Sunday, January 17, 2016

Oh! What a treat

ငြိမ်းချမ်းရေးလုပ် လွှတ်တော်မှာမဟုတ် ညီလာခံမှာမဟုတ်

ငြိမ်းချမ်းရေးညီလာခံကြီး ပြီးသွားပြီတဲ့။ လူပေါင်း ၇ဝဝ ကျော်တက်တယ်တဲ့။ တက်ရသူတွေက မီဒီယာကို ပြန်ဖြေကြတာ ကြားရတယ်။ ဆိုရှယ်ကွန်ယက်တွေမှာ ရေးကြတာတချို့လည်း ခေါင်းစဉ်တွေကိုတော့ ဖတ်ပါတယ်။

တိုင်းရင်းသားအရေးဆိုတာ ဆတ်ဆတ်ထိမခံတဲ့ မဟာအစ်ရှူးကြီးဖြစ်တယ်။ သူ့ထက်ကြီးတာ မရှိဘူးပြောရင် ဘယ်သူ ငြင်းနိုင်သလည်း။ ၅ ရက်လောက်သွားတက်ရသူတချို့ဖြေတာတွေက ရေသန့်ပုလင်းထဲကရေသောက်ရသလိုပဲ။ ရေက ကောင်းတယ်။ အဲယာကွန်းအခန်းထဲ ရေသောက်ချိန်မှာသောက်ရတာလည်း ကောင်းပါတယ်။ ဒါပေမယ့် အာဟာရတော့ မပါဘူး။ လှည်းလမ်းဘေးရေချမ်းစဉ်ကရေသောက်ရတာကမှ မောမောပမ်းပမ်း ခရီးကြမ်းသွားရသူတွေအတွက် ရှေ့ဆက်နိုင်စေတယ်။

ကျွန်တော်တော့ ဗမာမဟုတ်တဲ့တိုင်းရင်းသားတွေနဲ့ အင်ဖက်မိုးထားတဲ့ တဲတန်းတွေမှာ အတူနေထိုင်၊ အိပ်စက်၊ စားသောက်၊ စကားပြော၊ မေးတာဖြေတာတွေလုပ်ခဲ့ပါတယ်။ ၅ ရက်တော့မကပါ၊ နှစ် ၂ဝ ကျော်ကြာခဲ့တယ်။ ကရင် တာလဘောဟင်းစားရတယ်။ ကရင်နီ ခေါင်ရည်သောက်ရတယ်။ ရခိုင် မုန့်တီစားရတယ်။ ရှမ်း ပဲပုပ်လည်းပါတယ်။ ကချင် ခေါပုတ်၊ မွန် မရမ်းသီးခြောက်လည်းပါတယ်။ ချင်း မျောက်ငိုသီး၊ နာဂ ရွှေလံဗိုလ်ငရုပ်သီး၊ ဇိုမီး ခရမ်းခါးသီးနဲ့ ပြောင်ဖူးပြုတ်လည်းစားသောက်ခဲ့ရပါတယ်။

ကျွန်တော့်ဖက်ကတော့ ဆေးကုပေးခဲ့တယ်။ အားဆေးတွေပေးခဲ့တယ်။ နားလည်မှု ရနိုင်သလောက် ယူခဲ့တယ်။ လေးစားမှု ရနိုင်သလောက် ယူခဲ့တယ်။ ချစ်ခင်ရင်းနှီးမှု ရနိုင်သလောက် ယူခဲ့တယ်။ အဲဒီ ညီလာခံမဟုတ်တာက မပြီးဆုံးသေးပါ။ အခုလည်း ဆက်တက်နေဆဲပါ။

Treat = ရိုးရိုးမဟုတ်တဲ့ ပျော်ရွှင်စရာကို ကောင်းကောင်းပေးနိုင်တဲ့ အစီအမံတခု
သွင်တူစာလုံးများ = Celebration, Entertainment, Amusement; Party, Excursion, Outing, Special event

ဒေါက်တာတင့်ဆွေ
၁၈-၁-၂ဝ၁၆

No comments:

Post a Comment

Note: Only a member of this blog may post a comment.

Celebrity in Green ဆယ်လီ သို့မဟုတ် လီဆယ်

လူမှုရေးစည်းကမ်းအရ လူတဦး ကွယ်လွန်သွားရင် မကောင်းတာ ထုတ်မပြောအပ်ပါ။ နိုင်ငံရေးစည်းကမ်းအရတော့ ပြောချင်တယ်။ ပို့စ်တခု တွေ့တယ်။ ၈၈ ပြီးတော့ ...