Toothpick သွားကြားထိုးတံ

သွားကြားထိုးတံက သွားနဲ့ သွားဖုံးကျန်းမာရေးအတွက် မကောင်းပါ။ သွားကြားထိုးတံကို သစ်သား၊ ဝါး၊ ပလပ်စတစ်၊ သတ္တုနဲ့ အရိုးတွေကနေလုပ်တယ်။ အမေရိကမှာ ၁၈၂၆ ကတည်းက Birch wood သစ်သားကနေလုပ်တာကို စသုံးတယ်။ သွားကြားထိုးတံသမိုင်းမှာတော့ Neanderthals ခေတ်မှာရော၊ Homo sapiens ခေတ်မှာပါသုံးခဲ့ပုံရတယ်လို့ဆိုပါတယ်။ အမေရိကတိုက်မှာလည်း သက်တမ်း ၇၅ဝဝ ရှိတဲ့ ဌာနေ အမေရိကန်တွေလည်း သွားကြားထိုးတံ သုံးခဲ့နိုင်တယ်လို့ဆိုပါတယ်။

သွားကြားထိုးတံဟာ ကျွန်တော်ရဲ့ မရှိမဖြစ်အသုံးအဆောင်တခုဖြစ်ပါတယ်။ သွားလေရာ ယူသွားရတယ်။ ဝါးနဲ့လုပ်တဲ့ သွားကြားထိုးတံကလွဲရင် တခြားဘာနဲ့လုပ်တာကိုမှမကြိုက်ပါ။ အိန္ဒိယမှာ သစ်သားနဲ့လုပ်တာတွေသာရလို့ ထိုင်းသွားရင် ဝယ်လာရတယ်။ ကိုယ်မသွားနိုင်သေးရင် လူကြုံနဲ့မှာရတယ်။ မှာတဲ့သူက သဘောကောင်းပြီး ပလပ်စတစ်နဲ့ ကြိုးလေးပါ ပါတာဝယ်လာလည်း မသုံးဖြစ်ပါ။

ထိုင်းနယ်စပ်မှာ နိုင်ငံရေးအစည်းအဝေးတွေ ခဏပေါင်းများစွာလုပ်တယ်။ ထမင်းစားပြီး သွားကြားထိုးတံမပါတဲ့အခါ ခက်ပြီ။ တိုင်းရင်းသားအဖွဲ့အစည်းတခုကခေါင်းဆောင်တယောက်က ဘေးနားမှာရှိတဲ့ အုန်လက်လေးချိုးပြီး သွားကြားထိုးနည်းပြပေးတာ အတော်အဆင်ပြေလို့ ကျေးဇူးတင်တယ်။

ကျွန်တော် ပြည်တွင်းမှာနေစဉ်က ပုလဲကနေ ဘုတလင်ကို မိသားစုလိုက် မကြာမကြာအလည်သွားကြတယ်။ မုံရွာမြောက်ဖက် အလုံနားရောက်ရင် ချင်းတွင်းမြစ်ဘေးမှာ သစ်လုံးကြီးတွေချထားတာကို အမြဲတွေ့ရတယ်။ ကလေးတွေကို ဟေ့ ဟိုသစ်လုံးတလုံးလောက်ယူခဲ့ကြအောင်ကွာ၊ သွားကြားထိုးတံလုပ်ဘို့လို့ ရယ်စရာပြောလေ့ရှိတယ်။

နှစ် ၃-၄ဝ အကြာမှာ သစ်လုံးကိုသွားကြားထိုးတံနဲ့နှိုင်းပြောတဲ့သူ နောက်တယောက်တိုးလာတယ်။ အဲတာက မရယ်ရပါ။

ဒေါက်တာတင့်ဆွေ
၂၈-၁-၂ဝ၁၆
၂၈-၁-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး