ECG အီးစီဂျီနဲ့ မြန်မာဗွီဒီယိုဇာတ်လမ်း

မေးခွန်းတခု = Mrsoe Thuaung ဆရာ ECG ဆွဲခြင်းဖြင့် ကိုယ်ဝန်ရှိမရှိ စမ်းသပ်နိုင်ပါသလား။ မြန်မာဗွီဒီယိုဇာတ်လမ်း တခုမှာ ပါလာလို့ပါ။

နိုး၊ နိုး၊ နိုး။

ECG ဆိုတာ Electrocardiogram ဖြစ်တယ်။ EKG လို့လည်းခေါ်တယ်။ လျှပ်စစ်သုံးပြီး နှလုံးကြွက်သားအလုပ်ကို တိုင်တာနည်းဖြစ်တယ်။

နှလုံးဟာ အဆင့် ၂ ခုနဲ့အလုပ်လုပ်နေတဲ့ ပန့်စက်နဲ့တူတယ်။ သူလုပ်နေတာကို အနီးအနားအရေပြားမှာ လျှပ်စစ်ငုပ်ကလေးတွေကို စနစ်တကျထားပြီး ECG စက်နဲ့ဆက်ရတယ်။ နှလုံးခုန်နှုန်းနဲ့ စည်းချက်ကျမှုတွေကိုသိမယ်။ သွယ်ဝိုက်ပြီး နှလုံးကြွက်သားထဲကိုသွေးစီးတာလည်း သိနိုင်တယ်။

လျှပ်စစ်ငုပ်ကလေးတွေ (၁ဝ) ခုကို သုံးတာနောက်ဆုံးနည်းဖြစ်တယ်။ ရင်ပတ်မှာ (၆) ခုနဲ့ ခြေလက်တွေမှာ ၂ ခုစီ ကပ်ထားတယ်။ နှလုံးမော်နီတာနဲ့ဆက်ထားရင် တောက်လျှောက်မြင်နေရမယ်။ ပုံနှိပ်ယူလို့လည်းရတယ်။

ကိုယ်ဝန်ကိုစမ်းတာကို Ultrasound အာလ်ထွာဆောင်းလို့ ခေါ်ပါတယ်။ ရန်ကုန်ကဆေးရုံတခုမှာ (အာထွာစောင်း) လို့ ဆိုင်ဘုတ်ချိတ်ထားသတဲ့။ ဆရာဝန်က စောင်းတီးသလားမပြောတတ်ဘူး။

မြန်မာစာအရေးအသား စောင်းရာကနေ တည့်လာပါစေ။ မြန်မာ့အနုပညာလောကကြီး နှလုံးကောင်းပါစေ။

ဒေါ်တာတင့်ဆွေ
၁၉-၁-၂ဝ၁၆

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး