာ
လမ်းညွှန်ဟောင်း = လူအစုလိုက်စစ်ဆေးခြင်း (ဆခရင်လုပ်ခြင်း) ကိုအားပေးတယ်။
လမ်းညွှန်သစ် = USPFTF အဆို အဲလိုလုပ်ဘို့မလိုပါ။ အသားအရေဖြူသူတွေမှာ Melanoma အရေပြားကင်ဆာ ဖြစ်နိုင်ခြေ ပိုများတယ်။ ACS အဆို ကိုယ့်ဖါသာ အရေပြားစစ်ကြည့်နေပါ။ ပြောင်းလဲမှုထူးခြားတာတွေ့ရင် ဆရာဝန်ပြပါ။

သားအိမ်ဝ (ခေါင်း) ကင်ဆာ
လမ်းညွှန်ဟောင်း = USPSTF အဆိုအရ အသက် ၂၁ နှစ်ကနေ ၆၅ နှစ်ကြား အမျိုးသမီးတိုင်း Pap smear စစ်ဆေးတာ ၃ နှစ်တခါ လုပ်ပါ။
လမ်းညွှန်သစ် = လမ်းညွှန်ဟောင်းအတိုင်း လိုက်နာပါ။ USPSTF အဆိုအရ စစ်ဆေးမှုလုပ်ရတာနည်းချင်သူတွေ အသက် ၃ဝ ကနေ ၆၅ နှစ်ကြား Pap smear + HPV test တွဲပြီး ၅ နှစ်တခါလုပ်ပါ။

အူမကြီးကင်ဆာ
လမ်းညွှန်ဟောင်း = အသက် ၅ဝ ကျော်သူတိုင်း Colonoscopy ကိရိယာနဲ့စစ်ဆေးတာခံယူပါ။
လမ်းညွှန်သစ် = USPSTF အဆိုအရ အသက် ၅ဝ ကနေ ၇၅ နှစ်ရှိသူ ယောက်ျားမိန်းမတိုင်း အစုလိုက်စစ်ဆေးမှုခံယူပါ။ ၇၆ နှစ်ကျော်ရင်မလိုပါ။ မိသားစုရာဇဝင်မှာ အူမကြီးကင်ဆာရှိထားရင် စောပြီးစစ်ဆေးမှုခံယူပါ။

ရင်သားကင်ဆာ
လမ်းညွှန်ဟောင်း = အသက် ၄ဝ ကျော်ရင် အမျိုးသမီးတိုင်း Memogram နှစ်စဉ်ရိုက်ပါ။
လမ်းညွှန်သစ် = ၂ဝဝ၉ ကစပြီး USPSTF အဆိုအရ အသက် ၅ဝ ကနေစပြီး Memogram ရိုက်ပါ။ ACS အဆိုအရ အရင်လမ်းညွှန်အတိုင်းသာလုပ်ပါ။ မိသားစုမှာ ရင်သားကင်ဆာရာဇဝင်ရှိသူတိုင်း ဆရာဝန်နဲ့ဆွေးနွေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး