Syphilis ဆစ်ဖလစ်

ဆရာ သမီးအမျိုးသားမှာ အလုပ်အတွက်သွေးစစ်ကြည့်တော့ ကာလသားရောဂါပိုးတွေ့ပါတယ်။ မနက်ဖြန် ဆရာဝန်နဲ့တွေ့ပြီး ၂ ပတ်ဆေးသောက်ရမယ်ပြောပါတယ်ရှင့်။ အမျိုးသားမှာ ပိုးတွေ့တော့ ဇနီးသည်ပါ ကုသမှုခံယူဖို့ လိုအပ်ပါလားဆရာ။

ကာလသားရောဂါလို့ အရင်ကခေါ်တယ်။ အခုထိလည်း နှုတ်ကျိုးနေရတုံးပဲ။ ဆေးစာတွေကို ဗမာလိုပြန်ရင် အတော့်ကို အဆီအငေါ်မတည့်တာ ဒီရောဂါ။ ဗမာတွေက Chickenpox ကို (ကြက်ကျောက်) ရေကျောက် ခေါ်ပြီး၊ Smallpox (အသေးစားကျောက်) ကို ကျောက်ကြီးလို့ ခေါ်ကြတယ်။ အင်္ဂလိပ်လို The Great Pox ဆိုတာရှိတယ်။ တိတိကျကျ ဘာသာပြန်ရင် မဟာကျောက်ရောဂါပေါ့။ အဲဒါ Syphilis (ဆစ်ဖလစ်) ကို ခေါ်တာပါ။ (ဆစ်ဖလစ်) ကို ကာလသားရောဂါ ခေါ်ခဲ့ပေမယ့် ကာလသမီးတွေမှာလည်းဖြစ်တယ်။ မွေးကာစ ကလေးတွေမှာလည်းဖြစ်တယ်။ ကုရတာက မခက်လှပါ။

ဆစ်ဖလစ်သမိုင်းက ၁၅ ရာစုကတည်းကတဲ့။ လီနင် နဲ့ တော်လ်စထွိုင် တို့လဲ ဒီရောဂါနဲ့ မကင်းဘူးတဲ့။ အာဏာရှင် ဟစ်တလာ၊ မူဆိုလီနီ၊ လူဆိုးဘုရင် အိုင်ဗင် စသူတွေပါတယ်။

Treponema pallidum ဗက်တီးရီးယား ပိုးဝင်ပြီး၊ ၂၁ ရက် အကြာ၊ လိင်ဆက်ဆံရာနေရာ မှန်သမျှမယ် မနာတဲ့ အနာလေးတွေ စဖြစ်တယ်။ ၁ လ ၁ လခွဲနေရင် ပျောက်သွားမယ်။ နောက်အဆင့်ဖြစ်လာရင် မယားတဲ့အနီပြင်တွေ ခြေသလုံး၊ လက်၊ ကျောတို့မှာပေါ်မယ်။ ဒီအဆင့်က ပိုပြီး ကူးစက်စေနိုင်တယ်။ ကိုယ်ပူတာ၊ လည်ချောင်းနာ၊ အစားပျက်၊ အလေးချိန်လျော့၊ တက်စေ့ရောင်တာတွေ ဖြစ်မယ်။ နောက်ပြီး ဘယ်အင်္ဂါအစိတ်အပိုင်းမဆို ရောဂါပြန့်မယ်။ အဆစ်၊ အသည်း၊ ကျောက်ကပ်။

မပျောက်သေးတဲ့ သူတွေ ၂% လောက်က တတိယအဆင့် ရောက်သွားမယ်။ သွေးကြောကြီးတွေ ဖေါင်းမယ်၊ Gummas တက်စေ့တွေ ရောင်မယ်၊ Neuro-syphilis ဦးနှောက်ဆစ်ဖလစ်ဖြစ်မယ်၊ မျက်စိ၊ နားကို ကူးစက်တော့မယ်။ ၂ နှစ် ကြာရင် တတိယအဆင့်ဆိုတာ ဖြစ်လာတယ်။ ဆစ်ဖလစ်ကို အဆင့်တွေခွဲထားတယ်။ ၁၊ ၂၊ ၃၊ ၄။

နောက်ဆုံးဆင့်ဆိုတာ ရောဂါကူးချိန်ကနေ ၁ နှစ်ကနေ ၁ဝ နှစ်အတွင်းဖြစ်တယ်။ ဒီထက်လဲ ကြာနိုင်သေးတယ်။ အရိုး၊ အဆစ် နဲ့ အာရုံကြောတွေမှာ Gummas (ဂါမာ) ဆိုတာတွေ ဖြစ်လာမယ်။ အာရုံကြောဆစ်ဖလစ်ဖြစ်ရင် ရောဂါလက္ခဏာ မပေါ်တဲ့အဆင့်ကနေ စိတ်မကောင်းသူလို ဖြစ်သွားတဲ့အဆင့်ထိ ဖြစ်နိုင်တယ်။ နှလုံးကနေထွက်တဲ့ အကြီးဆုံး သွေးလွှတ်ကြောကြီးမှာ ရောဂါရလာတတ်တယ်။ သိပ်တော့အစိုးရိမ်မကြီးပါနဲ့ ပဋိဇီဝဆေးတွေ မပေါ်ခင်ကသာ ၂၅-၃၅% ဖြစ်တာပါ။ အဲ့ ခုခေတ်မှာတော့ Neurosyphilis အာရုံကြောဆစ်ဖလစ်ဟာ HIV ရှိသူတွေမှာသာ များနေပါတယ်။

နာမည်အခေါ် ဆက်ပြောရအုန်းမယ်။ အာလူးအချောင်းကြော်ကို French fries လို့ခေါ်မှ ခေတ်မီတယ်။ French kiss ဆိုတာလည်းလုပ်ကြတယ်။ French disease ဆိုတာကိုပါ သိဘို့လိုတယ်။ အတာ ကာလသားရောဂါ။ ဆစ်ဖလစ်ကို အီတာလျန်နဲ့ ဂျာမန်တွေက အဲလိုခေါ်တာ။ ဒတ်ခ်ျတွေကတော့ စပိန်ကိုလွှဲချတယ်၊ ရုရှားတွေက ပိုလန်ကို လက်ညှိုးထိုးပြီး၊ တူရကီတွေက နည်းနည်းပိုဆိုးတယ်။ Christian disease တဲ့။ အမှန်က သူတို့ဆီကို ဒီလူတွေဆီကနေ ကူးလာတာလို့ ပြောချင်ကြတာပါ။

ဆစ်ဖလစ်ဟာ အမေရိကားကို ကိုလန်ဘတ်စ် မတွေ့ခင်ကတည်းကရှိတယ်လို့ နောက်မှရောက်တဲ့ ဥရောပသားတွေက ပြောတယ်။ ဒီနောက်ရောက်လာကြမဲ့ ဗမာတွေအပါအဝင် အာဖရိကနဲ့ အာရှက လူမှန်သမျှကို မလာခင်ဆေးစစ်တဲ့အခါ ဒီရောဂါကိုပါစစ်တယ်။ ပိုးတွေ့ရင်လဲ ၁ ပတ် ၁ လုံး၊ ၃ ပတ် ဆေးထိုးခိုင်းပြီး၊ ဆေးအောင်လုပ်ပေးလိုက်ပါမယ်။ ဒါပေမဲ့ သူတို့ဆီမယ် ၁ နှစ်မှာ လူ ၁၇ သန်းလောက် ဒီရောဂါသည် အသစ်တွေရှိနေတယ်။

ဒီရောဂါတွေကို ကာကွယ်ဘို့ တချို့က လိင်ကိစ္စမှန်သမျှ ဝေရမဏိလုပ်ခိုင်းတယ်။ သီလမစောင့်နှိုင်ရင်တော့ ကွန်ဒွမ် က အလွန်မတန် အသုံးဝင်ပါတယ်။ ကိုယ်ခန္ဓာရင်းနှီးရသူတွေကို ပညာပေးတာထိရောက်အောင်လုပ်ဘို့ အလွန့်အလွန်ကို အရေးကြီးပါတယ်။ ကိုယ့်အိမ်ထောင်ဘက်၊ ကိုယ့်အဖေါ်ကို လူစိတ်ထားပြီး ဆက်ဆံသင့်တယ်။ ဖြစ်လာရင် HIV နဲ့ B, C ပိုးတွေကလွဲရင် ဆေးတွေကအတော်ကိုနိုင်ပါတယ်။ အတူနေဖေါ်နှစ်ယောက်လုံး တပြိုင်တည်းဆေးကုရပါမယ်။

- Syphilis ဆစ်ဖလစ် http://doctortintswe.blogspot.com/2014/12/syphilis.html
- Syphilis Tests ဆစ်ဖလစ်ရောဂါ စမ်းသပ်နည်းများ http://doctortintswe.blogspot.com/2014/12/syphilis-tests.html
- Syphilis test results ဆစ်ဖလစ် စမ်းသပ်နည်းအဖြေ http://doctortintswe.blogspot.com/2014/12/syphilis-test-results_13.html
- Syphilis Treatment (ဆစ်ဖလစ်) အတွက်ဆေးများ http://doctortintswe.blogspot.com/2014/12/syphilis-treatment.html
- VDRL ကာလသားရောဂါ စစ်ဆေးနည်းများ http://doctortintswe.blogspot.com/2014/12/vdrl-tpha.html

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး