Basic Obstetrics အခြေခံ သားဖွားပညာ
1. အမျိုးသမီး မျိုးပွားစနစ်၏ ခန္ဓာဗေဒ၊
2. ရာသီဆင်းခြင်း၊
3. သန္ဓေဖြစ်ခြင်း၊
4. ကိုယ်ဝန်ဆောင်ခြင်း
5. ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊
6. ဗိုက်စမ်းခြင်း၊
7. မွေးလမ်းကြောင်းအား စစ်ဆေးခြင်း၊
8. ကလေး၏ အနေအထားများ၊
9. မွေးဖွားပုံအဆင့် (၃) ဆင့်
10. အချင်း၊ ချက်ကြိုး၊
11. မွေးဖွားနေစဉ် ကလေး၏ ခန္ဓာကိုယ်အနေအထား ပြောင်းလဲပုံ အဆင့်ဆင့်
12. မွေးဖွားခြင်းအကျဉ်းချုပ်
13. မွေးလမ်းကြောင်းချဲ့၍ မွေးပေးခြင်း၊
14. အချင်းအားလက်ဖြင့် ထုတ်ပေးရခြင်း၊
15. မွေးဖွားပြီးနောက် စောင့်ရှောက်ပေးခြင်း
16. ပုံမှန်မဟုတ်သော မွေးဖွါးခြင်း
17. မွေးကာစကလေး
18. စောပြီးမွေးပေးခြင်းနှင့် မြန်မြန်မွေးအောင်လုပ်ပေးခြင်း၊
19. တင်ပါးဆုံပြုခြင်း
20. ကလေး တယောက်မကဖြစ်ခြင်း
21. ကိုယ်ဝန်ပျက်ခြင်း
22. ဗိုက်ခွဲမွေးပေးခြင်း၊
23. စပျစ်သီးခိုင်ကဲ့သို့ သားပျက်ခြင်း၊
24. ကိုယ်ဝန်သွေးဆိပ်တက်ခြင်း
25. မမွေးမီသွေးဆင်းခြင်း
26. သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း
1. အမျိုးသမီး မျိုးပွားစနစ်၏ ခန္ဓာဗေဒ
မိန်းမကိုယ်မှာ နှခမ်းသားအကြီး၊ နှခမ်းသားအသေး၊ မ-အစိ (ကလိုက်တောရစ်စ်) နှင့် ဆီးသွားပေါက်တွေ ရှိနေသည်။
ဗဂျိုင်းနားခေါ် မွေးလမ်းကြောင်းသည် ပြွန်ကဲ့သို့ရှိသည်။ ကြွက်သားများဖြင့်တည်ဆောက်ထားပြီး ဆန့်နိုင်ကြုံ့နိုင်သည်။ မွေးလမ်းကြောင်းသည် 3 inches (7.5 cm) ရှည်သည်။ ၎င်း၏ရှေ့တွင် ဆီးအိမ်၊ နောက်တွင် အစာဟောင်းအိမ်တို့ ရှိကြသည်။ ကြွက်သားဖြင့် ပြုလုပ်ထားသည်။
သားအိမ်တွင် သားအိမ်ဝ၊ သားအိမ်ထိပ်ပိုင်း၊ ပါးသော သားအိမ်အောက်ပိုင်း၊ ထူသော သားအိမ်အထက်ပိုင်း၊ အပေါ်ယံဖုံးအလွှာ၊ သားအိမ်အတွင်းလွှာနဲ့ သားအိမ်ကြွက်သားတို့ပါဝင်သည်။ သားအိမ်သည် 7.5 cm x 5 cm x 2.5 cm အရွယ်ရှိ၍ 30 - 40 gm လေးသည်။ တင်ပဆုံရိုးကွင်းအတွင်း အလယ်၌ရှိသည်။ ၎င်း၏ရှေ့တွင် ဆီးအိမ်၊ နောက်တွင် အစာဟောင်းအိမ်၊ အောက်တွင် မွေးလမ်းကြောင်းရှိသည်။ (သားအိမ်) ကို အပေါ်ထိပ်ပိုင်း၊ ကိုယ်ပိုင်း၊ လည်ပင်ပိုင်းနှင့် သားအိမ်အဝဟူ၍ ခွဲခြားနိုင်သည်။ သားအိမ်၏ ကိုယ်ထည်ပိုင်းအား ကြွက်သားဖြင့် ပြုလုပ်ထားသည်။ အထဲ၌ 6.25 cm ရှည်သော သားအိမ်အခေါင်းရှိသည်။ နံရံသည် ကြွက်သားဖြင့် လုပ်ထားသည်။ သားအိမ်၏အထက်ပိုင်း ဘေးတဖက် တချက်စီမှ အခေါင်းပါသည့် 10 cm ရှည်သော သားအိမ်ပြွန် တခုစီရှိသည်။ ပြွန်၏ထိပ်ဝမှာ လက်ချောင်းပုံရှိသော အပေါက်ဝရှိသည်။ ၎င်းအပေါက်သည် ဝမ်းဗိုက်ထဲသို့ ပွင့်နေသည်။
သားအိမ်ဝမှာ သားအိမ်၏ အောက်ဆုံးပိုင်းဖြစ်သည်။ အောက်တဝက်က မွေးလမ်းကြောင်းထိပ်အတွင်း ဝင်နေသည်။ အထဲပေါက်နှင့် အပြင်ပေါက်တို့ရှိသည်။ အပြင်ပေါက်သည် ကလေးမွေးချိန်မှလွဲ၍ အမြဲစေ့ပိတ်နေသည်။ တိုသော ရှေ့နုတ်ခမ်းနှင့် ရှည်သော နောက်နုတ်ခမ်းတို့ ရှိသည်။ သားအိမ်နှုတ်ခမ်းသည် တင်းမာ၍ ပန်းရောင်ရှိပြီး၊ ပြောင်ချောနေသည်။ ကိုယ်ဝန်ရှိလျင် အရောင်ပြာလာသည်။ အဖြူဆင်းခြင်း၊ ကင်ဆာဖြစ်ခြင်းတို့သည် သားအိမ်ဝမှာဖြစ်သည်က များသည်။
ဘယ်နှင့်ညာ မျိုးဥအိမ်များသည် 4 cm x 2 cm x 8 mm အရွယ်ရှိ၍ 2 - 3.5 gm လေးသည်။ တလလျင် မျိုးဥ ၁ ဥ ထွက်ပေးသည်။
အမျိုးသမီးတင်ပဆုံရိုးသည် ပို၍သေး၊ ပို၍ ချောမွေ့၊ ပို၍ကျယ်ဝန်းသည်။ အထူးသဖြင့် အရိုးကွင်း၏ အထက်ဝင်ပေါက်သည် ပို၍ဘေးကားနေကာ ဝိုင်းသည်။ နောက်၌ရှိသော မီးညှောင့်ရိုးက ပို၍လှုပ်ရှားနိုင်ပြီး၊ အောက်ပိုင်း ထွက်ပေါက်သည် ဘေးသို့ကားသည်။
2. ရာသီဆင်းခြင်း
ရာသီဆင်းခြင်းဖြစ်စဉ်သည် မိန်းကလေး အရွယ်ရောက်သည့်အချိန်မှ သွေးဆုံးချိန်အတွင်း မျိုးပွား (ဟော်မုန်း) အမျိုးမျိုးတို့၏ အနည်းအများ အပြောင်းအလဲများကြောင့်ဖြစ်ရသည်။ မျိုးပွား(ဟော်မုန်း) များတွင် (အီစရိုဂျင်) ၊ (ပရိုဂျက်စတီရုံး) ၊ (ဖေါ်လီကူလာ-ဟော်မုန်း) ၊ (လူတီရယ်-ဟော်မုန်း) တို့ပါဝင်သည်။ သားအိမ်း၏ အတွင်းနံရံသည် လစဉ် အထူအပါး ပြောင်းလဲနေသည်။ လအစ ရာသီဆင်းပြီးချိန်၌ အပါးဆုံးဖြစ်ရာမှ တရက်ပြီးတရက် ထူလာသည်။ လလည် ရက်တွင် မျိုးဥအိမ်မှ မ-မျိုးဥ တဥထွက်သည်။ ၎င်းမျိုးဥသည် ကျားသုက်ပိုးနှင့် တွေ့ပါက ကိုယ်ဝန်ဖြစ်မည်။ မ-မျိုးဥသည် ကျားသုက်ပိုးနှင့် မတွေ့ပါက လကုန်သည်နှင့် သားအိမ်အတွင်း နံရံသည် အထူဆုံးအဆင့်မှ ပျက်စီးသွားကာ ရာသီသွေး အဖြစ် မွေးလမ်းကြောင်းမှ ဆင်းသည်။
၂၈ ရက် (၇ ပါတ်) ကို ၁ လဟု တွက်ထားသည်။ တယောက်နှင့် တယောက် မတူကြ။ ရက် ၃ဝ လည်း ဖြစ်နိုင်သည်။ ၁ ရက်မှ ၆ ရက်အထိ သွေးဆင်းပြီး၊ သားအိမ်ကြွက်သားများ ပါးရာမှ ထူလာသည်။ ၁၄ ရက် လလည်နေ့တွင် မျိုးဥအိမ်မှ မျိုးဥထွက်သည်။ မ-မျိုးဥ ခေါ် (အိုဗမ်) သည် မျိုးဥအိမ်မှ ထွက်သည်။ 0.2 mm အရွယ်သာရှိသည်။ မိန်းကလေး အရွယ်ရောက်ချိန်တွင် ၃ သိန်းရှိမည်။ အချို့သာလျင် ရင့်မည့်သောဥအဖြစ် ပြောင်းလဲ နိုင်သည်။ သွေးဆုံးချိန်၌ မရှိကြတော့ချေ။ ရာသီတလအတွင်း မ-မျိုးဥ ခေါ် (အိုဗမ်) ၁ ဥသာ ထွက်သည်။
ကိုယ်ဝန်မဟုတ်ပဲ ရာသီသွေးမဆင်းခြင်း
ကိုယ်ဝန်မဟုတ်ဘဲ၊ သွေးမဆုံးသေးဘဲ၊ မွေပြီးနို့တိုက်ချိန် မဟုတ်ဘဲ၊ ရာသီသွေးမဆင်းတော့ခြင်းသည် ကိုယ်အလေးချိန် အလွန်လျှော့ခြင်း၊ တိုးခြင်းတို့ကြောင့်၎င်း၊ ဆေးဝါးများကြောင့်၎င်း၊ စိတ်ပူပန်မှုကြောင့်၎င်း ဖြစ်စေနိုင်သည်။ အကြောင်းရင်းကို ကြည့်၍ ကုသပေးရမည်။ အပျိုမြှေးသည် လုံးဝ ပိတ်နေသောကြောင့် ရာသီသွေးသည် အပြင်မထွက်နိုင်ဘဲ၊ သားအိမ်နှင့် မွေးလမ်းကြောင်းထဲတွင် စုနေသည့် မွေးရာပါရောဂါရှိသည်။ ခွဲစိတ်ပြုပြင်ပေးရသည်။
3. သန္ဓေဖြစ်ခြင်း
Semen ခေါ် ကျားသုက်ရည် ၁ မီလီလီတာတွင် Sperm Cell သုက်ပိုးပေါင်း သန်းချီပြီးပါနေသည်။ အမျိုးသမီး၏ မွေးလမ်းအတွင်း ၃ ရက်ကြာ ရှင်နေနိုင်သည်။ ထို့ကြောင့် ၎င်းရှင်နေစဉ် မ မျိုးဥနှင့် တွေ့လျင် သန္ဓေတည်နိုင်သည်။
မ-မျိုးဥအိမ်မှ တလတကြိမ်ထွက်သည့် မ-မျိုးဥ တဥရှိနေစဉ် ကျား-မ အတူနေခဲ့လျင်၊ ကျားသုက်ပိုးက မွေးလမ်းထဲမှ သားအိမ်၊ ထို့နောက် သားအိမ်ပြွန်ထဲ ဝင်လာသည်။ မ-မျိုးဥကလည်း ပြွန်ထဲဝင်လာကာ ပေါင်းစပ်ကြသည်။ (ဆဲလ်) ၁ ခုမှ ၂ ခု၊ ၄ ခု စသည် ပွားများလာသည်။ ပြွန်ထဲမှ သားအိမ်ထဲသို့ ပြန်ဆင်းလာပြီး၊ (ဆဲလ်) ပေါင်း မြောက်မြားစွာပွား၍၊ သန္ဓေသားဖြစ်လာကာ အတွင်း နံရံ၌ တွယ်ကပ်လိုက်သည်။ ကိုယ်ဝန်ရှိပြီ။ ထိုအချိန် အထိ ၇-၈ ရက် ကြာသည်။ သန္ဓေသည် ၈ ပတ်ဆိုလျင် ဦးနှောက်နှင့် အာရုံကြောမှလွဲလျင် အင်္ဂါစုံပြီ။ အချင်းဖြစ်ပြီ။ ၁၂ ပတ် ရှိလျင် သားအိမ်အပြည့် ဖြစ်လာသည်။ ၁၄ ပတ် ရှိလျင် ကျား-မ ခွဲလို့ရပြီ။ ၁၈-၂၂ ပတ် ရှိပါက ကလေးလှုပ်သည်ကို သတိထားမိမည်။
4. ကိုယ်ဝန်ဆောင်ခြင်း
ကိုယ်ဝန်ဆောင်ခြင်းဆိုသည် သန္ဓေသားတယောက်၊ သို့မဟုတ် တယောက်မက ရှိလာခြင်း ဖြစ်သည်။ ကိုယ်ဝန်တခုကို ပဌမ (၃) လ၊ ဒုတိယ (၃) လ၊ တတိယ (၃) လဟု ပိုင်းခြား လေ့လာသည်။ ပဌမ (၃) လသည် ကိုယ်ဝန်ပျက်ရန် အဖြစ်နိုင်ဆုံး ကာလဖြစ်သည်။ ဒုတိယ (၃) လတွင် ကလေး၏ ဖွံ့ထွားမှုများကို ကောင်းစွာ စောင့်ကြည့်နိုင်ပြီ။ တတိယ (၃) လသည် ကလေးသည် ရှင်မလား၊ ဆေးမကူဘဲ မွေးမည်လား ဆိုသည်ကို အဆုံးအဖြတ်ပေးသည်။
ကိုယ်ဝန်ဆောင်စ လက္ခဏာများ
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြား ပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နှင့် စိတ်ပိုင်းဆိုင်ရာလည်း ပြောင်းလာသည်။
ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း
ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန်လျှော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်မှာ အဖြစ်များသည်။ အနားယူခိုင်းပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲပေးပါ။ ပရိုတင်းများများ ကြွေးသင့်ပြီး၊ အဆီနှင့်အစပ် လျှော့သင့်သည်။ NS/RL သွင်းပေးဘို့ လိုနိုင်သည်။ ဂလူးကို့စ်၊ ဗီတာမင် B 1, B 6, မဂ္ဂနီဆီယမ် ပေးရမည်။
အအန်သက်သာရန် Doxylamine 10 mg နှင့် Vitamin B6 10 mg ရောပေးသင့်သည်။ Promethazine 12.5-25 mg ကို ၄ နာရီ ခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြား ပေးနိုင်သည်။ Meclizine, Dimenhydrinate, Metoclo-pramide တို့ကိုလည်း ပေးနိုင်သည်။ Corticosteroids (Methylprednisolone 16 mg စားဆေး IV every 8 hours) ကို နောက်ဆုံး အဖြစ်ပေးနိုင်သည်။ ကိုယ်ဝန်နုစဉ် Corticosteroids မပေးသင့်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 QID လည်း ကောင်းသည်။
ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
• ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်း၍မ မရ။ မလုပ်ရ။ ခြေထောက်အား အမြင့်တွင်တင်၍ နားပါ။ ဒူးကွေး၍ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေထိုင်ပါ။
• အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှည်းနေပါ။ အကြာကြီးမရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ ထိပ်ဖျား အရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကျိတ် ရှိ-မရှိ စစ်ဆေးပါ။
5. ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊
မိခင်လောင်းတိုင်းအား သာမန်အားဖြင့် ရက်သတ္တ ၄ ပတ်မှ ၂၈ ပတ် အတွင်း တလတကြိမ်။ ၂၈ ပတ် မှ ၃၆ ပတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပတ်မှ မွေးသည်အထိ တပတ်တကြိမ်၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းလုပ်ပေးရမည်။ ကိုယ်ဝန်နှင့် ပတ်သက်သော အသိပညာပေးရမည်။ အလေးချိန်၊ သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနှင့် ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံနားထောင်ပါ။ ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။
မှတ်တမ်းတင်ခြင်း။ ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G ဟု၎င်း၊ အရှင်မွေးသမျှကို P ဟု၎င်း ရေးမှတ်ရသည်။ သားဦး ကိုယ်ဝန်ကို G 1 ဟု မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 စသည် ခေါ်သွားသည်။ တခါမှ မမွေးဖူးလျင် P 0 ဟု မှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမည်။ ပျက်တတ်သည်။ ကိုယ်ဝန်ပျက်သည့် အရေအတွက်ကို P ၏ နောက်က အပေါင်းလက္ခဏာဖြင့် ရေးသည်။ ဥပမာ G 3, P 1+1 ဆိုသည်မှာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၍ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။
နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ (LMP) နောက်ဆုံး သွေးဆင်းသောလတွင် ပဌမဆုံး စလာသည့် နေ့ကိုယူပါ။ မွေးဖွားမည့်ရက် (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနှင့် ၇ ရက် ပေါင်းထည့်ပါက EDD ရသည်။ အမှန်မှာ EDD ၏ ရှေ့-နောက် ၂ ပတ်အတွင်း မွေးနိုင်သည်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်အပြီး ရက်ပေါင်း ၂၈ဝ သို့မဟုတ် ရက်သတ္တပတ် ၄ဝ ဖြစ်သည်။ သို့သော် (၃၇-၄၂) ပတ်လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေးမှတ်ရာတွင် ၁ ပတ် = ၇ ရက်၊ တလ = ၄ ပတ်၊ တလ = ၃ဝ ရက်၊ ဖြင့်သာ တွက်ယူပါ။
ဓါတ်ခွဲစမ်းသပ်ခြင်းများ အောက်ပါတို့ကို ကိုယ်ဝန်ဆောင်အားလုံး စစ်ဆေးရမည်။
• သွေးအုပ်စု။ (A, B, AB, or O)
• (အာရ်အိခ်ျ-ဖက်တာ) Rh factor
• (ဟီမိုဂလိုဗင်) Hemoglobin (Hb) (ယောက်ျားလူကြီး 14-18 gm/dl နှင့် မိန်းမလူကြီး 12-16 gm/dl)
• အသည်းရောင်(ဘီ) ပိုး Hepatitis B virus
• ဆီးထဲရှိ သကြားဓါတ် Urine Sugar
• ဆီးထဲရှိ ပရိုတင်းဓါတ်၊ Urine Albumin
• လိင်မှတဆင့် ကူးစက်ရောဂါများ (STDs, STIs) နှင့် HIV
• Ultrasound (အာလ်ထွာဆောင်း) ရိုက်ခြင်း၊
ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
ကိုယ်ဝန်ဆောင်စ ဖြစ်တတ်သည်များအား ကုသပေးပြီးနောက် ပုံမှန်ကိုယ်ဝန်ဆောင်များကို မေးခိုင် ကာကွယ်ဆေး (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ သံဓါတ်၊ ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီအုပ်စု၊ ကယ်လ်စီယမ်၊ B 12 ဗီတာမင် (၁၂) ။ အခြား ကိုယ်ရောင်၊ သွေးဖိအားတက်ခြင်းများ ရှိလျှင်လည်း ကုသပေးရမည်။
6. ဗိုက်စမ်းခြင်း
ပဌမဆင့်၊
လူနာ၏ ညာဖက်ကနေပါ။ ဝဲဖက် လက်ဝါးစောင်းဖြင့် ကိုယ်ဝန်၏ အမြင့်ဆုံးကို ရှာ၍ ကိုယ်ဝန်သည် မည်မျှ ရှိသနည်းကို ခန့်မှန်းရသည်။ ယင်းနေရာ၌ ကလေး၏ မည်သည့် အစိတ်အပိုင်း ရှိနေသနည်း။ ကလေး၏ ဦးခေါင်းသည် လုံးဝန်း၍ မာပြီး၊ တင်ပဆုံသည် ခေါင်းလောက်မမာ၊ ခေါင်းလောက် မလုံးဝန်းခြေ။ ကလေး၏ ဦးခေါင်းသည် ဇောက်ထိုး သို့မဟုတ် မိခင်၏ ဆီးစပ်ရိုးတွင် ရှိနေသည်က အများဆုံးဖြစ်သည်။ ခြေကဖွါးမည့်ကလေးဆိုလျင် ကလေး၏ တင်ပါးက မိခင်၏ ဆီးစပ်နေရာမှာ ရှိမည်။
ဆီးစပ်ရိုးအထက် ကိုယ်ဝန်စပြီး စမ်းရချိန်သည် ၁၂ ပတ် = ၃ လရှိနေပြီ။ ကိုယ်ဝန် ၃ လထက်စောလျင် ဗိုက်ကနေ စမ်းမရပါ။ ဆီး-သွေးစစ်တာက အသေခြားဆုံးဖြစ်သည်။ ဒါမှမဟုတ် မွေးလမ်းကြောင်းစမ်းသပ်ခြင်း လုပ်ရမည်။ (ဗဂျိုင်းနား) မွေးလမ်းကြောင်းထဲ လက်တဖက်ထည့်လျက် ကျန်လက်တဖက်က ဗိုက်မှ စမ်းရသည်။ ကိုယ်ဝန်ရှိနေပါက လက်နှစ်ခုကြားတွင် မြင့်နေသည့် သားအိမ်ကို တွေ့ရမည်။
• ဆီးစပ်ရိုးအထက် ကိုယ်ဝန်စပြီး စမ်းရချိန်သည် ၁၂ ပတ် = ၃ လ၊
• ဆီးစပ် နှင့် ချက်ကြား အလည် ၁၆ ပတ် = ၄ လ၊
• ချက်၏ အောက် ၂ဝ ပတ် = ၅ လ၊
• ချက်၏ အထက် ၂၂ ပတ် = ၅ လခွဲ၊
• အမြင့်ဆုံးသည် ၃၈ ပတ် = ၉ လ၊ ရင်ခေါင်းဆိုက်ချိန် သို့မဟုတ် နံရိုးအောက်ဆုံးနှင့် ထိချိန်၊ အနေရ အခက်ဆုံးအချိန်၊
• ၄ဝ ပတ် မွေးခါနီးလျင် ကလေး ဦးခေါင်းအရိုးကွင်းထဲ ဝင်သွား၍ အနည်းငယ် အောက်ကျလာသည်။ ကလေးဦးခေါင်းကို ဘယ်-ညာလှုတ် မရတော့။
ဒုတိယဆင့်
သားအိမ်ထိပ်မှာ လက်တဖက်တင်ထားလျက်၊ ကျန်လက်တဖက်၏ လက်မနှင့်ကျန်လက်ချောင်းတို့ဖြင့် ဆီးစပ်နေရာကို စမ်းပါ။ ဦးခေါင်း သို့မဟုတ် တင်ပဆုံတခုခု စမ်း၍ရမည်။ ၎င်းအစိတ်အပိုင်းအား ဘေးတဖက်တချက်သို့ လှုပ်ကြည့်ပါ။ မွေးကာနီး၌ ကလေး၏ဦးခေါင်းသည် မိခင်၏အရိုးကွင်းထဲ ဝင်လာပြီဆိုလျင် ဘေးတိုက် ရွေ့ကြည့်ပါက မရတော့။
တတိယဆင့်
ကိုယ်ဝန်၏ ဘေးတဖက်တချက်အား ညင်သာသော ဖိအားသုံး၍ မိမိ၏ လက်ဝါးနှစ်ဖက်ဖြင့် စမ်းရသည်။ ကလေး၏ ကျောရိုးဖက်နှင့် ရှေ့ဖက်တို့အားရှာရသည်။ ကျောရိုးသည် မာကြောသည်။ ရှေ့ဖက်မှာ ကလေး၏ လက်၊ ခြေများရှိသည်။ ကလေးအမွှာဖြစ်ပါက ခေါင်း ၂ လုံး ရှာ၍ ရမည်။ ကလေးကန့်လန့်ဖြစ်နေလျင် သိသာမည်။ ဗျက်စမ်းပြီး တဆက်ထဲ ခြေသလုံးစမ်းရမည်။ ကိုယ်ဝန်ဆောင်၏ ခြေထောက် (ခြေသလုံး) အား အရိုးပေါ်နေရာကို လက်ချောင်း ၁ ချောင်းဖြင့်ဖိ၍ ခဏအကြာ ပြန်လွတ်ပြီး၊ ဖိသည့်နေရာသည် ခွက်ဝင်သွားခြင်းရှိပါက ကိုယ်ရောင်ခြင်း Pitting Oedema ရှိသည်ဟု ခေါ်သည်။ ဆီးထဲ (အယ်လ်ဗြူမင်) ရှိ-မရှိ စစ်ရမည်။ သွေးဖိအားတိုင်းရမည်။ PET ကိုယ်ဝန်ဆောင် သွေးဆိပ်တက်တာ ဟုတ်-မဟုတ် စစ်ခြင်းဖြစ်သည်။
FHS ကလေးနှလုံးခုန်သံအား နားထောင်ခြင်း
တောနယ်များတွင် Trumpet ခေါ် ကရိယာလေးသုံးပါ။ ဆေးခန်းများတွင် Stethoscope နားကြပ် သုံးပါ။ ဖြစ်နိုင်လျှင် Fetal Doppler ကရိယာသုံးပါ။ ကိုယ်ဝန် ၂၂ ရက်ကစ၍ ကလေးနှလုံးစခုန်သည်။ ၉-၁ဝ ပတ်ဆိုလျင် နားထောင်နိုင်သည်။ မိခင်၏နှလုံးခုန်သံသည် တမိနစ်လျင် ၁ဝဝ ထက်မပို။ ကလေးသည် ၁၂ဝ-၁၆ဝ ခုန်မည်။ ကလေး၏ ခါးရိုးဖက်က ပိုကြားရမည်။ ဗိုက်ထဲရှိကလေး၏ နှလုံးခုန်သံ FHS ရက်သတ္တပတ် ၂ မှ ၄ဝ အထိ တမိနစ်လျင် ၁၂ဝ-၁၆ဝ ရှိသည်။
ဘာ့ကြောင့် အလေးချိန် တိုးလာသသနည်း
• မိခင်၏အာဟာရများ = ၇ ပေါင်
• တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
• တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
• တိုးလာသောနို့ = ၂ ပေါင်
• ကြီးလာသောသားအိမ် = ၂ ပေါင်
• ကလေး၏အလေးချိန် = ၇့၅ ပေါင်
• ရေမြွှာရေ = ၂ ပေါင်
• အချင်း၏အလေးချိန် = ၁့၅ ပေါင်
• စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်
7. မွေးလမ်းကြောင်းအား စစ်ဆေးခြင်း၊
(က) အပြင်မှစစ်ဆေးခြင်း အပြင်မှ အရောင်အဆင်း၊ ယားယံခြင်းလက္ခဏာ၊ အလုံး-အကျိတ်၊ တခုခုဆင်းခြင်း၊ မွေးရောပါရောဂါ ရှိမ-ရှိ ကြည့်ပါ။ ကိုယ်ဝန်ဆောင်အား လက်ဖြင့်စမ်းခြင်း။ စမ်းသပ်သူ၏ လက် ၁ ချောင်း သို့မဟုတ် ကလေးထွက်ခါနီးလျင် လက် ၂ ချောင်းဖြင့် စမ်းပါ။
(၁) သားအိမ်သည် ရှေ့က ဆီးအိမ်အပေါ်ကိုင်းနေခြင်း Antiverted Uterus (AV) သို့မဟုတ် နောက်ဖက်သို့ ကိုင်းနေခြင်း Retroverted uterus (RV) တမျိုးမျိုး ရှိမည်။ ပုံမှန်သာဖြစ်သည်။
(၂) သားအိမ်အဝ၏ အကျယ်အား စမ်းသည်။ မွေးဖွားခြင်း ဒုတိယဆင့်တွင် ဝ စင်တီမီတာမှ ၁ဝ စင်တီမီတာ အထိကျယ် လာမှမွေးမည်။ လက်ချောင်း ၁ ချောင်းကျယ်သည်ကို 1/5 (1F) ဟုခေါ်သည်။ 2/5, 3/5, 4/5 နောက်ဆုံး Os Full = 10 cm
(၃) သားအိမ်လည်ပင်း မည်မျှရှည်သနည်းကို စမ်းရသည်။ ပုံမှန်အားဖြင့် ၃-၄ စင်တီမီတာရှည်သည်။ မွေးခါ နီးလေ တိုလေဖြစ်သည်။ သားအိမ်အဝအထက် ကလေး၏ ဦးခေါင်းကိုထိရန် မည်မျှ ဝေးသနည်းကို ကြည့်ရသည်။ သားအိမ်အဝ၏ အမာ-အပျော့ စမ်းသည်။ မွေးခါနီးလျင် ပျော့လာရမည်။
(၄) ကလေး၏ ဦးခေါင်းသည် မိခင်အရိုးကွင်းရှိ အကျဉ်းဆုံးနေရာဖြစ်သော (အစ်ချီရယ်-စပိုင်း) နှစ်ခု၏ အထက်-အောက် မည်သည့်နေရာတွင် ရှိနေသနည်း။ ၎င်း၏အောက် ရောက်လာလျင် ကလေးကို မွေးလမ်းကြောင်းက မွေးနိုင်သည်။ အတွေ့အကြုံရှိမှ စမ်းတတ်မည်။
(၅) သားအိမ် ကျယ်လာပါက ကလေး၏ဦးခေါင်းကို စမ်း၍ရမည်။ ဦးခေါင်းပေါ်တွင် ရေမြွှာအိတ် (မပေါက်သေးပါက) ဖုံးနေမည်။ ညှစ်လိုက်လျင် စူလာမည်။ ကလေး၏ ဦးခေါင်း မဟုတ်ပါက တင်ပါးဆုံကို စမ်း၍ရမည်။ သို့မဟုတ်ပါက အချင်းကို စမ်းတွေ့ရမည်။
ကိုယ်ဝန်မရှိသူများအား စမ်းသပ်သူ၏ လက် ၁ ချောင်းကို မွေးလမ်းကြောင်းထဲ ထည့်သွင်းလျက် တခြားလက်တဖက်က ဝမ်းဗိုက်၏ အောက်ပိုင်းအား ဖိထားကာစမ်းရသည်။ သားအိမ်၊ သားအိမ်ပြွန်၊ မျိုးဥအိမ် စသည်တို့အား လက် ၂ ဖက်ဖြင့် ဖိ၍စမ်းရသည်။ ကိုယ်ဝန် ၃ လအောက်အား ဤနည်းဖြင့် စမ်းနိုင်သည်။ သားအိမ်အဝ နှင့် အဝ၏ ဘေးနေရာများ စမ်းလျင် နာ-မနာ စစ်ဆေးပါ။ ပိုးဝင်နေက နာမည်။
(ခ) မွေးလမ်းကြောင်းအား Speculum ကရိယာဖြင့် စစ်ဆေးခြင်း
ကိုယ်ဝန်ဆောင်တိုင်းအား စမ်းရန်မလိုပါ။ လိုအပ်သူများကို (လစ်သော်တော်မီ) ဒူးထောင်ပေါင်ကားအနေအထားမှာ နေစေလျက် စမ်းပါ။ ကရိယာ ထည့်၍ မွေးလမ်းကြောင်းနှင့် သားအိမ်ဝထိပ် အရောင်၊ တခုခုဆင်းခြင်း ရှိ-မရှိ၊ အနာ-အလုံး-အကျိတ်ရှိ-မရှိ၊ နာကျင်ခြင်း ရှိ-မရှိ၊ သားအိမ်ထိပ်ဝ ပွင့်နေခြင်း ရှိ-မရှိ ကြည့်ပါ။
9. ကလေး၏ အနေအထားများ
အကောင်းဆုံး ကလေးအနေအထား = ကလေး၏ ဦးခေါင်းက အောက်စိုက်နေရမည်၊ ကလေး၏မျက်နှာက မိခင်၏ နောက်ဖက်လှည့်နေရမည်၊ အတိအကျဆိုလျှင် ဘယ်ဘက် သို့မဟုတ် ညာဖက်သို့ အနည်းငယ် စောင်းနေသည်။ ကလေးဦးခေါင်းသည် ကောင်းကောင်း ကွေးနေရမည်။ ကလေး၏ မေးစေ့က ရင်ဘတ်နှင့် ထိနေရမည်။
ကလေး၏ အနေအထားများဆိုသည်ကို ၂ မျိုး ကြည့်ရမည်။ အများဆုံးဖြစ်သည့် ဒေါင်လိုက်လား၊ ပုံမှန်မဟုတ်သော ကန့်လန့်လား။ ဒေါင်လိုက်ဆိုလျင်လည်း မိခင်၏ ဆီးစပ်နေရာတွင် Cephalic ခေါင်းလား၊ Breech တင်ပဆုံလား။ ခေါင်းဆိုပြန်လျင်လည်း ကလေး၏နောက်စေ့က ရှေ့မှာလား၊ နောက်မှာလား။ ကိုယ်ဝန် ၉၉့၅% တွင် ကလေးဒေါင်လိုက်၊ ဇောက်ထိုးနေမည်။
ပုံမှန်မဟုတ်လျင် ကလေး၏ ဦးခေါင်းက အထက်၊ သို့မဟုတ် ကလေးကန့်လန့်၊ တမျိုးမျိုး ဖြစ်တတ်သည်။ ဦးခေါင်းက အောက်ရှိသော်လည်း မျက်နှာက ရှေ့လှည့်ဖြစ်နိုင်သည်။ မျက်နှာ၊ ပခုံး၊ တင်ပဆုံ၊ လက်မောင်း စသည်တို့သည် မွေးလမ်း ဆီသို့ ပြုနေတတ်သည်။ ဦးခေါင်း ငိုက်မနေပါက မွေးလမ်းပို၍ ကျယ်ကျယ် လိုအပ်သဖြင့် အလွယ်နှင့် မွေးမရနိုင်။
- (ROP) Right Occipito Posterior (နောက်စေ့–ညာဖက်-နောက်ပိုင်း ပြုနေခြင်း) (ပုံမှန်)
- (LOP) Left Occipito Posterior (နောက်စေ့–ဘယ်ဖက်-နောက်ပိုင်း ပြုနေခြင်း) (ပုံမှန်)
- (ROA) Right Occipito Anterior (နောက်စေ့–ညာဖက်-ရှေ့ပိုင်း ပြုနေခြင်း) (ပုံမှန်)
- (LOA) Left Occipito Anterior (နောက်စေ့–ဘယ်ဖက်-ရှေ့ပိုင်း ပြုနေခြင်း) (ပုံမှန်)
- Face position မျက်နှာပြုအနေအထား
- Brow position မျက်ခုန်းပြုအနေအထား
- Breech position တင်ပါးဆုံပြုအနေအထား၊
- Transverse position ကန့်လန့်အနေအထား
9. မွေးဖွားပုံအဆင့် (၃) ဆင့်
ပဌမအဆင့်
အမွေးသင်ခြင်း။ သားဦးမိခင်များသည် အမှန်တကယ် မမွေးမီ မွေးချင်သလို ဗိုက်နာတတ်သည်။ ဗိုက်ပေါ်တွင် လက်တင်ထားလျက် သားအိမ်ညှစ်လာလျင် တင်းလာမှ တကယ် ဗိုက်နာခြင်းဖြစ်သည်။
ဗိုက်စတင်နာသည်မှ သားအိမ်အဝ လုံးဝကျယ်သည်အထိ ပဌမအဆင့်ဖြစ်သည်။ ဗိုက်သည် စနာလျင် နာလိုက် ရပ်လိုက်ဖြစ်သည်။ ထို့နောက် တိုး၍တိုး၍ နာလာမည်။ နာချိန်ကြာ၍ နားချိန်တိုလာမည်။ ပိုနာလာရမည်။ ဝမ်းခြူပေးပါ။ သားအိမ် နှုတ်ခမ်းသည် ပျော့လာမည်၊ ပါးလာမည်။ တိုလာမည်၊ ကျယ်လာမည်။ ဦးခေါင်း အောက်ဆင်းလာမည်။ မိခင်က ညှစ်ချင်လာမည်။ သားဦးမှာ ၁၂-၁၆ နာရီ၊ နောက်ကလေး ၆-၈ နာရီ ကြာတတ်သည်။ ကလေးခေါင်းက မိခင်၏အ စာဟောင်းအိမ်ကို ဖိတိုးသောကြောင့် ဝမ်းသွားချင်စိတ် ဖြစ်လာမည်။ ရေမြွှာပေါက်မည်။ (ရှိုး) ခေါ် အကျိအချွဲ နှင့် သွေးရော၍ဆင်းမည်။ လိုအပ်လျင် ဆီးခြူပေးပါ။
အချိန်စော၍ ရေမြွှာပေါက်ခြင်း
၁ဝ%သော မွေးလူနာများတွင် ဖြစ်တတ်သည်။ ရေမြွှာရည်များ ဆင်းလာမည်။ တစိမ့်စိမ့် ဆင်းနိုင်သည်။ အများအပြား ဆင်းနိုင်သည်။ ပန်းထွက်သလိုလည်း ထွက်နိုင်သည်။ ရေမြွှာပေါက်ပြီးတော်တော်နှင့် ကလေးမမွေးပါက ရောဂါပိုးဝင်မည်။ ပဋိဇီဝဆေး ပေးရမည်။
ဒုတိယအဆင့်
သားအိမ်အဝ (၁ဝ စင်တီမီတာ) အပြည့်ကျယ်လာပြီးနောက် ကလေးမွေးပြီးသည်အထိ။ မိခင်က ညှစ်ချင်လာမှသာ ဒုတိယ အဆင့်ကို စနိုင်သည်။ သားအိမ် ကြွက်သားများက ညှစ်ခြင်းကြောင့် ကလေးသည် မွေးလမ်းကြောင်းထဲ ဆင်းလာသည်။ ခေါင်းသည် မေးနှင့်ရင်ဘတ် ထိနေအောင် ငိုက်လာရ မည်။ တဖက်ဖက် စောင်းနေခဲ့ရာမှ တည့်လာမည်။ မွေးကာနီး ရေမြွှာ ပေါက်မည်။ ရေမြွှာ မပေါက်သေးဘဲ၊ ကလေးခေါင်းထွက်မှ ပေါက်တတ် သည်လည်းရှိသည်။ ရေမြွှာရည်ကို စစ်ပါ။ ကလေးဦးခေါင်းသည် မိခင်၏ မွေးလမ်းအပေါက်မှ စထွက်ပြူလာသည်ကို သရဖူဆောင်းသည်ဟု ခေါ်သည်။ မွေးလမ်းအဝတဝှိုက် ရေနွေးဝတ်ဖြင့်ကပ်ပေးပါ။ ဝမ်းထွက်လာလျင် သန့်ရှင်းပေးပါ။
မိခင်ကို အားပေးပါ။ ဗိုက် မနာချိန်မှာ ရေ-အရည် အသောက်ခိုင်းပါ။ အသက်ကောင်းကောင်း ရှူရန်ပြောပါ။ ခေါင်းပြူလာလျင် သားဖွါးဆရာမ ၏လက်က ထွက်လာနေသည့် ကလေး၏ ဦးခေါင်းထိပ်ကို အောက်ဖက်ဆီသို့ ဖိပေးပြီး၊ နောက်တဖက်က မိခင်၏ မွေးလမ်းအဝ အောက်ပိုင်း နေရာကို ကလေး ဦးခေါင်းအား နောက်-အထက်ဆီသို့ တွန်းတင်ပေးပါ။ ခေါင်းစွပ် ချွတ်ပေးသလို ဖြစ်စေရမည်။ ကလေးဦးခေါင်းသည် မိခင်၏ မွေးလမ်းအဝမှ ရေပြင်ညီ တန်းတန်းထွက်လာသည်မဟုတ်။ အောက်ဆီသို့ ဦးတည်ပြီး မွေးလာသည်။ မွေးလမ်းကြောင်းမှ ထွက်လျင် ထွက်ချင်း ကလေးဦးခေါင်းသည် အပေါ်သို့ ကော့တက်လာမည်။
ကလေး၏ နှာခေါင်းနှင့် ပါးစပ်တို့ကို သန့်ရှင်းပေးပါ။ ချက်ကြိုးက လည်ပင်းမှ ပတ်နေ-မနေ စစ်ပါ။ ပတ်နေလျင် ဖြည်ပေးပါ။ ကလေး၏ မျက်နှာ သည် တဖက်ဖက်သို့ လည်လာသဖြင့် မိခင်၏ပေါင် တဖက်သို့ မျက်နှာမူလာမည်။ ခေါင်းထွက်ပြီးလျင် ကလေး၏ပခုံးတို့သည် အထက်-အောက် အနေအထားအဖြစ် ပြင်လာမည်။ ရှေ့ပခုံးကစမွေးမည်။ မိခင်က နောက်တကြိမ် ညှစ်သည်နှင့် ကလေး၏ ခေါင်းအား အောက်ဖက်ဆီသို့ အနည်းငယ် ဆွဲယူပေးပါ။ ပြီးလျင် နောက်ပခုံး မွေးရန် ကလေးအား အထက်ဆီသို့ ပင့်တင်ပေးရမည်။ ကိုယ်ပိုင်းနှင့် ခြေထောက်များ မွေးလာမည်။
ကလေး ခေါင်းစ-ခြေဆုံး၊ ခြေစ-ခေါင်းဆုံး၊ ထွက်ပြီးပြီးချင်း၊ ချက်ကြိုးကို (စပန့်ခ်ျ-ဖေါ့ဆက်ပ်) ၂ ချောင်းဖြင့် 3 cm ခြာ၍ ညှပ်ပါ။ ကလေးဖက်တွင် ချက်ကြိုးကို ရှည်နိုင်သမျှ ရှည်ပါစေ။ (ဖေါ့ဆက်ပ်) ၂ ချောင်းအကြားမှာ ကပ်ကြေးဖြင့် ဖြတ်ပါ။ ကလေးခြေထောက်နှစ်ချောင်းပူးလျက် ဆရာမ၏ လက် တဖက်တည်းဖြင့် ကလေးကို ဇောက်ထိုး မြှောက်၍ ကိုင်ပါ။ ကလေးမငိုသေးလျင် ကျောကို ပုတ်ပေးပါ။ ကလေးငိုလာမှ ချက်ကြိုး ဖြတ်က ပိုကောင်းသည်။ သားဦးမိခင်သည် ၄၅ မိနစ်မှ ၁ နာရီ ကြာ တတ်ပြီး၊ မွေးဖူးသည့် မိခင်များသည် ၁၅-၃ဝ မိနစ် ကြာတတ်သည်။ ကလေး ကောင်းနေပါက ထိုထက်မက ကြာလည်း ကိစ္စမရှိ။ နှလုံးခုန်သံ ကောင်း ခြင်း၊ ရေမြွှာရည် ကောင်းခြင်းတို့ဖြင့် ခန့်မှန်းရသည်။
တတိယအဆင့်
ကလေးထွက်ပြီးနောက် အချင်းအား ထုတ်ပေးခြင်းအဆင့်။ သားဦးနှင့် မွေးဖူးသူများအကြား အချိန်ကွာခြားခြင်း မရှိ။ ၅-၃ဝ မိနစ်အထိ ကြာနိုင်သည်။ ကြာလေလေ သွေးထွက် များလေလေဖြစ်သည်။ အချင်းချပေးနေစဉ် အကူတယောက်က လက်တဖက်ဖြင့် မိခင်၏ ဝမ်းဗိုက်အောက်နား ဆီးစပ်မှ ထိန်းထားလျက် ကျန်လက်တဖက်က သားအိမ်၏ ထိပ်အား အောက်ဆီသို့ ပွတ်ခြေပေးပါ။ ချက်ကြိုးကို ခပ်တင်းတင်းလေး ဆွဲထားနေပါ။ အားသုံးပြီး မဆွဲရ။ လိုအပ်လျင် လက်ထည့်၍ ဆွဲထုတ်ရတတ်သည်။ မွေးပြီးလျင် ၁ မိနစ်အတွင်း Oxytocin 10 units IM ပေးပါ။
10. ချက်ကြိုးနှင့် အချင်း
ကလေးနှင့် ချက်ကြိုးကတဆင့် သားအိမ်သို့ဆက်နေသော ကြီးမားသည့် အင်္ဂါဖြစ်သည်။ ၉ လက္မကျယ်၍၊ ၁ လက္မထူကာ၊ ၁ ပေါင်လေးသည်။ ချောမွေ့ပြီး၊ ပြာသည့် မျက်နှာပြင်က ကလေးဘက်တွင် ရှိပြီး။ ကြမ်း၍ နီသည့် မျက်နှာပြင်က သားအိမ်ဘက်မှာ ရှိသည်။ ပါးလွှာ သော်လည်း တောင့်တင်းပြီး၊ ထုတ်ချင်းပေါက် မြင်နိုင်သည်။ အတွင်းလွှာ၊ အပြင်လွှာ အချင်း၊ ရှိသည်။ အရည်သည် ကြည်လင်ပြီး၊ ရေသာသာ အရောင်ရှိသည်။
မွေးဖွားချိန်၌ ချက်ကြိုးသည် ၂ ပေခန့်ရှိသည်။ ၂၅% သည် ၁-၂ ပတ် ပတ်နေနိုင်သည်။ အသာအယာနှင့် မြန်မြန် လျှော့-ဖြေပေးပါ။ မရပါက (စပန့်ခ်ျ-ဖေါ့ဆက်ပ်) နှစ်ခုကို 3 cm ခြား ညှပ်ပြီး၊ ချက်ကြိုးကို ဖြတ်ပါ။ ဖြတ်သည်နှင့် ကလေး အချင်း၊ အတွက် အောက်စီဂျင် မရတော့။ ထိုသို့ ဖြစ်လျင် မွေးပြီးပြီးချင်း အသက်ရှူ ကူပေးခြင်း လုပ်ပေးရမည်။ ကလေး ငိုမှသာ ချက်ကြိုးဖြတ်တာ ကောင်းသည်။
ချက်ကြိုးတွင် သွေးလွှတ်ကြော ၂ ခုနှင့် သွေးပြန်ကြော ၁ ခုတို့ ပါဝင်သည်။ ၎င်းသွေးကြောများမှတဆင့် ကလေးသည် မိခင်ထံမှအာဟာရကို ရပြီး၊ အညစ်အကြေး စွန့်ပြစ်သည်။ ချက်ကြိုးသည် ဖြတ်ပြီးသည့်နောက် ၅-၁၅ မိနစ်ကြာ ခုန်နေနိုင်သည်။ ကလေး၏ ချက်မှ ချက်ကြိုး မဖြတ်မီ ချက်ကြိုးထဲက သွေးများ ကလေးဆီ ရောက်အောင် ဆွဲသွင်းပြီးမှ ဖြတ်ပါ။ ကြီးလာလျင် ချက်ကြိုးသည် ဗိုက်အတွင်း အရွတ်အဖြစ် အသုံးမကျသည့်အရာ ဖြစ်သွားသည်။
ကပ်ကြေး၊ ညှပ်အားလုံးသည် ပိုးသန့်ပြီး ဖြစ်ရမည်။ အရက်ပြန်၊ Iodine အိုင်အိုဒင်း ၁-၂% ထည့်ပေးရည်။ ခြောက်အောင်ထားလျင် ချက်မြန်မြန် ကြွေမည်။ ၁-၃ ပတ်အတွင်း ချက်ကြွေမည်။ ချက်မကြွေမချင်း ကလေးကို ရေပတ်တိုက်ပေးခြင်းက အကောင်းဆုံးဖြစ်သည်။ Betadine, Povidone iodine 9-12% လိမ်းဆေးသုံးပါ။
အချင်းထွက်ပြီးပါက Ergometrine IM ထိုးပေးလျင် ၆-၇ မိနစ် အတွင်း သက်ရောက်သည်။ Oxytocin 10 Units IM ထိုးပါက ၂့၅ မိနစ်အတွင်း သက်ရောက်သည်။ မွေးဖွားပြီး သွေးသွန်ခြင်းကို ကာကွယ်သည်။

၁) Floating head ကလေးခေါင်း မဝင်သေးသည့်အဆင့်။ ခေါင်းအား မိခင်၏ ဆီးစပ်နေရာတွင် လှုပ်ကြည့်၍ ရသေးသည်။ မွေးလမ်းထဲ ဆင်းမလာသေး။ ကလေး၏ ဦးခေါင်းခွံ အရိုးဆက်များသည် မိခင်၏ မွေးလမ်းအဝတွင် ၄၅ ဒီဂရီခန့် စောင်းနေသည်။
၂) Descent and Engagement အောက်သို့ဆင်းခြင်း၊ ကလေး ဦးခေါင်းသည် သားအိမ်အဝတွင် ကျကျနန လာရောက် ထိစပ်လာ သည်။ မွေးနေစဉ် တလျှောက်လုံး မိခင်သားအိမ် ကြွက်သားများ၏ ညှစ်အားကြောင့် ကလေးသည် အောက်ဖက်သို့ ဆင်းဆင်းလာသည်။ ကလေးသည် မေးနှင့် ရင်ပတ် ထိနေအောင် လည်ပင်းကို ငိုက်၊ ခေါင်းကွေးလျက် ကျယ်နေသော သားအိမ်အဝထဲသို့ ဝင်လာတော့မည်။ ဦးခေါင်းခွံအရိုး ဆက်များသည် မိခင်၏ မွေးလမ်းအဝတွင် ၄၅ ဒီဂရီခန့် စောင်းနေဆဲ ဖြစ်သည်။
၃) Flexion ဦးခေါင်းငိုက်၍ကွေးခြင်း၊ သားအိမ်၏အပေါ်ထိပ်ပိုင်းက အောက်သို့ ဖိပေးနေစဉ် မပွင့်သေးသော သားအိမ်အဝ၏ ခုခံနေမှု ကြောင့် ကလေး၏ ဦးခေါင်းသည် အတတ်နိုင်ဆုံး ကွေးလာသည်။ ခေါင်း မွေးလမ်းထဲ ဆင်းလာသည်။ အနည်းငယ် လည်လာသည်။ ကလေး၏ ငယ်ထိပ်သည် မိခင်၏ မွေးလမ်းအဝတွင် ရှေ့-နောက် ဖြစ် လာတော့မည်။ နောက်စေ့သည် ရှေ့ဖက်ဆီ လှည့်လာ တော့မည်။
၎) Internal rotation အထဲတွင်လှည့်ခြင်း၊ ကလေးအား အောက်သို့ တွန်းပို့ပေးနေစဉ် ဦးခေါင်းသည် မိခင်၏တင်ပဆုံတွင်း အခင်းအကျင်း များအရ လည်လာစေသည်။ ၎င်းအောက်ခံမျက်နှာပြင်မှာ ပုခက်ကဲ့သို့ ရှိသည်။ ထိုသို့ ဖြစ်ခြင်းကြောင့် ကလေး၏လည်ပင်း လည်သွားရပြီး၊ ဦးခေါင်းသည် ၎င်း၏ပခုံးနှင့် တသားတည်း မရှိတော့ချေ။ ကလေး၏ မျက်နှာသည် မိခင်၏ နောက်တည့်တည့် မျက်နှာမူ ဖြစ်လာမည်။ ကလေးခေါင်းလည်သဖြင့် ကလေး၏ငယ်ထိပ်သည် မိခင်၏ ဆီးစပ်ရိုး အောက်မှာ ရောက်လာသည်။
၅) Extension of the head ဦးခေါင်းအားဆန့်ထုတ်ခြင်း၊
ကလေး၏ ဦးခေါင်းသည် မိခင်၏ ဆီးစပ်ရိုးအောက်မှ ဆန့်ထွက်လာကာ ခေါင်းမော့လျက် မွေးဖွါးလာသည်။ နောက်စေ့သည် မိခင်၏ ဆီးစပ်ရိုးတည့်တည့် ဖြစ်လာသည်။
၆) Restitution ဦးခေါင်းအား ကိုယ်နှင့် အလိုက်သင့်ရန်လည်ခြင်း၊ ခေါင်းမွေးဖွါးလာပြီး၊ အထဲရှိစဉ်က ကလေး ဦးခေါင်းသည် ထွက်ခါနီး၌ အနည်းငယ် ဘေးသို့ လှည့်ခဲ့ရသည်ကို ပြန်ပြင်လိုက်သည်။ ထိုအခါ ဦးခေါင်းနှင့် ပခုံးတို့ တသားတည်း ပြန်ဖြစ်လာသည်။ ၄၅ ဒီဂရီ ပြန် လည်သွားခြင်း ဖြစ်သည်။
၇) Internal rotation of the shoulders အထဲ၌ ပခုံးလည်ြ2င်း၊ ကလေးဦးခေါင်း ထွက်ပြီးချိန် အထဲတွင် ကျန်နေသေးသည့် ပခုံးသည် ဦးခေါင်း ထွက်ခါနီးကကဲ့သို့ အတွင်းလှည့်ခြင်း ဖြစ်လာသည်။ ထို့ ကြောင့် ပခုံးတဖက်က အခြား တဖက်ထက် ရှေ့ရောက်လာသည်။ ဖခုံးတဖက်သည် မိခင်၏ ဆီးစပ်ရိုး အောက်၌၎င်း၊ အခြားတဖက်က မိခင်၏ မီးညှောင့်ရိုးဖက်၌၎င်း ရှိလာသည်။ ထို့ကြောင့် ထွက်ပြီးသား ကလေး၏ ဦးခေါင်းသည် မိခင်၏ ပေါင်တဖက်ဖက်သို့ မျက်နှာမူသွား သည်။ ရှေ့ပခုံး မွေးလာပြီ။
၈) Lateral flexion ဘေးသို့ကွေးခြင်း၊ ရှေ့ပခုံးက စထွက်သည်။ နောက်ပခုံးလည်း အလားတူ လိုက်ထွက်လာသည်။ ထိုဖြစ်စဉ်သည် ကလေး၏ ခန္ဓာကိုယ်သည် ဘေးတဖက်သို့ ကွေး၍ဖြစ်ရသည်။ ကျန် ကိုယ်နှင့် ခြေထောက်များ ဆက်၍ အလွယ်တကူ မွေးလာမည်။
13. မွေးဖွားခြင်းအကျဉ်းချုပ်
• ခန့်မှန်းမွေးမည့်ရက် EDD ၏ ရှေ့ ၁-၂ ပတ်၊ နောက် ၁-၂ ပတ်အတွင်း မွေးမည်။
• First Para (Primigravida) သားဦးသည် ၁၂-၂၄ နာရီ ကြာတတ်ပြီး၊ မွေးဖူးသူများ ၆-၁၂ နာရီကြာတတ်သည်။
• ပိုးသန့်ပြီးသော ပစ္စည်း ကရိယာများ အဆင်သင့် လုပ်ထားပါ။ ချက်ကြိုး ညှပ်ရန် (ဖေါ့ဆက်ပ်) ၂ ချောင်း၊ ကပ်ကြေး၊ ချက်ကြိုးညှပ်ကလစ်၊ ချွဲစုတ်စက်၊ အိုင်အိုဒင်း ၂% ဆေးရည်၊ Betadine, Povidone iodine 9-12% အကောင်းဆုံး ဖြစ်သည်။ ဝါဂွမ်း၊ မွေးလမ်းကြောင်းချဲ့မွေးပေးရန် ပစ္စည်များ၊ ထုံဆေး၊ ဆေးထိုးအပ်၊ ချုပ်ကြိုးများ၊ (ဒက်တော) ဆေးရည်၊ ကလေးမွေး (ဖေါ့ဆက်ပ်) ၊ ရေနွေး၊ ဆီးခြူပိုက်၊ ကျောက်ကပ်ပုံခွက်၊ ကလေးအနှီး။
• ဗိုက်နာခြင်းသည် အစပိုင်းက နာချိန်တို၍ နားချိန်ကြာမည်။ ထို့နောက် နားချိန်တို၍ နာချိန် ပိုကြာလာရမည်။ ယင်းဖြစ်စဉ်အား မှတ်သားနေရမည်။
• ဗိုက်တကယ် နာ-မနာကို မိခင်၏ဝမ်းဗိုက်ပေါ် ဆရာမ၏ လက်ဝါး တင်ထားကာ သားအိမ်တင်းလာမှ သားအိမ် ညှစ်သည်ဟု မှတ်ပါ။ အနာခံစားမှု လူတယောက်နှင့် တယောက် မတူပါ။
• အဆင့်တိုင်း၌ မွေးလမ်းကြောင်းကို မကြာမကြာ စမ်းသပ်နေရမည်။ သို့သော် သွေးဆင်းပါက မစမ်းပါနှင့်။ APH အချင်းရှေ့ရောက်ဖြစ်ပါက သွေးပိုထွက်စေမည်။
• အဆင့်တိုင်း၌ မိခင်နှင့် ကလေးတို့၏ နှလုံးခုန်သည်ကို မပြတ်စစ်ဆေးပါ။ နှေးခြင်း-မြန်ခြင်းသည် မကောင်း။
• မိခင်၏ သွေးဖိအားကိုလည်း စစ်ဆေးနေပါ။ မွေးနေစဉ် သွေးကြောထဲ ဆေးသွင်းထားပေးနိုင်သည်။ ရေဓါတ်၊ ဆားဓါတ် ဖြည့်ရန်နှင့် အကြောဆေး သွင်းပေးနိုင်သည်။ အစာ မစားစေပါက အန်ခြင်းကို သက်သာမည်။ သို့သော် အက်စစ်ပျယ်ဆေးပေးရမည်။
• မမွေးမီ သွေးအနည်းငယ်နှင့် အကျိအချွဲရော၍ ဆင်းသည်ကို Show (ရှိုး) ဟု ခေါ်သည်။
• ကလေး ထွက်ခါနီးလျင် ရေမြွှာပေါက်မည်။ တချို့က ရေမြွှာစော၍ ပေါက်ပြီး။ အချို့က ရေမြွှာပေါက်သည်နှင့် ကလေးထွက်မည်။
• ရေမြွှာပေါက်ပြီး၊ မမွေးသေးပါက အမြန်မွေးစေသည့် နည်းလမ်းများ သုံးရမည်။ Oxytocin (Syntocinon) drip သွင်းပေးရသည်။ Antibiotic ပိုးသေဆေးပေးရမည်။
• ရေမြွှာရေကို ကြည့်ပါ။ ကြည်လင်နေရမည်။ မကောင်းသည့် အနံ့မရှိရ။ အရောင်စိမ်း၊ ညစ်ပြီးအနံ့မကောင်းပါက ကလေး နစ်မွန်းနေသည်ဟု မှတ်ပါ။ အထဲတွင် ကလေးဝမ်းသွားခြင်း (Meconium) ကြောင့် ဖြစ်သည်။
• ကလေး ထွက်လျင် ထွက်ချင်း ချွဲစုတ်ပေးခြင်း၊ လေမှုတ်ပေးခြင်း၊ အောက်စီဂျင်ပေးရန် လိုနိုင်သည်။
• ကလေးမွေးကာနီး မိခင်လောင်းအား ပေးသင့်သည့် ဖျော်ရည်။ Labourade recipe = ပျားရည် ၁/၄ ခွက်၊ ဆား ၁/၂ ဇွန်း။ သံပုရာရည် ၁/၃ ခွက်၊ (ကယ်လ်စီယံ) နှင့် (မဂ္ဂနီဆီယန်) ၁ ပြားစီ။ ရေအေး ၁ လီတာ။
• အချိန်လွန်သော်လည်း မမွေးသေးခြင်း၊ ၄၁-၄၃ ပတ်အထိ မမွေးသေးပါက နောက်ကျသည်။ ပြဿနာမကြီးပါ။ ကလေး ကောင်း-မကောင်း ကြည့်ပါ။ လိုအပ်လျင် မွေးအောင်လုပ်ပေးပါ။
• ဒုတိယအဆင့်၌ ကလေးခေါင်းသည် အချိန် တော်တော်ကြာမှ ထွက်လျင် ဦးခေါင်း၏ ဦးရေခွံ Scalp သည် ရောင်လာသောကြောင့် Caput succedaneum ခေါ် ဗောင်းထုပ်ကဲ့သို့ ဖေါင်းလျက် မွေးလာမည်။ ၁ ပတ် အတွင်း အလိုအလို လျှော့သွားမည်။
13. Episiotomy မွေးလမ်းကြောင်းချဲ့မွေးပေးခြင်း
သားဦးတွင် လုပ်ပေးရတတ်သည်။ ထွက်လာတော့မည့် ကလေး ဦးခေါင်းသည် မိခင်၏ မွေးလမ်းအဝနှင့် တင်းကြပ် နေသည်ဟု စမ်းသပ်တွေ့ရှိပါက လုပ်ပေးရမည်။ သားအိမ်အဝ လုံးဝပွင့်၍ ကလေး၏ ဦးခေါင်း ထွက်ခါနီးမှ လုပ်ပေးရမည်။ ပိုးသန့်ဆေးများ လိမ်းပြီးနောက် ထုံဆေး ထိုးပေးပြီး၊ မွေးလမ်း အဝ၏ အောက်ပိုင်း အလယ်နေရာမှနေ၌ ဘေးတဖက်သို့ ၄၅ ဒီဂရီ စောင်းကာ ၂ လက္မခန့် ကပ်ကြေးဖြင့် ကိုက်ပေးရသည်။ (၁) အတွင်းဆုံးက မွေးလမ်းကြောင်း အရေပြား၊ (၂) အထဲက ကြွက်သားနှင့် (၃) အပြင်အရေပြား၊ သုံးမျိုးတို့ ပါဝင်သည်။
ပြန်ချုပ်လျင်လည်း ယင်းအလွှာ သုံးမျိုးကို အစီအစဉ်အတိုင်း (၁) မွေးလမ်းကြောင်း အရေပြားအား Catgut 3/0 ဖြင့်၎င်း၊ (၂) အထဲက ကြွက်သားအား Catgut 2/0 ဖြင့်၎င်း၊ (၃) အပြင် အရေပြားအား အပ်ချည် သို့မဟုတ် ပိုးကြိုး သို့မဟုတ် နိုင်လွန်ကြိုးဖြင့်၎င်း ချုပ်ပေးရသည်။ အချင်းထွက်ပြီးလျင် ပြီးချင်း ချုပ်ပေးရသည်။ ချုပ်ရိုးကို (အင်တီ-ဆက်ပတစ်) ဆေး ရည်ဖြင့် နေ့စဉ်နှင့် ဝမ်းသွား-ဆီးသွားပြီးတိုင်း ဆေးပေးရမည်။ အနာမရင်းစေရန် ပဋိဇီဝဆေးပေးရမည်။ အနာ သက်သာ စေရန် ဆေးလည်း ပေးရမည်။ ၅-၇ ရက်ကြာလျင် အပြင်ဆုံး အရေပြားချုပ်သည့် ချုပ်ရိုးကို ဖြေပေးရမည်။
Perineal Tear and Repair မွေးဖွားပြီး စုတ်ပြဲခြင်းကို ချုပ်ပေးခြင်း
မွေးပေးစဉ် အဆင်မသင့်ပါက မွေးလမ်းအဝ စုတ်ပြဲသွားတတ်သည်။ မွေးလမ်းကြောင်းအောက် အလယ်နေရာမှ စအို ဆီသို့ စုပ်ပြဲသွားတတ်သည်။
1. အဆင့် (၁) မွေးလမ်းကြောင်းအရေပြားစုတ်ခြင်း၊
2. အဆင့် (၂) မွေးလမ်းကြောင်းအရေပြားနှင့် ကြွက်သားစုတ်ခြင်း၊
3. အဆင့် (၃) မွေးလမ်းကြောင်းအရေပြား။ ကြွက်သားနှင့် စအိုထိန်း Anal sphincter စုတ်ခြင်း၊
4. အဆင့် (၄) မွေးလမ်းကြောင်းအရေပြား။ ကြွက်သား၊ စအိုထိန်း နှင့် အစာဟောင်းအိမ်အကာ Rectum စုတ်ခြင်း၊
Episiotomy ချုပ်နည်းအတိုင်း ချုပ်ပေးရသည်။ အနာကျက်သည်အထိ ဝမ်းချုပ်စေရန် လုပ်ပေးသင့်သည်။
1. မွေးလမ်းကြောင်းအရေပြားအား ဆက်တိုက်နည်းဖြင့် ချုပ်ပေးခြင်း၊ Catgut 3-0 continuous suture
2. ကြွက်သားအား တချောင်းခြင်းနည်းဖြင့် ချုပ်ပေးခြင်း၊ Catgut 2-0 Interrupted suture
3. အစာဟောင်းအိမ် စုတ်ခြင်းအား တချောင်းခြင်းနည်းဖြင့် ချုပ်ပေးခြင်း၊ Catgut 2-0 Interrupted suture
4. စအိုအား ထိန်းသည့်ကြွက်သားဝိုင်းအား တချောင်းခြင်းနည်းဖြင့် ချုပ်ပေးခြင်း Catgut 0 Interrupted suture
5. အရေပြားအား တချောင်းခြင်းနည်းဖြင့် ချုပ်ပေးခြင်း၊ Thread or Silk Interrupted suture
14. Manual removal of placenta အချင်းအား လက်ဖြင့်ထုတ်ပေးရခြင်း
အချင်းသည် တော်တော်နှင့် မကျပါက လက်ဖြင့် ထုတ်ယူရမည်။ လက်တဖက်က ချက်ကြိုးတလျှောက်မှနေ၍ မွေးလမ်း ကြောင်းထဲ၊ ထို့နောက် သားအိမ်ထဲ သွင်းပါ။ ကျန်လက်တဖက်က ဗိုက်အပေါ်မှနေ၍ သားအိမ်၏ ထိပ်ပိုင်းအား ထိန်းထားလျက်၊ အထဲလက်က အချင်းကို ဖြေးဖြေးချင်း ဆွဲထုတ်ရသည်။ အချင်းကိုလည်း ခွါယူရတတ်သည်။
လိုအပ်လျင် မေ့ဆေး၊ အိပ်ဆေးပေးရသည်။ အချင်းချနေစဉ် ချက်ကြိုးပြတ်သွားပါကလည်း ဤနည်းအတိုင်း လုပ်ပေးရသည်။ အချင်းအပိုင်းအစ ကျန်နေပါက သွေးဆင်းများမည်။ အချင်းထွက်ပြီးပါက Oxytocin 10 ထိုးပေးပါ။ BP, Pulse စစ်ဆေးပါ။ လိုအပ်လျင် သွေး၊ 5D, RL သွင်းပေးရမည်။
15. Postpartum care (PNC) မွေးဖွားပြီးနောက် စောင့်ရှောက်ပေးခြင်း
မွေးပြီး ၆-၈ ပတ်ကာလကို ခေါ်သည်။ ဆီးအိမ်၊ ကျောက်ကပ်၊ ရင်သားရောင်ခြင်းတို့ ဖြစ်တတ်သည်။ နို့ရောင်ခြင်း၊ နို့နာဖြစ်ခြင်း၊ အနေအထိုင်ခက်ခြင်း၊ နာကျင်ခြင်း၊ လိပ်ခေါင်းဖြစ်ခြင်း၊ ရုပ်ပိုင်းအပြောင်းအလဲများ ဖြစ်ခြင်း။
PPH ခေါ် မွေးပြီးသွေးသွန်ခြင်း၊ ၅-၁၅% ဖြစ်တတ်သည်။ သာမန်အားဖြင့် ပြဿနာမရှိ။ အချင်းအစအန ကျန်ခြင်း၊ သားအိမ်ညှစ်အား မမှန်ဖြစ်ခြင်း၊ သွေးမတိတ်ရောဂါရှိနေခြင်း၊ ထိခိုက်မိခြင်းတို့ကြောင့် ဖြစ်ရသည်။ သွေးအဆင်းများပါက (ရှော့ခ်) ရနိုင်သည်။ Oxytocin ဆေးသုံးရမည်။ အချင်းချလျင် ဂရုစိုက်ရမည်။ လိုအပ်လျင် လက်ဖြင့် ထုတ်ပေးရမည်။ အချင်းကို စစ်ဆေးရမည်။ ချက်ကြိုးကို စောစီးစွာဖြတ်ရမည်။ သွေးသွင်းရန်လိုနိုင်သည်။ နောက်ဆုံး ခွဲစိတ်လျက် သားအိမ်သွား သွေးလွှတ်ကြောကို ချည်ပေးရတတ်သည်။
Lochia (လောခီရာ) မွေးဖွားပြီး အရည်ဆင်းတာ အစမှာ အရောင်နီသည်။ ၂-၃ ရက်နောက် ပန်းရောင်ဖြစ်လာသည်။ ၁ဝ ရက် နောက်ပိုင်း အဖြူရောင်။ အဝါရောင်ဖြစ်လာသည်။ နည်းနည်းလာမည်။ ၇-၁ဝ ရက်ထက်မပို။ ၇-၉ ပတ်နေလျင် ရာသီပြန်ဆင်းမည်။ အစတွင် ရက်တို၍ နည်းမည်။ နောက်ပုံမှန် ဖြစ်မည်။ နို့တိုက်နေလျင် ကြာမှ ဆင်းနိုင်သည်။ ဆက်တိုက် ကိုယ်ဝန် ရှိသွားတတ်သေးသည်။ သတိပေးချက်များ အပူချိန် ၁ဝ၄။ ပျို့-အန်ခြင်း၊ ဆီးပူဆီးအောင့်ခြင်း၊ သွေးဆင်းများလွန်းခြင်း၊ ရင်ဘတ်နာခြင်း ချောင်း ဆိုးခြင်း၊ နို့နာ၍ ရောင်ခြင်း၊ မီးဖွားရာနေရာပတ်ဝန်းကျင်က အလွန်နာခြင်း။
16. Complicated labor ပုံမှန်မဟုတ်သော မွေးဖွါးခြင်း
• Fetal Distress ဗိုက်ထဲကကလေး ဒုက္ခရောက်ခြင်းဆိုတာ အောက်စီဂျင်မဝခြင်းကို ဆိုလိုသည်။ ကလေးနှလုံးခုန်နှုန်း ပြောင်းမည်။ ရေမြွှာရေ နောက်မည်။ ရက်နောက်ကျ မွေးလျင်လည်း ဖြစ်တတ်သည်။ ကလေးမြန်မြန်မွေးအောင် လုပ်ပေးရမည်။
• Breathing Problems အသက်မရှူသည့်ပြဿနာ။ ချွဲစုပ်ခြင်း လေမှုတ်သွင်းပေးခြင်း၊ အဆုပ်ကိုဖိပေးခြင်း၊ အောက်စီဂျင်ပေးခြင်းတို့ လုပ်ပေးရမည်။
• Prolapsed Umbilical Cord မမွေးမီ ချက်ကြိုးကြွံထွက်လာခြင်းသည် ကိုယ်ဝန် ၁ဝဝဝ လျင် ၁ ယောက်ဖြစ်တတ်သည်။ ကလေးဆီ သွေးမလျှောက်ဖြစ်တတ်သည်။ ကြိုးစားမရက ခွဲမွေးရတတ်သည်။
• Nuchal Cord ချက်ကြိုး လည်ပင်းပတ်နေခြင်း၊ ပြဿနာ မကြီးတတ်ပါ။
• Shoulder dystocia ခေါ် ကလေးပခုံး မမွေးနိုင်ခြင်း။ သားဖွါး-မီးယပ်ဆရာဝန်၊ မေ့ဆေးဆရာဝန်၊ ကလေး ဆရာဝန်များ အကူအညီတောင်းပါ။ မိခင်ကို ပေါင်ရင်းအား သူမ၏ ဗိုက်ဆီသို့ ဦးတည်လျက် အတတ်နိုင်ဆုံး အကွေးခိုင်းပါ။ ဆီးစပ်နေရာကို အောက်သို့ ဖိပေးပါ။ ကလေး၏ရှေ့ပခုံးကို ဖိချပေးပါ။ ကလေး၏ပခုံးအား အလိုက်သင့်ရွေ့ပေးပါ။ တခါတရံ နောက်ပခုံးကို အရင်မွေးယူရတတ်သည်။ တခါတရံ မိခင်အား လေးဘက် ထောက်အနေအထားဖြင့် မွေးယူရတတ်သည်။ နောက်ဆုံးမရလျင် ကလေးခေါင်းအား အထဲပြန်ထည့်သွင်းပြီး ဗိုက်ခွဲမွေးပေးရတတ်သည်။ တခါတရံ ကလေး၏ ညှပ်ရိုးကို ချိုးပေးပြီး မွေးယူရတတ်သည်။ တခါတရံ မိခင်၏ ဆီးစပ်ရိုးအဆက်ကို ဖြတ်ပေးပြီး အထွက်ချောင်စေကာ မွေးပေးရတတ်သည်။
• Risk Factors During Pregnancy ကိုယ်ဝန်ဆောင်စဉ် တွေ့နိုင်သော အန္တရာယ်များ၊ အသက် ၁၅ နှစ်အောက် ကိုယ်ဝန်ဆောင်လျင် PET ဖြစ်နိုင်ခြေများသည်၊ အလေးချိန် မပြည့်သည့်ကလေးမွေးနိုင်။ အသက် ၃၅ နှစ်အထက် ဖြစ်လျင် သွေးဖိအားများတတ်၊ ဆီးချိုဖြစ်တတ်သည်။ ပြဿနာများတတ်သည်။ ကိုယ်အလေးချိန် ပေါင် ၁ဝဝ အောက် မိခင် ဖြစ်ပါက ကလေးပေါင်ချိန် နည်းတတ်သည်။ ဝလွန်းသည့် မိခင်၏ ကလေးလည်း ဝတတ်သည်။ PET ဖြစ်နိုင်ခြေ များသည်။ မိခင်၏အရပ် ၅ ပေထက် နိမ့်ပါက CPD အရိုးကွင်းကျဉ်း ဖြစ်နိုင်သည်။
• Problems in a Previous Pregnancy ယခင်ကိုယ်ဝန်ဆောင်စဉ်က ပြဿနာများ ယခင် ကလေးမွေးစဉ်က ပြဿနာ ရှိလျင် နောက်ကိုယ်ဝန်များလည်း ခက်တတ်။ ဆီးချိုရှိသည့်မိခင်မှ ဝလွန်းသောကလေးမွေးတတ်။ RH မတည့်က ကလေးကို သွေးလဲပေးရမည်။ ကလေးအမွေးများက သားအိမ်ညှစ်အား လျှော့တတ်သည်။
• Disorders Present Before Pregnancy ကိုယ်ဝန်မဆောင်မီ ရှိနေသော ပြဿနာများ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ သွေးအားနည်းရောဂါ၊ ကျောက်ကပ်ရောဂါ၊ အတက်ရောဂါ၊ လိင်မှတဆင့်ကူးစက်ရောဂါ၊ ဆီးချိုးရောဂါ၊ အသည်း၊ သည်းခြေလမ်းရောဂါ၊ ပန်းနာ၊ မတည့်သည့်ရောဂါ၊ လေးဘက်နာရောဂါ၊ သားအိမ်အလုံး၊ ကင်ဆာ၊ စသည်ရှိလျင် အထူးဂရုစိုက် မွေးပေးရမည်။
17. Newborn baby မွေးကာစကလေး
မွေးကာစကလေး၏ အလိုလိုတုံ့ပြန်မှု (၃) မျိုး
၁) အသံ ပြင်းပြင်းပေးပါက လက်-ခြေများ ဆန့်ထုတ်တတ်သည်။ (မောရိုး-ရီဖလက်စ်) ဟုခေါ်သည်။
၂) ပါးတဖက်ကို ထိပေးပါက ၎င်းဖက်သို့ ခေါင်းလှည့်လာသည်။
၃) ပါးစပ်ထဲ တခုခုထည့်က စုပ်တတ်သည်။
Apgar scoring system (အက်ပ်ဂါ စကိုး) အမှတ်ပေးစနစ်ဖြင့် ကလေး၏ အခြေအနေအား အကဲဖြတ်ခြင်း
လက္ခဏာ ဝ မှတ် ၁ မှတ် ၂ မှတ်
အရောင် ပြာဖြော့ ကိုယ်ပန်းရောင်၊ ခြေ-လက်ပြာ ပန်းရောင်
အသက်ရှူခြင်း မရှိ နှေးနှေးရှူ၊ ၁ မိနစ် ၄ဝ အောက်ရှူ အသံကျယ်ငို၊ ၁ မိနစ် ၄ဝ ရှူ
နှလုံးခုန်ခြင်း မရှိ ၁ မိနစ် ၁ဝဝ အောက်ခုန် ၁ မိနစ် ၁ဝဝ ခုန်
ကြွက်သား ပျော့ ခြေထောက်သာလှုပ် ကောင်းစွာလှုပ်ရှား
ထိတွေ့မှုအားတုံ့ပြန်ခြင်း မရှိ နည်းနည်းရှိ ကောင်းစွာတုံ့ပြန်
၈-၁ဝ မှတ် ကောင်းသည်။ ၅-၇ မှတ် သင့်သည်။ ၃-၄ မှတ် ညံ့သည်။ ဝ-၂ မှတ် ဆိုးသည်။
18. Induction and augmentation of labour စောပြီးမွေးပေးခြင်း နှင့် မြန်မြန်မွေးအောင်လုပ်ပေးခြင်း၊
ကလေးအား မွေးလမ်းကြောင်းမှ မွေးလာနိုင်မည်ဟု ဆုံးဖြတ်ပါက -
1. မွေးချိန်ထက်စော၍ မွေးပေးလိုလျင် Oxytocin/Syntocinon (Pitocin) 10 Units in drip သွင်းပေးရသည်။
2. ကလေးအမွေးများသူများ၊ ညှစ်အားနည်းသူမျာအားလည်း ပေးနိုင်သည်။
3. Artificial (Early) rupture of membranes (ARM) ရေမြွှာကို စော၍ ဖေါက်ပေးခြင်း။
4. ကလေးဦးခေါင်းအား Forceps delivery ညှပ်ဆွဲ မွေးပေးခြင်း၊
5. Vaccum extraction လေစုပ်စက်ဖြင့် ဆွဲပေးခြင်း။
19. Breech Presentation တင်ပါးဆုံပြုခြင်း
ကလေးသည် အနေအထား အများဆုံးရှိရမည့် အောက်မှာ ခေါင်းမဟုတ်ဘဲ၊ တင်ပါးဆုံနှင့် ရှိနေခြင်းကို ခေါ်သည်။ ၃-၄% သော ကိုယ်ဝန်သည် တင်ပါးဆုံနှင့် ရှိသည်။ ဂရုတစိုက် မွေးယူ၍ရသည်။ သို့သော် ကလေးနှင့် ချက်ကြိုးတို့အား ထိခိုက်ဒဏ်ရာ ရတတ်သည်။ ကိုယ်ဝန်နုစဉ် တင်ပါးဆုံ ပြုသော်လည်း နောက်တွင် ခေါင်းသို့ လှည့်လာတတ်သည်။ ၇ဝ% သည် ပေါင်ကွေး၊ ဒူးဆန့်နေသည်။ ၁ဝ% က ပေါင်ရော ဒူးပါကွေးနေသည်။ ၂ဝ% က ပေါင်တဖက် သို့မဟုတ် ၂ ဖက်လုံး ဆန့်နေသည်။ ခြေတဖက် ထွက်ခြင်း ဖြစ်ပါက ခွဲမွေးရမည်။ လမစေ့ကလေး အသက်ရှင်ရန်လမ်း မရှိက မွေးလမ်းမှပင် မွေးပေးနိုင်သည်။
Breech အား ဝမ်းဗိုက်အပြင်ဖက်မှ လှည့်ပေးခြင်း
External cephalic version ကိုယ်ဝန်ရှိနေစဉ် ခေါင်းပြုစေရန် လှည့်ပေးနိုင်သည်။ သို့သော် မွေးလမ်းကြောင်းက သွေးယိုနေသူ၊ အချင်းက သားအိမ်ဝ ရောက်နေသူ၊ ကလေးသေးလွန်းသူ၊ ရေမြွှာရေ နည်းလွန်းသူ၊ ကလေးနှလုံးခုန် မမှန်သူ၊ ရေမြွှာ စောပေါက်ထားသူ၊ အမွှာကိုယ်ဝန်များကို လုပ်ပေး၍မရ။ မွေးမည့်ရက်နှင့် နီးနေသူ၊ ရေမြွှာရေ လုံလောက်သူ၊ ကလေး အလေးချိန် မနည်းသူ၊ ကလေး အမွေးများသူ၊ အချင်းပုံမှန် ဖြစ်သူများအား လုပ်ပေးပါက အောင်မြင်မည်။ ၆၅% အောင်မြင်သည်။ Breech အား ဝမ်းဗိုက်အပြင်ဖက်မှ လှည့်ပေးခြင်း၏ အန္တရာယ်များ = ကလေးစောမွေးခြင်း၊ ရေမြွှာစောပေါက်ခြင်း၊ သွေးထွက်ခြင်း (ကလေး၊ မိခင်) ၊ ကလေး ဒုက္ခရောက်ခြင်း၊ ပြင်ပေးပြီးမှ ပြန်ဖြစ်ခြင်း။
Breech ကိုယ်ဝန် အောက်ပိုင်းမွေးပေးခြင်း
သားအိမ်အဝ လုံးဝပွင့်ပြီး၊ ကလေး၏ တင်ပါးသည် မွေးလမ်းထဲ ဆင်းလာသည်နှင့် မိခင်အား ဗိုက်နာလျင် ညှစ်ရန်ပြောပါ။ လိုအပ်ပါက မွေးလမ်းကြောင်း အဝအား ချဲ့ပေးပါ။ ကလေး၏ တင်ပါးစမွေးလာမည်။ ခေါင်းမွေးသကဲ့သို့ လည်မည်။ ကလေး၏ တင်ပါးကို ကိုင်ပါ။ ဆွဲမထုတ်ပါနှင့်။ ပဌမခြေတဖက် မွေးပေးပါ။ ဒူးဆစ်ကို ကွေးအောင် ပြင်ပေးပါ။ ခြေခြင်းဝတ်အား ကိုင်၍ ဝမ်းဗိုက်ရှေ့မှ မွေးပေးပါ။ နောက်ခြေတဖက်ကိုလည်း မွေးပေးပါ။ ကလေး၏တင်ပါးကို မိမိ၏ လက်နှစ်ဖက်နှင့် ကိုင်ပါ။ ခါး၏ အောက်ပိုင်းအထိ ထွက်လာမည်။ ခန္ဓာကိုယ်အား ဖိမကိုင်ပါနှင့် ကျောက်ကပ်၊ အသည်းတို့အား ထိခိုက်စေနိုင်သည်။ ထို့နောက် ပခုံးကို မြင်ရမည်။
Breech ကိုယ်ဝန် လက်များမွေးပေးခြင်း
လက်များ အလိုလို ထွက်လာပါစေ။ လိုအပ်ပါက ရင်ဘတ်ရှေ့မှ ထွက်စေရန် ကူညီပေးပါ။ ကလေး၏ ခြေထောက်ကိုကိုင်လျက် မိခင်၏ ဝမ်းဗိုက်ဆီသို့ မြှင့်-နှိမ့်ပေးခြင်းဖြင့် ကလေး လက်များမွေးရတာ လွယ်ကူစေသည်။ မိမိ၏ လက်ချောင်း ၁-၂ ချောင်းအား ကလေး၏ တဒေါင်ဆစ် အကွေးပိုင်းထဲ ထည့်၍ ကလေး၏ လက်အား ကွေးထားစေကာ ကလေး၏ မျက်နှာ၏ ရှေ့မှ မွေးထုတ်ပေးရမည်။ နောက်လက် တဖက်ကို ဆက်မွေးပေးပါ။
ကလေးဦးခေါင်းအား မွေးပေးခြင်း၊ Mauriceau Smellie Veit manoeuvre
ဆရာမ၏လက်အား ကလေး၏ ပေါင်နှစ်ဖက်ထဲမှ သွင်း၍ ကလေး၏ ဝမ်းဗိုက်၊ ရင်ဘတ်ရှေ့မှ မတင်ထားပါ။ ကလေး၏ မျက်နှာသည် အောက်ဖက် လှည့်နေသည်။ ကလေး၏ ပါးစပ်ထဲသို့ မိမိ၏ လက်ညှိုးအားထည့်ပြီး၊ လက်မနှင့် လက်ခလယ်တို့က ကလေး၏ ပါးတဖက်စီဘေးမှာ ထားပါ။ မိမိ၏ ကျန်လက်တဖက်ဖြင့် ကလေး၏ ပခုံးနှစ်ဖက်မှကိုင်ပါ။ ကလေး၏ မေးရိုးအား ဆွဲချလျက် ကလေး၏ ဦးခေါင်းကို ကွေးပါစေ။ ထို့နောက် ကလေးအား အောက်သို့ ဆွဲယူပါ။ နောက် ဆရာမတဦးက မိခင်၏ ဆီးစပ်ရိုး အထက်နားမှ လက်ဖြင့် ဖိခြင်းဖြင့် ကလေး၏ ဦးခေါင်း ကွေးစေအောင် အကူအညီ ပေးနိုင်သည်။
တင်ပါးဆုံပြု ကလေးဦးခေါင်း မွေးမရသေးလျင် ညှပ်ဆွဲမွေးပေးနည်း။
ကလေးဦးခေါင်း မွေးမရသေးလျင် ဆီးခြူပေးပါ။ ကလေး၏ ကိုယ်အား အဝတ်ဖြင့်ပတ်ထားပါ။ လိုအပ်ပါက (ဖေါ့ဆက်ပ်) ဖြင့် မွေးပေးရသည်။ တခါတရံ ကလေး၏ ဦးခေါင်းအား မိခင်၏ဝမ်းဗိုက် ဆီးစပ်အထက်နားမှ ဖိပေးနိုင်သည်။ တင်ပါးဆုံပြု ကလေး မွေးပေးအပြီး ကလေးကို ချွဲစုပ်ပါ။ ချက်ကြိုး ဖြတ်ပါ။ လိုအပ်လျင် CPR လုပ်ပါ။ လိုအပ်လျင် အောက်စီဂျင် ပေးပါ။
မွေးပြီး ၁ မိနစ်အတွင်း Oxytocin 10 units IM ပေးပါ။ ရောဂါပိုးကာကွယ်ရန် Ampicillin 2 g IV + Metronidazole 500 mg IV or Cefazolin 1 g IV + Metronidazole 500 mg IV ပေးပါ။
တင်ပဆုံပြု ကလေးအား လှည့်ပေး၍မရလျင် ပြုလုပ်ပေးရမည့်နည်း။ Lovset’s manoeuvre ကလေး၏ လက်များသည် ဆန့်တန်းနေပါက လုပ်ပါ။ ကလေးအား တင်ပါးမှကိုင်၍ ကိုယ်တဝက် လှည့်ပါ။ အောက်ဖက်ဆီသို့ ဆွဲပေးပါ။ နောက်ကျောဖက် ရောက်နေသော ကလေး၏လက်သည် ရှေ့ဖက် ရောက်လာကာ ဆန့်နေသည့် ကလေး၏လက်က ထွက်ရန် လွယ်ကူလာမည်။ မိမိ၏ လက်ချောင်း ၁-၂ ချောင်းက ကလေး၏လက်အား ကလေး၏ ရှေ့မျက်နှာ ဖက်မှနေ၍ အသာအယာ ဆန့်တန်း ဆွဲထုတ် ပေးရမည်။ ကျန်လက်ကိုလည်း မွေးထုတ်ပေးပါ။ ကလေးအား လှည့်ပေး၍မရပါက ရှေ့ပခုံး (နောက်ဖက်တွင်ရှိသော ပခုံး) ကို အရင် မွေးပေးပါ။ ကလေးအား ခြေခြင်း ဝတ်နေရာမှ အထက်ကို မြှောက်ကိုင်ပါ။ ကလေး၏ကိုယ်အား မိခင်၏ပေါင်တဖက်ဆီသို့ ဆွဲယူပါ။ ကလေး၏ နောက်ဖက်က ဦးစွာ တွေ့မည့် ပခုံးအားမွေးပေးပါ။ ထို့နောက် ကလေး၏ လက်များကို မွေးထုတ်ပါ။ ထို့နောက် ခြေမျက်စိက ကိုင်၍ ကလေးအား အောက်ဖက်သို့ ချကာ ဒုတိယပခုံးကို မွေးပေးပါ။ ဆက်၍ လက်မွေးပေးပါ။
20. Multiple Pregnancy ကလေး တယောက်မကဖြစ်ခြင်း
အမွှာကိုယ်ဝန် ဖြစ်နေလျှင် အလေးချိန်များမည်၊ ဗိုက်အရွယ်ကြီးမည်၊ ကိုယ်ဝန်ရှိစလက္ခဏာများ Morning sickness ပိုဖြစ်၊ နှလုံးခုန်သံ ၁ ခုမက ကြားရမည်။ အမျိုးထဲမှာ အမွှာမွေးဖူးသူ ဖြစ်တတ်သည်။
အမွှာ နှစ်မျိုးဖြစ်နိုင်သည်။
1. Non-identical twins မတူသော မ မျိုးဥ ၂ ခုနှင့် ကျားသုက်ပိုး ၂ ခုတို့မှ သန္ဓေတည်ခြင်း။
2. Identical twins တူသော မမျိုးဥ ၁ ခုနှင့် ကျားသုက်ပိုး ၁ ခုတို့မှ သန္ဓေတည်ခြင်း။ ကလေးများ၏ ရုပ်လက္ခဏာ နှင့် စိတ်တို့လည်း တူညီကြသည်။
21. Abortion ကိုယ်ဝန်ပျက်ခြင်း
(အဘောရှင်း) ဟုပြောခြင်းသည် ကိုယ်ဝန်ကို တမင်ဖျက်ခြင်းသာဖြစ်သည်ကို သတိပြုရမည်။
- Spontaneous Abortion (Miscarriage) အလိုအလျှောက်ပျက်ကျခြင်း၊ ကုသပေးရန်မလို။
- Complete Abortion အပြည့်အစုံပျက်ကျခြင်း၊ ကုသပေးရန် မလို။
- Incomplete Abortion တဝက်တပျက် ပျက်ကျခြင်း၊ D and C လုပ်ပေးရမည်။
ပျက်ကျစဉ် ပိုးဝင်ခြင်း၊ Septic Abortion ပဋိဇီဝဆေးများ ပေးပြီးမှ သားအိမ်ခြစ်ရသည်။ ATT ထိုးပေးရမည်။
- Induced Abortion တမင်တကာ ဖျက်ခြင်း။
(၁) Medical abortion ကိုယ်ဝန်ကို ဆေးသုံးပြီးဖျက်ချခြင်း၊
(၂) D and C (Dilatation and Curretage) သားအိမ်အဝ ချဲ့ခြင်း၊နှင့် သားအိမ် ခြစ်ခြင်း
တဝက်တပျက် သားပျက်ခြင်း အတွက် လုပ်ပေးရသည်။ Utrine sound သားအိမ်တိုင်းတံ၊ Sim’s speculum မွေးလမ်းကြောင်းထဲ ကြည့်သည့် ကရိယာ၊ Vulsellum သားအိမ်ဝညှပ်။ Dilator သားအိမ်ဝ ချဲ့တန်၊ Curette ခြစ်တန် စသည့် ကရိယာတို့ကို အသုံးပြုရသည်။ သားအိမ်အဝကို ချဲ့တံဖြင့် ချဲ့ပေးပြီး၊ သားအိမ်ထဲ ရှိသမျှ တစ်ရှူးများ ကုန်စင်အောင် အတွင်းမျက်နှာပြင် အားလုံးကို ခြစ်ထုတ်ပေးခြင်း ဖြစ်သည်။
(၃) Manual Vacuum Aspiration (MVA) စုပ်ထုတ် ပေးနည်း။
22. Cesarean section, C-section or Caesar (LSCS) ဗိုက်ခွဲမွေးပေးခြင်း
ဝမ်းဗိုက်အား ခွဲ၍ ကလေးမွေးပေးခြင်းကို ခေါ်သည်။ အများအားဖြင့် ဗိုက်ခွဲပြီးနောက် သားအိမ်၏ အောက်ပိုင်းကိုခွဲသည်။ Lower Segment Caesarean Section (LSCS) ဟုခေါ်သည်။ သားအိမ်၏ အပေါ်ပိုင်းအား ခွဲသည်ကို Classical Caesarean Section (CS) ဟုခေါ်သည်။ အရေးပေါ်ကိစ္စများ၊ နောက်ထပ် ကလေးမွေးရန် မလိုတော့ခြင်းတို့အတွက် သုံးသည်။ အကောင်းဆုံးမှာ (LSCS) ဖြစ်သည်။ သားအိမ် ချုပ်ရိုး ပိုခိုင်မာသည်။ သွေးထွက်နည်းသည်။ အများဆုံး ၃ ကြိမ်အထိ ခွဲမွေးနိုင်သည်။ LA ထုံဆေး။ SA ခါးထဲထိုးရသည့် ထုံဆေး။ GA မေ့ဆေး အမျိုးမျိုး သုံးနိုင်သည်။
ဘာ့ကြောင့် ဗိုက်ခွဲမွေးပေးရသလည်း
1) အချိန်လွန် မမွေးနိုင်ခြင်း၊
2) ကလေး ဒုက္ခရောက်ခြင်း၊
3) မိခင် ဒုက္ခရောက်ခြင်း၊
4) ပြင်းထန်သော ကိုယ်ဝန်သွေးဆိပ်တက်ခြင်း
5) မွေးလမ်းအဝ(ရေယုံ) ရောဂါရှိခြင်း၊
6) ချက်ကြိုးကြွံခြင်း၊
7) သားအိမ်ကွဲခြင်း၊
8) ကလေးအနေအထား မမှန်ခြင်း၊
9) အခြားနည်းနှင့်မွေးအောင်လုပ်မရတော့ခြင်း၊
10) ကလေးကြီးလွန်ခြင်း၊
11) CPD အရိုးကွင်းနှင့် ကလေးအရွယ်မျှခြင်း၊
12) APH အချင်းနေရာ မမှန်ခြင်း၊
13) APH အချင်းအထဲ၌ကွာခြင်း၊
14) အရိုးကွင်း ပုံမှန်မဟုတ်ခြင်း၊
15) အရင်ကိုယ်ဝန်က ခွဲမွေးခဲ့ရခြင်း၊
16) မွေးလမ်းကြောင်း ဒဏ်ရာမရစေလိုခြင်း၊
23. H mole (Hydatidiform mole) စပျစ်သီးကိုယ်ဝန်
အချင်းက စပျစ်သီးခိုင်ကဲ့သို့ဖြစ်ပြီး ကိုယ်ဝန်ပျက်ကျခြင်းဖြစ်သည်။ သားအိမ် ၂ ခါ ခြစ်ပေးရသည်။ နောက်ကိုယ်ဝန်ကို ၆ လ ၁ နှစ်ကြာမှ ယူသင့်သည်။ ကလေးမလိုတော့သည့် မိခင်များအား သားအိမ်ထုတ်ပေးသင့်သည်။
24. Eclampsia or Toxemia နှင့် သွေးဆိပ် မတက်မီအဆင့် Pre-eclampsia (PET)
ကိုယ်ဝန်ရှိစဉ် (၁) သွေးဖိအားတက်ခြင်း၊ (၂) ဆီးထဲ၌ (ပရိုတင်း) ပါနေခြင်း Urine Albumin နှင့် (၃) ကိုယ်ရောင်ခြင်း Oedema လက္ခဏာများရှိခြင်းကို ခေါ်သည်။ တခါတရံ ကိုယ်ဝန်ဖျက်ပေးရသည်အထိ ဆိုးတတ် သည်။ မွေးပြီး ၆ ပတ်အထိလည်း ဖြစ်တတ်သည်။ သားဦးကိုယ်ဝန်တို့ ၅-၇% ဖြစ်တတ်သည်။ တတိယ ၃ လပိုင်းတွင် ပိုဖြစ် တတ်သည်။ ကိုယ်အလေးချိန် များသည်။ ဗိုက်နာမည်။ ခေါင်းကိုက်မည်။ ဆီးနည်းမည်။ ခေါင်းမူးမည်။ အန်မည်။
ကုသရန်။ ဆေးခန်းကို မှန်မှန်လာပြစေပါ။ Urine Albumin ဆီး၊ BP သွေးဖိအား စစ်ပါ။ ကလေးမွေးလျင် ပြန်ကောင်း သည်။ သွေးကျဆေး ပေးရန်လိုတတ်သည်။ ဆား လျှော့စားရန်ပြောပါ။ Hydralazine 5-20 mg IV may repeat after 20 minutes; 25 mg BD and 50-300 mg in 2-4 doses;
ကိုယ်ဝန်သွေးဆိပ်တက်ခြင်း၊ (တက်သည့်အဆင့်) မှာ PET ရှိနေရာမှ Fits (Convulsion) တက်သည်အထိ ဆိုးလာသည်ကို ခေါ်သည်။ မမွေးမီ-မွေးစဉ်နှင့် မွေးပြီးချိန်များ၌ တက်တတ်သည်။ သတိလစ်မည်။ မျက်စိအမြင် မကောင်းဖြစ်သည်။ တက်ပုံတက်နည်းမှာ အစတွင် ခြေလက်များ တင်းတောင့် ဆန့်မည်။ ထို့နောက် ကွေးကောက် လာမည်။ လျှာကို ကိုက်မိတတ်သည်။ အသက်ရှူကြွက်သားများ တက်၍ အသက်ရှူ မမှန်-ရပ်ဖြစ်တတ်သည်။ တခါတက်လျင် ၃ဝ စက္ကန့်ကြာသည်။ ပါးစပ်မှအမြှုပ်ထွက်မည်။ သွေးပါနိုင်သည်။ သတိမေ့သွားမည်။ အသက်ရှူသံ ပြင်ပြင်းကြားရမည်။ နှလုံးခုန်ရပ် တတ်သည်။ အတက်ရပ် ထိုးဆေးပေးရသည်။ Magnesium sulfate IV or Valium IV ပေးရသည်။ သိပ်မဆိုးလျင် ၃၆-၃၇ ပတ်အထိစောင့်ပါ။ ဆိုလျင် ၃၁-၃၄ ပတ် အထိစောင့်ပါ။ အမြန်မွေးအောင်လုပ်ပေးပါ။ လိုအပ်လျင် ခွဲမွေးပေးရတတ်သည်။
25. Antepartum haemorrhage (APH) မမွေးမီသွေးဆင်းခြင်း
ဆင်တူရိုးမှားများ၊
• (ရှိုး) အများကြီးဆင်းခြင်း၊
• သားအိမ်ကွဲခြင်း၊ သားအိမ်ကွဲပါက သွေးသည် မွေးလမ်းမှ၎င်း ဝမ်းဗိုက်ထဲသို့၎င်း ထွက်မည်။
• မွေးလမ်း၏ တခြားနေရာမှ သွေးဆင်းခြင်း၊ သားအိမ်အဝရောဂါမှ ဆင်းခြင်း၊ ခိုက်မိခြင်း၊ ကင်ဆာဖြစ်ခြင်း၊
• နေရာလွဲ၍ သားအိမ်ပြင်၌ သန္ဓေတည်ခြင်း၊
(၁) သားအိမ်တွင်း၌ အချင်းကွာခြင်း၊ Placental abruption (Abrupti- placentae)
ကိုယ်ဝန် ၂ဝ ပတ် နောက်ပိုင်း မမွေးမီ သားအိမ်ထဲတွင် အချင်းကွာခြင်း။ ၁% ဖြစ်တတ်၊ ၂ဝ-၄ဝ% သေစေတတ်သည်။ မိခင် သွေးအားနည်းမည်။ သွေးသွင်းပေးရမည်။ (ရှော့ခ်) ရတတ်သည်။ လူကြီး-ကလေး ဒုက္ခရောက်တတ်သည်။ ဖြစ်လျင် ဆက်တိုက် ဗိုက်နာမည်။ ဗိုက်တင်းမည်။ သွေးဆင်းမည်။ သွေးအားနည်းခြင်း လက္ခဏာများ တွေ့ရ မည်။ LSCS ခွဲမွေးပေးရမည်။ သွေးသွင်းရန်လိုမည်။
(၂) အချင်းရှေ့ရောက်ဖြစ်ခြင်း၊ Placenta Previa အချင်းအနေအထားမမှန်ခြင်း
ဝ့၅% ဖြစ်နိုင်သည်။ မမွေးမီ သွေးဆင်းခြင်း APH ၏ အကြောင်းရင်း ဖြစ်သည်။ ကိုယ်ဝန် ၂ဝ ပတ်မှ မမွေးမီအတွင်း သွေးဆင်းခြင်းဖြစ်သည်။ ဗိုက်မနာဘဲ သွေးဆင်းသည်။ အရေးပေါ်ကိစ္စဖြစ်သည်။ သွေးအားနည်းခြင်း လက္ခဏာများ တွေ့ရမည်။ မိခင်ရောကလေးပါ အန္တရာယ်ရှိသည်။ မွေးလမ်းကြောင်းမှမွေးမရ။ မွေးလမ်းကြောင်း စမ်းသပ်ခြင်း မလုပ်ရ။ LSCS ခွဲမွေးပေးရမည်။
Placental Praevia အချင်းရှေ့ရောက်ဖြစ်ခြင်း ၃ မျိုး
• Type I: အချင်းသည် သားအိမ်အဝထိသော်လည်း သားအိမ်ဝအားမဖုံး။
• Type II: အချင်းသည် သားအိမ်ဝအား တဝက်တပျက်ဖုံးသည်။
• Type III: အချင်းသည် သားအိမ်ဝအား လုံးဝဖုံးသည်။
26. Ectopic Pregnancy သားအိမ်ပြင်ပ၌ သန္ဓေတည်ခြင်း
ကိုယ်ဝန်သည် သားအိမ်ပြင်၌လည်း တည်တတ်သည်။ သားအိမ်လည်ပင်းပိုင်း၊ သားအိမ်ပြွန်ပိုင်း၊ မျိုးဥအိမ် (အိုဗရီ) ၊ ဝမ်းဗိုက်ထဲတို့မှာ သန္ဓေတည်နိုင်သည်။ သားအိမ်ပြွန်ထဲ အများဆုံးဖြစ်တတ်သည်။ လရင့်လာသည်နှင့် ပေါက်ထွက်မည်။ ဖြစ်တတ်သူများ သားအိမ်ပြွန် ခွဲစိတ်ထားခြင်း၊ ယခင်ကလည်း ထိုသို့ဖြစ်ဖူးခြင်း၊ သားအိမ်ထဲ ကိုယ်ဝန်မရှိစေရန် ပစ္စည်း ထည့်ထားခြင်း၊ တင်ပဆုံတွင်း အင်္ဂါများရောင်ခြင်း၊ ကလေးမရသူ။ ယောက်ျားတယောက်မကနှင့်နေသူ။ သားအိမ်အတွင်း ရောဂါ။ ကိုယ်ဝန်တားဆေး။ ဆေးလိပ်သောက်သူ။ ငယ်ငယ်နှင့် ကိုယ်ဝန်ဆောင်သူ။ ရောဂါလက္ခဏာများ၊ အရေးပေါ်ဖြစ်သည်။ ဗိုက်အောက်ပိုင်း အတင်းနာခြင်း၊ မွေးလမ်းမှ သွေးဆင်းခြင်း၊ (ရှော့ခ်) ရတတ်သည်။ ကိုယ်ဝန် ၇ ပတ်၌ ဖြစ်တတ်သည်။ အနာသက်သာဆေးပေးရမည်။ အရေးပေါ် ခွဲစိတ်ပေးရသည်။ Drips, Blood သွင်းပေးရန်လိုမည်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment