HPV vaccine and Marriage သားအိမ်ကင်ဆာ ကာကွယ်ဆေးနှင့် လက်ထပ်ခြင်း

Sir I want to know how to get HPV vaccine because I will get married soon.

HPV vaccine သားအိမ်ဝ (ခေါင်း) ကင်ဆာ ကာကွယ်ဆေးကို အမေရိကားမှာတော့ အသက် ၉ နှစ်သမီးကနေ ၂၆ နှစ် အထိကို ထိုးပေးတယ်။ မြန်မာပြည်မှာ ဘယ်လိုသတ်မှတ်သလဲတော့ မသိပါ။ သိပ်ကွာမယ်မထင်ပါ။ ကာကွယ်ဆေး မထိုးခင် လိင်ပိုင်းဆိုင်ရာမေးခွန်း မေးဘို့ မလိုပါ။ တခါထိုးထားပြီးရင် ကျန်ဆေးတွေကို စနစ်တကျ ဆေးပါတ်စိအောင်သာ ထိုးပါ။ အဲလိုထိုးထားပြီးရင်လဲ အိမ်ထောင်ကျပေမဲ့ ထပ်ထိုးဘို့မလိုပါ။ ဆေးစစ်တာကလဲ Pap smear/Pap test လုပ်တာပါ။ အပြင်လူနာအနေနဲ့သာ လုပ်ပါတယ်။ အချိန်လဲမကြာပါ။ မိနစ်ပိုင်းလေးသာဖြစ်တယ်။ ထုံဆေး-မေ့ဆေးလဲ မပါပါ။

Gardasil နဲ့ Cervarix ဆေး ၂ မျိုးလုံးကနေ သားအိမ်-ကင်ဆာကိုဖြစ်စေနိုင်တဲ့ HPV infection ကူးစက်မှာကို ကာကွယ်ပေးပါမယ်။ မိန်းကလေးတယောက်ကို လိင်နဲ့ပတ်သက်တာမျိုး မထိတွေ-မဆက်ဆံနိုင်လောက်တဲ့ အချိန်-အသက်အရွယ်မှာ ထိုးပေးသင့်တယ်လို့ သတ်မှတ်ထားတယ်။ FDA ရဲ့သတ်မှတ်ချက်ကတော့ Gardasil ဆေးကို ယောက်ျားလေး-မိန်းကလေး အသက် ၉ နှစ်ကနေ ၂၆ နှစ် နဲ့ Cervarix ဆေးကို မိန်းကလေး အသက် ၉ နှစ်ကနေ ၂၅ နှစ်ဖြစ်တယ်။

နောက်ပိုင်းမှာ ပြင်ဆင်လာတာတွေ ရှိတယ်။ Gardasil နဲ့ Cervarix ဆေးတွေကို မိန်းကလေး အသက် ၁၁-၁၂ နှစ်မှာ ထိုးစေတယ်။ ၉ နှစ်အထိ ငယ်တာကိုလည်း တားတော့မတားပါ။ တကယ်လို့ ငယ်တုံးကမထိုးရသေးရင် ၁၃ နှစ်ကနေ ၂၆ နှစ်ကြား ဘယ်အမျိုးသမီးမဆို တခါမှ မထိုးဘူးသူဖြစ်ဖြစ်၊ ၃ ခါ မပြည့်သူတွေဖြစ်ဖြစ် ထိုးသင့်တယ်။ ၂၆ နှစ်တော့ကျော်ပြီ အရင်က ၃ ခါ မပြည့်သူတွေလဲ ကျန်နေတဲ့ဆေးပါတ်ကို ထိုးနိုင်ပါတယ်။

ယောက်ျားလေးတွေကိုလည်း ၁၁-၁၂ နှစ်မှာ ထိုးရပြီး၊ အဲဒီအရွယ်တုံးက မထိုးရသေးရင်၊ ၃ ခါ မပြည့်သေးရင်လည်း ၁၃-၂၁ နှစ်အတွင်းမှာ ထိုးပါ။ ၂၂-၂၆ နှစ်အထိ ၃ ခါမပြည့်သေးရင် ပြည့်သွားအောင်ထိုးပါ။

ဆိုလိုတာက HPV ပိုးနဲ့မတွေ့ခင်ဆိုတာ အရေးကြီးဆုံးအချက်ဖြစ်တယ်။ ဆေးပညာအရကြည့်ရင် မင်္ဂလာဆောင်တာ-မဆောင်တာထက် အရေးပါတယ်။ ဆရာဝန်တွေက ဒီနေရာမှာ သူများပြောတာကို မယုံတဲ့ဘက်ကနေကြရတယ်။ ရောဂါ ရာဇဝင်သိအောင် မေးချင်တော့ မေးမယ်။ လူပျို-အပျို စစ်သလား၊ မစစ်ဘူးလား ဆိုတာထက် ကူးစက်နိုင်ခြေ ရှိ-မရှိသာ ကြည့်ပါတယ်။

အများသုံးဘို့ရာ အဖြစ်နိုင်ဆုံးကိုသာ ရွေးရလို့ ၉ နှစ်သမီး၊ ၁၁ နှစ်သားတွေ ပါသွားတယ်။ ငါ့သမီးငယ်ငယ်လေး လိင်အရေး နဲ့ ဘာဆိုင်လဲ စိတ်ဆိုးပြီးမေးသူ မမှားပါ။ Child pornography, Child sex tourism, Child-prostitutes, Child Sexual Abuse တွေမှာ ကလေးငယ်လေးတွေ အရွယ်မရွေးရှိနေလို့ FDA သတ်မှတ်ချက်က နည်းတောင် နည်းသေးတယ် ပြောရင်လဲ မှန်တာဘဲ။

မေးတဲ့သူ ပူစရာမလိုပါ။ ဆေးကိုသာ ၃ ခါပြည့်အောင် ထိုးနိုင်ပါတယ်။ မင်္ဂလာရက် နောက်ဆုတ်စရာမလိုပါ။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး