သိပ္ပံမောင်ဝ ကွယ်လွန်ခဲ့တဲ့နေရာ

ဆရာ ရွှေဘိုခရိုင်၊ ကန့်ဘလူမြို့အနီး ဂါးဒါးဆည်ကြီးလည်းရေးတယ်။ ဂါဒါးဆည်ကြီးလည်းရေးတယ်။ ဂါးဒါဆည်ကြီးလည်း ရေးတယ်။ ဘယ်ဟာ ယူရပါ့မလဲဆရာ။

ဆိုင်းဘုတ်ဖတ်မှသာ အမှန်သိပါမယ်။ ကျွန်တော်က မဖတ်ဖူးသေးပါ။

ဟုတ်ကဲ့ပါ ဆရာ။

အခုပဲ လိုက်ရှာတာ တွေ့တယ်။ https://www.facebook.com/pg/myanmardiary/posts/

၁၉၄၂ ခုနှစ် ဇွန်လ ယနေ့လိုရက်မျိုးမှာ ကိုလိုနီခေတ် ခေတ်စမ်းစာပေပညာရှင် ဗြိတိသျှ အစိုးရအမှုထမ်းလည်း ဖြစ်သူ ဦးစိန်တင် (သိပ္ပံမောင်ဝ) ဟာ စစ်ပြေးရင်း ရွှေဘိုခရိုင်ကန့်ဘလူနယ် ဂါးဒါးဆည်ကြီးရွာမှာ ဓားပြလက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။

သိပ္ပံမောင်ဝအကြောင်း မြန်မာ့စွယ်စုံကျမ်းထဲမှာလိုက်ရှာပါတယ်။ အတွဲ (၄) မှာ စိန်တင် ဦး ပါတယ်။

၁၁-၁ဝ-၁၉၃၇ နေ့စွဲနဲ့ရေးတဲ့ သိပ္ပံမောင်ဝစာမှာ သည်လိုရေးခဲ့ပါတယ်။

မောင်ဝဆိုတဲ့မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလိုရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့ကာ သာသဗျ။့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲ လက်ကိုင်ထားတယ်။ ဒါတောင် တခါတခါ အမှားတွေဖေါက်ဖေါက်လာတယ်။

သိပ္ပံမောင်ဝရေးခဲ့တာ တစ်ခါတစ်ခါ မဟုတ်ပါ။ သိပ္ပံမောင်ဝထက်မြန်မာစာတော်သူတွေကသာ တစ်ကြတယ်။

စိန်တင် ဦး

သိပ္ပံမောင်ဝ ကွယ်လွန်ခဲ့တဲ့နေရာပို့စ်အောက်မှာ ကွန်မင့် ၂ ခုက စိတ်ဝင်စားစရာတွေဖြစ်တယ်။ ကျေးဇူး။

၁။ ကျွန်တော် ကန့်ဘလူသားပါ အခုရွာနာမည်ရေးတာတော့ ဂါးတာလို့ ရေးပါတယ်။

၂။ အရင်တုန်းကတော့ ဘယ်လိုရေးခဲ့ ဖတ်ခဲ့ကြတယ်ဆိုတာ သမီးမသိပါဘူးဆရာ အခု ကန့်ဘလူမှာ သမီး တာဝန်ကျနေပါတယ်ဆရာ ကန့်ဘလူက ၂၀၁၆ခုနှစ် မတ်လ ၃၀ရက်နေ့က စပြီး ခရိုင်အဆင့်မြို့ဖြစ်သွားပါပြီဆရာ သိပ္ပံမောင်ဝကွယ်လွန်ခဲ့တဲ့ရွာအမည်ကိုလည်း ယခုလက်ရှိတော့ ဂါးထာဆည်ကြီးလို့ ရေးကြပါတယ်ဆရာ အမှန်တကယ်မြေပြင်မှာကတော့ ဂါးထာရွာနဲ့ ဆည်ကြီးရွာက တရွာစီသီးသန့်စီပါဆရာ အဲဒီဂါးထာက သိပ္ပံမောင်ဝရဲ့ဇာတိရွာဆိုတာရော ဟုတ်ပါသလားဆရာ ဒီဘက်ဒေသမှာ ပြောပြောနေကြလို့ပါ ဆရာ။

သိပ္ပံမောင်ဝဟာ မော်လမြိုင်မြို့ မုပွန်နတ်ကျွန်းရပ်မှာ ၁၂၆၁ ခုနှစ်မှာ ဦးအုန်းရွှေနဲ့ ဒေါ်ဒေါ်သစ်တို့ကနေ မွေးဖွါးခဲ့တယ်။ နာမည်ရင်းက ဦးစိန်တင်ဖြစ်တယ်။ သူရိယနေ့စဉ်သတင်းစာမှာ သိပ္ပံကျောင်းသားမောင်မြသွင် ကလောင်အမည်နဲ့ မြန်မာမှုဆောင်းပါးတွေ စရေးတယ်။ အောက်စဖို့တက္ကသိုလ်ကနေလည်း စာတွေဆက်ရေးတယ်။

မြန်မာစာဂုဏ်ထူးယူသည်ဟု အင်္ဂလိပ်စာအုပ်များကို မဘတ်ဘဲ မနေပါနှင့်လို့လည်း ဆောင်းပါတပုဒ်မှာ ရေးတယ်။

မြန်မာစာပေ တိုးတက်ရေးသည် ကျွန်ုပ်တို့၏ တာဝန်ဖြစ်သည်။ ကျွန်ုပ်တို့ပြုမျှနုရမည့်မြန်မာစာဖြစ်သည်။ ကြိုးစားကြစို့။ (၂၂-၉-၁၉၃ဝ)

ဝေဘန်ချက်ရေးသူတို့မှာ မိတ်ဆွေမျက်နှာကို မထောက်ရ။ စာပေတိုးတက်ရေး စာပေကြီးပွားရေးမျက်နှာကိုသာ ထောက်ရပေသည်။ ပုဂ္ဂိုလ်ခင်သောကြောင့် တရားမင်ခြင်းသည် သူတကာကိုလမ်းမှားညွှန်ပြသည်နှင့်တူ၏ (၂၂-၆-၁၉၃၃)

မောင်မြသွင်၏ ဆောင်းပါးများတွင် အမှားပြင်လိုက်သည်အတွက် သာ၍ဝမ်းမြောက်ပါ၏။ ကျွန်ုပ်ကား သူတကာကဲ့သို့ အမှားပြင်ခြင်းကိုမကြိုက်သူ မဟုတ်။ ကြိုက်သူဖြစ်လေသည်။ (၂၇-၆၁၉၃၃)

မောင်ဝ၌ ရွှင်ပြသောဥာဏ်ရှိစေကာမူ လင်္ကာဥာဏ်ကား ထင်သလောက်မရှိသည်ကို မောင်ဝန်လည်းရိပ်မိပေလိမ့်မည်။ မောင်ဝကား လင်္ကာဆရာမဟုတ်။ လူပျက်မျှသာတည်း။ (၅-၉-၁၉၃၃)

စာတတ်တိုင်းလည်း လူမချီးမွန်း။ လူချစ်မများ။ လူ မစခြင်းမရှိ။ ထင်ပေါ်ခြင်းမရှိ။ ဤကို သတိများများထားရာ၏။ စာတတ်ပြီး သဘောထားကြီးမှသာလျှင် လူခင်များ၏။ လူချီးမွမ်းများ၏။ မစချင်သူများ၏။ ထင်ပေါ်၏။ (၂၇-၆-၁၉၃၃)

ဦးစိန်တင်သည့့် တခါတရံသနားစရာ၊ တခါတရံ နှစ်သက်စရာ၊ တခါတရံ ချီးကျူးစရာ၊ တခါတရံ ရှုတ်ချစရာဖြစ်အောင် ရေးထားသည်ကို ဖတ်ရှုနိုင်လေသည်။

ဦးစိန်တင် (သိပ္ပံမောင်ဝ) အကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ  ဦးဝန် ခေါ် မင်းသုဝဏ်နဲ့ ဇော်ဂျီ ခေါ် ဦးသိန်းဟန်တို့က ရေးသားကြရာမှာ တစ်ခါတစ်ရံလို့ မရေးပါ။

ဒေါက်တာတင့်ဆွေ
၇-၉-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး