Hepatitis C medication အသည်းရောင်စီပိုးအား သောက်ဆေးနဲ့ကုသနည်း
ကျွန်တော်ရေးတဲ့စာ မဟုတ်ပါ။ မန္တလေးဆေးကျောင်မှာ တတန်းတည်းအတူတူစာသင်ခဲ့တဲ့ သူငယ်ချင်း ဒေါက်တာသံစစ် ရေးတာဖြစ်ပါတယ်။ စစ်ကိုင်းသားသူငယ်ချင်း ကျန်းမာပါစေ။
၁။ အသည်းရောင် စီပိုးရှိတဲ့လူဟာ ရောဂါလက္ခဏာ မပြတဲ့အတွက် အသည်းရောင် စီပိုးရှိပေမယ့် ရှိတယ်လို့ မသိကြဘူး။ သိလည်း မသိနိုင်ဘူး။ မသိဘဲ နှစ်ရှည်လများ အနေကြာတဲ့အခါ အသည်းခြောက်၊ အသည်းကင်ဆာတွေရဲ့ လက္ခဏာ ပြတော့တာပဲ။ သွေးစစ်ကြည့်မှ သိနိုင်တဲ့ရောဂါဖြစ်နေတော့ သွေးစစ်ကြည့်ရတယ်။ သွေးစစ်ကြည့်တဲ့အခါမှာ လည်း တဆင့်တည်းနဲ့ မရဘူး။ (၂)ဆင့် စစ်ရတယ်။ Anti HCV ခေါ်တဲ့ ပဏာမ သွေးစစ်ချက်ကို စစ်လို့ Positive ဖြစ်ရင် စီပိုး ရှိနိုင်တယ်။ အသည်းရောင် စီပိုးဝင်ဖူးတယ်လို့ ပြောနိုင်တယ်၊ ရှိနိုင်တယ် ပြောတာဟာ ရှိနေပြီလို့ ပြောတာ မဟုတ်ဘူး။ HCV RNA PCR ခေါ်တဲ့ ဒုတိယအဆင့် ဈေးကြီးကြီး စမ်းသပ်မှုကို ပြုလိုက်မှ ရှိတယ် မရှိတယ် လိုင်းပြတ်သွား တယ်။ မရှိရင် ဘာမှလုပ်စရာမလိုတော့ဘူး။ ရှိရင်တော့ ကုရမယ်။
၂။ အသည်းရောင်စီပိုးကို ၂ဝ၁၄ ခုနှစ် မတိုင်မီအထိ ကုသရခက်ခဲ ခဲ့ပါတယ်။ Interferon ထိုးဆေးနှင့် Ribavirin စားဆေးနဲ့ကုသခဲ့ရတယ်။ ကုသချိန်ကလည်း Genotype အလိုက် တနှစ်၊ တနှစ်ခွဲ ခန့်ကြာတယ်။ သိန်း ၁ဝဝ ၊ သိန်း ၁၅ဝ လောက်ကျတယ်။ ကုသခံရသူမှာလည်း ဘေးထွက်ဆိုးကျိုးတွေဒဏ်ကို တော်တော်လေးခံရတယ်။ Ribavirin လို့ခေါ်တဲ့ စားဆေးကြောင့် ကုသခံရသူမှာ သွေးဥတွေ ကွဲတတ်တယ်။ အမျိုးသားပဲစားစား၊ အမျိုးသမီးပဲ စားစား အင်္ဂါချို့ယွင်းတဲ့သန္ဓေသားကို ဖြစ်စေနိုင်တယ်။ အခြားဆေးတွေကတော့ ခေါင်းမူးတာ၊ နည်းနည်း မောဟိုက် တာ၊ ဗိုက်မအီမသာဖြစ်တာ၊ ဟိုနားဒီနား နာတာ တချို့မှာ ဖြစ်တယ်။
၃။ ဒါပေမယ့် ၂ဝ၁၅ ခုနှစ်မှာပေါ်တဲ့ စားဆေးတွေက အားကောင်းတယ်။ ကုထုံးလည်းတိုသွားတယ်။ ရက်တိုတိုနဲ့ ပျောက်နှုန်း ၉ဝ ရာနှုန်းကျော် ပျောက်အောင်ကုသနိုင်စွမ်းရှိတယ်။ Gilead Company ကြီးက ထုတ်တဲ့ Sovaldi ခေါ်တဲ့ Sofosbuvir ဟာ ကောင်းလည်း ကောင်းတယ်။ ဆေးတပြား ဒေါ်လာ ၁ဝဝဝ လောက်တန်တယ်။ ဒါပေမယ့် Gilead Company ကြီးက စီပိုးလည်း အဖြစ်များ၊ ဆင်းလည်းဆင်းရဲတဲ့နိုင်ငံ (၉၁) နိုင်ငံမှာ Generic ဆေးတွေ ထုတ်ခွင့်ပြု လိုက်တယ်။ ဆေး တပြား ၅ ဒေါ်လာ၊ ၆ ဒေါ်လာလောက်ပဲ ကျတယ်။ (၃)လ အတွင်း သိန်း ၂ဝ၊ ၂၅ သိန်း နှင့် စီပိုးကို ပျောက်အောင် ကုနိုင်လာတယ်။ Ledispavir ဆိုတဲ့ နောက်ဆေးတမျိုးကိုလည်း Gilead ကုမ္ပဏီက ထုတ်လုပ်တယ်။ Sofosbuvir နှင့် Ledispavir နှစ်ခုကို ပေါင်းပြီး ဆေးတလုံးတည်းနှင့် တနေ့ တကြိမ်သောက်ရတဲ့ဆေး Harvoni ကိုလည်း ထုတ်လုပ် ပြန်တယ်။ ဈေးအလွန်ကြီးတယ်။ ဒါပေမယ့် ဆင်းရဲတဲ့ (၉၁)နိုင်ငံအတွက် ဈေးချိုချိုနှင့် အသုံးပြုခွင့် ပြုပြန်ရော၊ ပိုးအမျိုးအစား Genotype ၁၊ ၄၊ ၅၊ ၆ အတွက် တနေ့တလုံး (၃)လ သောက်ရုံနှင့် အသည်းရောင် စီပိုးရှိသူ၊ အသည်းရောင်စီပိုးရှိပြီး ယခင်က ထိုးဆေး၊ စားဆေး (၆)လ၊ (၁) နှစ်ကုပြီး မပျောက်ကင်းသူတွေ အားလုံးမှာ ၉ဝ ရာခိုင်နှုန်းလောက်ပျောက်တယ်။ အသည်းခြောက်ရောဂါရှိပြီး ဆေးပြန်ကုရတဲ့လူတွေကတော့ (၆) လလောက် သောက် ရမယ်တဲ့။ နောက်ဆေးတမျိုးပေါ်သေးတယ်။ Doclatasvir ဆိုတဲ့ဆေးဟာ Ledispavir လိုပဲ Sofosbuvir နှင့် ပေါင်းရင် ပိုးအမျိုးအစားအားလုံး All Genotype (Genotype 1,2,3,4,5,6) ကို (၃)လကုရုံနှင့် (၉ဝ) ရာခိုင်နှုန်းလောက် ပျောက် မယ်။ နောင်ကျရင် Harvoni လိုပဲ နှစ်ခုပေါင်းပြီး တနေ့ တလုံးစားတဲ့ဆေး ထုတ်မယ်။
၎။ အသည်းရောင်စီပိုး မကုသမီ ပိုးအမျိုး အစားခွဲဖို့ လိုတယ်။ ပိုးအမျိုးအစား မခွဲတဲ့ကုနည်းလည်း ရှိတယ်။ အသည်းကျစ်/မကျစ်၊ အသည်းခြောက်/မခြောက်၊ အသည်းမှာအလုံးရှိ/မရှိစစ်ရမယ်။ အသည်းအပြင် အရိုးအဆစ်ကိုက် စတဲ့ အခြားရောဂါလက္ခဏာတွေရှိလား စစ်ရ တယ်။ ဆီးချို၊ သွေးတိုး၊ သွေးတိုး၊ နှလုံး၊ ကျောက်ကပ်၊ အဆုတ် ရောဂါ တွေ စစ်ရတယ်။ အသေးစိတ် စစ်ဆေးမှုမျိုးတော့ မဟုတ်ဘူး၊ အကြမ်းဖျမ်းစစ်ဆေးမှုမျိုးသာ ဖြစ်ပါတယ်။ သွေးနီဥ၊ သွေးဖြူဥ၊ သွေးမွှားဥ ကောင်း မကောင်း စစ်ရမယ်။ အဖြေတွေ အဆေင်ပြေရင် စကုလို့ ရပြီ။
၅။ ၁၉၉ဝ-၂ဝဝဝ ပြည့်နှစ်တွေမှာ အသည်းရောင် စီပိုးအကြောင်း ကောင်းကောင်း မသိဘူး။ ကုလို့ မပျောက်ဘူး။ နောက်တော့ ထိုးဆေး၊ စားဆေး အတွဲနှင့် ၆ လ၊ ၁ နှစ် ကုရတယ်။ ၆ဝ ရာခိုင်နှုန်း၊ ၇ဝ ရာခိုင်နှုန်းသာ ပျောက်တယ်။ စွယ်ပွားအန္တရာယ်များလွန်းလို့ ကုသူနည်းတယ်။ အခုတော့ ၂ဝ၁၅ ခုနှစ်မှာ DAA ခေါ်တဲ့ သောက်ဆေးသစ် (၃) မျိုး ပေါ်တယ်။ အလွန်ဈေးကြီးတယ်။ ဒါပေမယ့် ဆင်းရဲတဲ့နိုင်ငံတွေအတွက် Generic တွေ အသုံးပြုခွင့်ပြုတယ်။ သောက် ဆေး(၃)မျိုးကတော့ -
(က) Sofosbuvir (Sofgen)
(ခ) Ledipasvir
(ဂ) Daclatasvir တို့ ဖြစ်တယ်။
၆။ ပိုးအမျိုးအစား Genotype (1) ၊ (4) နှင့် (6) အတွက်
- Sofosbuvir + Ledipasvir (၃) လ (သို့မဟုတ်) Sofosbuvir + Daclatasvir (၃) လ သောက်ရမယ်။
၇။ ပိုးအမျိုးအစား Genotype (2) အတွက်
- Sofosbuvir + Ribavirin (၃) လ (သို့မဟုတ်) Sofosbuvir + Daclatasvir (၃) လ သောက်ရမယ်။
၈။ ပိုးအမျိုးအစား Genotype (3) အတွက်
- Sofosbuvir+ Daclatasvir (၃) လ သောက်ရမယ်။
၉။ အသည်း မခြောက်သေးတဲ့ အရင်ကုထုံး နဲ့ မပျောက်သူတွေကို ဒီကုထုံးအတိုင်း ကုနိုင်တယ်။ HIV နှင့်တွဲရှိတဲ့ လူတွေလည်း ကုထုံးက အတူတူပဲ။ ဒါပေမယ့် ဆေးတည့် မတည့် စစ်ရမယ်။
ပါမောက္ခ ဒေါက်တာသံစစ်

Comments
Post a Comment