UMEH ဦးပိုင်လီမိတက် အပိုင်း (၂)

(သို့မဟုတ်)
တပ်မတော်လက်ဝါးကြီးအုပ် မဟာစီးပွားရေးလုပ်ငန်းကြီးများ

၁၅-၁-၂ဝ၁၆ နေ့ကလွှတ်တော်မှာ NLD ကိုယ်စားလှယ် ဦးအောင်မိုးညိုဆွေးနွေးချက်ကို လွှတ်တော်ဥက္ကဋ္ဌကနေ သတိတာပေးခံလိုက်ရတယ်။ သူ့ဆွေးနွေးချက်ထဲမှာ စစ်တပ်ပိုင် စီးပွါးရေးလုပ်ငန်းကြီးတွေအကြောင်းပါတယ်။ ကျွန်တော်ရှာဖွေစုဆောင်းထားတဲ့ စစ်တပ်ပိုင်မဟာစီးပွါးရေးလုပ်ငန်းကြီးအကြောင်းက စာမျက်နှာပေါင်း (၃ဝ) ကျော်ရှိလို့ အပိုင်း (၅) ပိုင်းခွဲ တင်ပါရစေ။

အပိုင်း (၂)

ဦးပိုင်အစ
၁၉၉ဝ ပြည့်နှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့မှာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအဖွဲ့အစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စုမြန်မာနိုင်ငံ စီးပွားရေးဦးပိုင်လီမီတက် The Union of Myanmar Economic Holdings Limited ကို ၁၉၅ဝ အထူးကုမ္ပဏီအက်ဥပဒေ အရ ဖွဲ့စည်းကြောင်း အမိန့်ကြော်ငြာစာ အမှတ် ၇/၉ဝ နဲ့ကြေညာခဲ့တယ်။ ၁၈-၉-၁၉၈၈ နေ့၊ အာဏာသိမ်းပြီးနောက်ပိုင်း တပ်မတော်ကတည်ထောင်ခဲ့တယ့် ပထမဦးဆုံးစီးပွားရေးလုပ်ငန်းဖြစ်တယ်။

ကုမ္ပဏီလုပ်ငန်းနဲ့ နှစ်ပေါင်းများစွာ ကြီးထွားခြင်းမရှိအောင်ပိတ်ပင်ခြင်းခံနေရတဲ့ ဗမာပြည်မှာ စီးပွားရေးဦးပိုင်လီမိတက် ဆိုတာကို လူအချို့အတွက် နားဆန်းနေသလိုရှိပါတယ်။ ဦးပိုင်ဆိုတာ သာမန်စီးပွားရေးလုပ်ငန်းတခု (သို့) စက်မှုလုပ်ငန်းတခုကို လုပ်ကိုင်တဲ့ ငွေအရင်းအနှီး မဟုတ်ချေ။ ရှိသမျှအရင်းအနှီးအားလုံးကို လုပ်ငန်းတခုခုမှာ မြှုပ်ပြီး လုပ်ခြင်းလည်း မဟုတ်ချေ။ လုပ်ငန်းကိုင်ငန်း အမြောက်အများမှာ စိုးမိုးတဲ့အနေအထားရရန် (ရှယ်ယာအားလုံး၏ ၄ဝ% ထက်ပိုပြီးလိုအပ်ခဲ့တယ်။) အရင်းအနှီးကို ဖြန့်ခွဲပြီး ချုပ်ကိုင်လိုက်တယ်။ တခါတလေ ချေးငွေပုံစံမျိုးကစပြီး အဆင့်ဆင့် တိုးဝင်ခြင်းလည်း ရှိတတ်တယ်။ ပထမဆုံးအစုစပ်ဖော်ထုတ်လိုက်တဲ့ ဖရဇ်ဝါနာ၊ ဒေဝူးတို့နဲ့ ဖက်စပ်လုပ်ငန်းတွေဆိုရင် အခြားပြင်ပက ရှယ်ယာပိုင်ရှင်များပါဝင်စရာမရှိလို့ နိုင်ငံခြားအရင်းရှင်ကုမ္ပဏီကြီးတွေနဲ့ သူတို့သာ ထင်သလို ချယ်လှယ်နိုင်ကြဘွယ်ရာရှိတယ်။

အဲလိုအစုဝင်ပြီးချုပ်ကိုင်ထားတဲ့ လုပ်ငန်းတွေကနေ အခြားလုပ်ငန်းကိုင်ငန်းတွေကို တည်ထောင်ခြင်း၊ အစု ရှယ်ယာ ဝယ်ယူခြင်းစတဲ့နည်းများနဲ့ ချုပ်ကိုင်ပါလိမ့်ဦးမယ်။ (ရှယ်ယာအားလုံး တန်ဘိုးရဲ့ ၄ဝ% ထက်ပို၍မလိုပါ)။ ဦးပိုင်စနစ်ဆိုတာ အဲဒီနည်းနဲ့ မိမိအရင်းထက် အဆပေါင်းများစွာပိုတဲ့ လုပ်ငန်းကိုင်ငန်းတွေကိုချုပ်ကိုင်တဲ့ လက်ဝါးကြီးအုပ် အရင်းအနှီးဖြစ်တယ်။ စစ်ဗိုလိုပ်တွေဟာ မဆလ ၂၆ နှစ်တုံးကတော့ လက်ဝါးကြီးအုပ်ကိုရန်သူလို့ လူကြားကောင်းအောင် အော်ခဲ့ကြသူတွေသာဖြစ်တယ်။  အထူးကုမ္ပဏီတခုအနေနဲ့ သူအပြည့်အဝပိုင်တဲ့ကုမ္ပဏီတွေနဲ့ ကုမ္ပဏီခွဲတွေဟာ အခွန်ကင်းလွတ်ခွင့် အထူးအခွင့်အရေးကို ရယူခံစားတယ်။ ဒါပေမယ့်တွဲဖက်လုပ်ကိုင်တဲ့ ကုမ္ပဏီတွေမှာ အဲဒီအခွင့်ထူးကို မခံစားရချေ။

ဦးပိုင်လီမိတက်ဟာ ဖရစ်ဝါနာ၊ ဒေဝူးတို့နဲ့ ဖက်စပ်လုပ်ပြီး ပွဲဦးထွက်ခဲ့ပါတယ်။ သေးသေးမွှားမွှားလုပ်ငန်းနဲ့ အရှုံးအမြတ် မသေချာတဲ့လုပ်ငန်းမျိုးမှာ မပါဝင်ပါ။ ဒါ့ပြင် စစ်အုပ်စုရဲ့သခင်ရင်းများလို့ဆိုနိုင်လောက်တဲ့ ကုမ္ပဏီတွေနဲ့လုပ်ကိုင်တာ ဖြစ်တယ်။ အနောက်နိုင်ငံလက်ဝါးကြီးအုပ်အရင်းအနှီးများထဲက စက်မှုလုပ်ငန်း၊ အရက်လုပ်ငန်း၊ စာနယ်ဇင်းလုပ်ငန်း၊ ကြေးစားဘောလုံး အသင်းစသည်တို့ကို တပြိုင်နက်ထဲ ပိုင်ဆိုင်ထား ခြင်းမျိုးများ ရှိသည်။ အဲတာကြောင့် ဘီအီးဒီစီ အရက် ထုတ်လုပ်ဖူးတဲ့၊ ကွမ်းယာဆိုင်ကိုပင် ပြည်သူပိုင်သိမ်းဖူးတဲ့ စစ်အုပ်စုဟာ ကုဋေ တထောင်အရင်းအနှီးကြီးနဲ့ တိုင်းပြည်မှာ အရေးပါတဲ့၊ အမြတ်ရတဲ့လုပ်ငန်းကိုင်ငန်းများမှာ ရှယ်ယာဝင်ပါကာ ချုပ်ကိုင်တော့တာဖြစ်တယ်။

စီးပွားရေးဦးပိုင်လီမိတက်ကို ဘယ်သူတွေက ပိုင်ဆိုင်ချုပ်ကိုင်မယ်ဆိုတဲ့ ပြဿနာကို ဆက်ပြောစရာလိုလာတယ်။ အဲဒီလီမိတက်မှာ အစုရှယ်ယာဝင်တိုင်း မဲပေးခွင့်ရှိသည်ဆိုသော လွတ်လပ်မှုမျိုးကြောင့် သာမန်စစ်သားကလေးနဲ့ စစ်ပြန်တပ်ကြပ်အိုကြီးတို့ကလည်း လီမိတက်ရဲ့ ပေါ်လစီများ၊လုပ်ငန်းတွေကို ချယ်လှယ်ဆုံးဖြတ်ခွင့်ရကြမည်လော။ သည်အခွင့်အရေးမျိုးကို အစုရှယ်ယာဝင်တိုင်း ခံစားရလိမ့်မယ်လို့ ၁၉ ရာစုနှစ်ကတည်းကပင် မယုံကြည်ခဲ့ကြဘူးလို့ ဖြေရပါလိမ့်မယ်။

စစ်တပ်ဦးပိုင်လီမိတက်မှာ အစုရှယ်ယာဝင်တွေက ဒါရိုက်တာရွေးချယ်ခွင့် မည်သို့ရှိကြောင်း ရှင်းအောင်မကျေညာချေ။ ယေဘုယျအားဖြင့်တော့ မဲပေးခွင့်မှာ အစုရှယ်ယာ ပိုင်ဆိုင်မှုနဲ့ အညီဖြစ်တတ်သည်။ ဥပမာ တစုပိုင်သူက တမဲ၊ အစု (၁ဝဝ) ပိုင်သူက မဲ (၁ဝဝ) ပေးခွင့်ရှိသည်မျိုးဖြစ်တယ်။ အရွေးခံခွင့်ကရော မည်သို့ ရှိပါသနည်း။ အမိန့်ကြော်ငြာစာအပိုဒ် (၆) မှာ အစုရှယ်ယာ ကျပ်တသိန်းပိုင်ဆိုင်သူ မည်သူမဆို ဒါရိုက်တာအဖြစ်အရွေးခံနိုင်သည်လို့ ဖော်ပြထားတယ်။ စစ်တပ် အဝန်းအဝိုင်းမှာ ကုမ္ပဏီတခုမှာရှယ်ယာ တသိန်းဖိုးပါဝင်နိုင်သူ (လူတဦးလျင် သုံးသိန်းဖိုးအထိ ရှယ်ယာဝယ်ယူနိုင်သည် လို့ဆိုသည်) ဆိုလိုတာက ဘယ်လူစားများဖြစ်မလည်း။ တကယ်လို့ တပ်ရင်း၊ တပ်မ စတဲ့အဖွဲ့အစည်းတွေက အမိန့်ကြော်ငြာစာ အပိုဒ် (၆) အရ ရှယ်ယာတန်ဘိုး တသိန်းအထက် ဝယ်ယူပြီး ဒါရိုက်တာဝင်ရောက်အရွေးခံပါပြီတဲ့၊ အဲဒီအဖွဲ့အစည်းတွေကိုယ်စား တပ်ထောက်အရာခံဗိုလ်ကို ဝင်ရောက်အရွေးခံခိုင်းမည်လော။ ထို့ပြင် အပိုဒ် (၂) မှာ  ပဋ္ဌမအဖွဲ့ဝင်များအဖြစ်ပါဝင်ရမည့်သူများစာရင်းမှာ စစ်အရာရှိကြီးပေါင်း (၁၄) ဦးပါပြီးဖြစ်နေတယ်။

အဲဒီဦးပိုင်လီမိတက်ရဲ့ အစုရှယ်ယာတွေကို တစု ကျပ် ၁ဝဝဝ/-နှုန်း သတ်မှတ်ထားတယ်။ လက်ရှိ ကျပ်ငွေ တန်ဘိုးအရ သာမန်စစ်သားများ ဝယ်ယူပါဝင်နိုင်အောင် စီစဉ်ထားခြင်းဖြစ်တယ်လို့ စဉ်းစားစရာရှိတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းမျိုးနဲ့ အဲဒီလောကမျိုး ကိုယ်တွေ့ ဖြတ်သန်းဖူး သူတွေကမူ ပြုမိကြပေလိမ့်မည်။ ဥပမာ၊ ၂ဝ ရာစု အစောပိုင်းကာလ၊ ဂျာမဏီနိုင်ငံမှာ ရှယ်ယာတခု မတ် ၁ဝဝဝ/- အနည်းဆုံးသတ်မှတ်ထားတယ်။ ဗြိတိန်မှာ တပေါင်သာ သတ်မှတ်ထားလို့ ရှယ်ယာကိုဝယ်ယူနိုင်သူ ပိုများတယ်။ ရှယ်ယာပိုင်ဆိုင်မှုအပေါ်မူတည်ပြီး ရွေးချယ်တဲ့ ဒါရိုက်တာ ဘုတ်အဖွဲ့ စတာတွေမှာ ရှယ်ယာတွေကို လက်ဝါးကြီးအုပ်ပိုင်ဆိုင်သူများက မဲကိုအစိုင်အခဲနဲ့ရအောင် အာမခံချက် ရှိပြီးဖြစ်နေတယ်။

ကျန်အရွေးချယ်ခံနိုင်ခွင့်မရှိသူတွေရဲ့ မဲတွေက တယောက်တပေါက် ကွဲသွားတော့တယ်။ ဘယ်လိုမှစုစည်းမရနိုင်ပါ။ အဲတာကြောင့်လည်း ဂျာမဏီနိုင်ငံမှ အကြီးဆုံးစက်မှုလုပ်ငန်းရှင်ကြီးနဲ့ဘဏ္ဍာအရင်းရှင်ကြီးတဦးဖြစ်တဲ့ SIEMANS က ဗြိတိသျှနယ်ချဲ့စနစ်ရဲ့ အုတ်မြစ်ဟာ တပေါင်တန်ရှယ်ယာစနစ်ပဲဟု မနာလိုစွာဖြင့် ပြောခဲ့ခြင်းဖြစ်တယ်။

ဦးပိုင်လီမိတက်ကို ဘာကြောင့်တည်ထောင်တာလဲ
(နဝတ) အစိုးရက ထုတ်ဖော်ကြေငြာသည်ဖြစ်စေ၊ မကြေငြာသည်ဖြစ်စေ အဲဒီအဖွဲ့အစည်းကို တည်ထောင်လိုက်လို့ အောက်ပါအကျိုးဆက်များ ဖြစ်ထွန်းလာပေလိမ့်မည်။

(က) စီးပွားရေး
တော်လှန်ရေးနာမည်ပဲခံခံ၊ မဆလ နာမည်ပဲခံခံ၊ တစည (သို့မဟုတ်) ပြည်ခိုင်ဖြိုးပဲ ဖြစ်ဖြစ် အခြားနာမည် တခုခုပဲခံခံ နိုင်ငံတော်အာဏာကို စစ်တပ်နဲ့သိမ်းယူထားချိန်မှာ စစ်ဗျူရိုကရက်တွေရဲ့ စီးပွားရေးအတွက် အစစအရာရာအာမခံချက် ရှိနေစေတယ်။ ကြိုက်သလို ရင်းနှီးမြှုပ်နှံကြတယ်။ ကြိုက်ရာနိုင်ငံနဲ့ ဆက်သွယ်နိုင်သည်။ ဖုံးချင်သလောက်ဖုံး၊ ထုတ်ပြောချင်သလောက် ထုတ်ပြောနိုင်သည်။ စေတလုံးပိုင်နေကြတယ်။ နိုင်ငံရေးပင်စင်ဥပဒေဆိုသည်မျိုး အပါအဝင် သူတို့ထင်သလို ဥပဒေတွေထုတ်ပြန်ပြီး ကြိုက်သလို ခံစားနိုင်ကြသေးတယ်။

ဒါပေမယ့်၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲကာလလို အရပ်သားအစိုးရလက်ထဲ အာဏာကိုလွှဲရမလိုလို ဖြစ်လာတဲ့အခါမှာ အရင် အခွင့်အရေးမျိုးများအတွက် အာမခံချက်များ နည်းလာနိုင်တာကိုသိလာကြတယ်။ အဲတာကြောင့် စစ်တပ်အဝန်းအဝိုင်း တခုလုံးအတွက် (အထူးသဖြင့် စစ်ဗိုလ်ချုပ်ကြီးများ၏မိသားစုအတွက်သာ) စီးပွားရေးအရ လင်းတတသောင်းနားနိုင်တဲ့ သစ်ပင်ကြီးတပင် ရှိဖို့လိုလာသည်။ အနည်းဆုံး ခြေမမြဲတောင် လက်တော့မြဲရစေမည်။ အဲဒီသို့သောဟာကွက်ကို ဖြည့်ဆည်းဘို့ ကိုယ့်လက်ထဲအာဏာရှိတုန်း စီစဉ်ဖန်တီးရလျှင် အလွယ်ဆုံး အကောင်းဆုံးပင် မဟုတ်ပါလော။ အဲဒီ ဦးပိုင်လီမိတက်ကို လက်ညှိုးထိုးပြီး စစ်ဗိုလ်ချုပ်များအနေနဲ့ သူတို့နည်းမျိုးစုံနဲ့ရထားတဲ့ ငွေမည်းတွေကို တရားဝင်အောင် ပွဲထုတ်နိုင်စေတယ်။ အရင်ကလို ထီလက်မှတ်အဝယ်ပြဘို့ မလိုတော့ပါ။

(ခ) နိုင်ငံရေး
ကြာလာတော့ သူတို့တပ်ထဲမှာ ကွဲပြားလာတယ် များပြားလာတဲ့ မဆလ၊ တစညနဲ့ နဝတဆန့်ကျင်ရေး နိုင်ငံရေး နိုးကြားမှုကို ထိုင်းမှိုင်းသွားစေလိုတယ်။ ဦးပိုင်ဆိုတာ ထိုင်း၊ ဖိလစ်ပိုင်စတဲ့ နိုင်ငံတွေက စစ်အုပ်စုတွေလုပ်လေ့ရှိသလို အောက်ခြေကို စားကြွင်းစားကျန်လေးတွေနဲ့ ချွေးသိပ်ရန် စီစဉ်ခြင်းလည်းဖြစ်ပါတယ်။

အစကကြေးစားဆန်ဆန် လစာဆိုတဲ့ အနှောင်အတဲတခုထဲနဲ့ ဖွဲ့စည်းထားတဲ့ စစ်တပ်အား စည်းလုံးစေဘို့  နောက်ထပ် သံယောဇဉ်အနှောင်အတဲတခု ထပ်ဖြည့်လိုက်တာလို့လည်း ဆိုနိုင်တယ်။ တပ်ထဲမှာပဲ ဆက်ရှိရှိ၊ တပ်အပြင်မှာပဲရှိရှိ အားလုံးတလှေထဲစီး၊ တခရီးထဲသွားချည်းပဲ။ အဲတာကြောင့် စစ်အုပ်စုထိပ်သီးပိုင်း၏ တသွေး၊ တသံ၊ တမိန့်ကို နာခံဘို့ အမြဲအသင့်ရှိရေးစိတ်ဓါတ်ကို ခံစားခွင့်ပြပြီး ရိုက်သွင်းပေးနေခြင်းလည်းဖြစ်တယ်။

ဒါ့ပြင် ပြည်သူထူထု ဘက်ပေါင်းစုံဆန့်ကျင်မှု၊ မကျေနပ်မှုတွေ ပြင်းထန်သထက် ပြင်းထန်လာပြီး ဗိုလ်ချုပ်ကြီးတွေသာ အိတ်ဖောင်းတဲ့ စစ်အုပ်စုအဖို့ အထီးကျန်ဖြစ်သထက် ဖြစ်လာချိန်မှာ ကိုယ့်အင်အားကို နည်းမျိုးစုံနဲ့ အားဖြည့်ပြီး သေဘော်ညှိတဲ့ လုပ်ရပ်တခုလည်းဖြစ်တယ်လို့ ဆိုနိုင်တယ်။ နောင်မှာပေါ်ပေါက်လာနိုင်တဲ့ အရပ်သားအစိုးရအပေါ်မှာ စစ်အုပ်စုနဲ့စစ်တပ်က ဘက်စုံ၌ မားမားကြီးမိုးနေနိုင် အောင် ပြင်ဆင်နေတဲ့ အစီအစဉ်များထဲကတခုဖြစ်ပါသေးတယ်။ နောင် ဘယ်အစိုးရတက်လာလာ စစ်အုပ်စုနဲ့ စစ်ဗျူရိုကရေစီယန္တယားမှာ စစ်ရေးအရ မလွှဲမရှောင်သာ အသိအမှတ်ပြုရတဲ့ အင်အားတရပ်သာမကတော့ဘဲ စီးပွားရေးအရပါ အသိအမှတ်ပြုနေရာပေးရတဲ့ အဖြစ်မျိုး ဆိုက်လာပါတော့တယ်။

(ဂ) လူမှုရေး
သူတို့အသိုင်းအဝိုင်းထဲကလူတွေ၊ သားသမီးတွေအတွက် ဝင်ငွေကောင်း၊ အခွင့်အရေးကောင်းတေဲ့ အလုပ်အကိုင်တွေ အာမခံချက် ရှိလာပါလိမ့်မယ်။ နိုင်ငံခြားထွက်ခြင်း၊ နိုင်ငံခြားငွေ ပိုင်ဆိုင်ခြင်းစတဲ့ အခွင့်အရေးတွေလည်း ရကြတယ်။ သင်္ဘောသားခေတ်က စစ်တပ်ဦးပိုင်လီမိတက်အမှုထမ်းခေတ်သကိုရောက်လာတာဖြစ်တယ်။ စစ်ဗိုလ်ချုပ်ကြီးတွေဟာ စစ်အစိုးရလက်ထက် မဟုတ်တာတောင်မှ စီးပွားရေးဗျူရိုကရက်ကြီးများအဖြစ်နဲ့လည်း စီးပွားရေးနယ်ပယ်အားလုံးမှာ ချယ်လှယ်စိုးမိုးကြနိုင်ပေလိမ့်မည်။

(မှတ်ချက်။ ဦးဗလအမည်နဲ့ရေးသားချက် + အင်တာနက်ရင်းမြစ်တွေကနေ အခြေခံရေးသားထားတာဖြစ်ပါတယ်။ စစ်တပ်ရဲ့ ထိပ်တန်းလှို့ဝှက်သဘောဆန်တဲ့အကြောင်းအရာဖြစ်လို့ တိကျမှုအားနည်းနိုင်ပါတယ်။)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး