ဓါ နှင့် ဓာ ပဲ နှင့် ဘဲ

ဆရာခင်ဗျား လေးစားစွာ မေးချင်ပါတယ်ခင်ဗျာ ဆရာဖော်ပြထားတဲ့ မြန်မာစာမှန်အောင်ရေးထားတဲ့ ပို့ စ်များထဲမှ ဆရာလက်ခံထားတဲ့ တ အသုံးကိုတော့ ထူးပြီး ပြောစရာမရှိပါဘူး။ Khin Muyar San တဆောင်းလုံး ချမ်းလွန်းလို့ အရွက်ကလေးတွေတောင်မထွက်နိုင်ပဲ မှာ မထွက်နိုင်ဘဲလို့ ရေးရင်မှားပါသလားခင်ဗျာ။ လား နဲ့ လါး ၊ ဓား နဲ့ ဓါး၊ ဖွား နဲ့ ဖွါး မှာ ဘယ်ဟာက ရေးထုံးအမှန်ပါလဲခင်ဗျာ။

ဓါ နှင့် ဓာ

မြန်မာစာမှာ ခင်-ငူ-ဂေါ-ဒေါ-ပုံ-ဝ ဝိုက်ချမသုံးရလို့ စည်းကမ်းရှိတယ်လို့ ပြောကြတယ်။ ကျွန်တော်တို့ငယ်ငယ်ကတော့ အဲလို မသင်ရပါ။ ခ၊ င၊ ဂ၊ ဒ၊ ပ၊ ဝ၊ တွေမှာ ဝိုက်ချမသုံးရလို့ ပြောတာပါ။ အဲဒီ (၆) လုံးထဲမှာ ဓ မပါ။ နောက်ထုတ် သတ်ပုံစာအုပ်သစ်တွေမှာလည်း ဓာ လို့သာရေးခိုင်းတယ်။ ကျွန်တော်တို့ ငယ်ငယ်ကတော့ ဓါ လို့သာ ရေးရတယ်။ တ နဲ့လွဲဖတ်မိမှာစိုးလို့။

အရင်ကလည်း ဓာတ်ရော ဓါတ်ပါ ရေးကြတယ်။ ကျွန်တော့်မျက်စိထဲမှာ ဓါတ်လို့ရေးတာက ရှင်းလို့ သဘောကျတယ်။

ဓါတ်
ဓါတ်ခံကောင်း
ဓါတ်ခိုက်
ဓါတ်ခဲ
ဓါတ်ချုပ်
ဓါတ်ငုတ်
ဓါတ်စက်
ဓါတ်တံခါး
ဓါတ်ပုံ
ဓါတ်ပစ္စည်း
ဓါတ်ပျက်
ဓါတ်ကြိုး
ဓါတ်မတည့်
ဓါတ်မှန်
ဓါတ်မီး
ဓါတ်သွား
ဓါတ်သိ
ဓါတ်သဘော
ဓါတ်ချောက်ချား
ဓါတ်ဆောင်
ဓါတ်တော်ဝေခန်း
ဓါတ်ပြောင်းလဲခြင်း
ဓါတ်လေးပါး
ဓါတ်လှေကား
နာမ်ဓါတ်
မန္ဓာတ်မင်း
ရုပ်ဓါတ်
လျှပ်စစ်ဓါတ်
လာကဓါတ်
သုဇိဓါတ်
အာကာသဓါတ်
မေဓာဝီ

ကျွန်တော့်အမြင် ဓာရေးရေး၊ ဓါရေးရေး မမှားပါ။

ပဲ နှင့် ဘဲ

ပဲ နဲ့ ဘဲ ကို ကျွန်တော်လည်း မှားတတ်လို့ စေတနာနဲ့ ပြင်လာပေးကြပါတယ်။ မ သဘော၊ မရှိ-မဟုတ် သဘောပါမှသာ ဘဲ။ မ နောက်က ဘဲလိုက်လို့လည်း ပြောကြတယ်။ မှန်တာများတယ်။ ဒါပေမယ့် ဖေါ်မြူလာလို သုံးမရပါ။

မြန်မာအဘိဓာန်
ပဲ
၁။ (အပြော) ရည်ညွန်းသောပုဒ်ကို လေးနက်စေသော စကားလုံး၊ (လူပဲ)၊ (နတ်ပဲ)၊
၂။ ကြိယာ၏အနက်ကို ကန့်သတ်လိုရာ၌သုံးသည်။ စားရုံပဲ စားသည်။
ဘဲ = ကြိယာ၏အနက်ကို တားမြစ်လိုရာ၌သုံးသည်။ မသွားဘဲ၊ မလာဘဲ။

ပဲ (ပဲး) = ပဲကြီးဟင်း၊ ပဲကြော်၊ ပဲလှော်၊ ပဲစဉ်းခုန်၊ ပဲချဉ်ပေါင်၊ ပဲစောင်းလျှား၊ ပဲပိစပ်၊ ပဲတီချဉ်၊ ပဲလင်းမြွေသီး၊ ပဲပုစွန်၊ စားတော်ပဲ၊ ဗိုလ်စားပဲ၊ မြေပဲ၊ ပဲစိမ်းစားဥ၊ ဝမ်းပဲငှက်၊ တပဲလေးရွေး၊ မပြောပဲ၊ မဆိုပဲ၊ မလာပဲ၊ မလုပ်ပဲ၊

ဘဲ (ဘဲး) = ဘဲဥ၊ ဘဲသား၊ ဘဲငန်း၊ ဝမ်းဘဲဟင်္သာ၊ မသွားဘဲ၊ မလာဘဲ၊ မလုပ်မကိုင်ဘဲ၊ မခေါ်ဘဲ၊ သနခါးဘဲကျားရိုက်၊

မြန်မာ့စွယ်စုံကျမ်းပါ သိပ္ပံမောင်ဝရေးတဲ့ ၁၁-၁ဝ-၁၉၃၇ နေ့ကစာ = မောင်ဝဆိုတဲ့ မောင်ဝကတော့ သတ်ပုံကျရင်ဖြင့် ဖြစ်ကတတ်ဆန်းဘဲ။ ရေးချင်သလို ရေးတော့တာဘဲ။ သည်နေရာမှာ ဦးဇော်ဂျီတို့ မင်းသုဝဏ်တို့ကသာသဗျာ့ ဒါကြောင့်မို့ အခုတော့ဖြင့် ကဝိမျက်မှန်သတ်ပုံစာအုပ်ကြီးကို အမြဲ လက်ကိုင်ထားတယ်။ ဒါတောင်မှ တခါတခါ အမှားတွေ ဖေါက်ဖေါက်လာတယ်။ မောင်ဝဆိုတဲ့ မောင်ဝဟာ ဘယ်လိုဘဲ ထွင်တယ်ဆိုဆို၊ ဘယ်လိုဘဲ အရေးကောင်းတယ်ဆိုဆို၊ ဘယ်လိုဘဲ စိတ်ကူးစိတ်သန်း ကောင်းတယ်ဘဲဆိုဆို၊ မသေချာတဲ့နေရာမှာတော့ ပထမတန်းဘဲဗျို့။ နို့ပေမဲ့ မွေးကတည်းကပါလာတဲ့ အကျင့်မို့လားမသိဘူး၊ ဘယ်တော့မှ ပြင်လို့မရဘူး။ သေသည်တိုင်အောင် ဖြစ်ကတတ်ဆန်းသမားဖြစ်သွားမဲ့ မောင်ဝပါဘဲဗျာ။

သိပ္ပံမောင်ဝကတော့ ဘယ်လိုဘဲလို့သာ ရေးခဲ့ပါတယ်။ လက်ရေတပြင်စီးစကားအဓိပ္ပါယ်ဖွင့်တဲ့စာမှာ လှသမိန်က မယူကြပဲနဲ့ မခွဲပဲလို့သာရေးတယ်။ ဘဲနဲ့ရေးတာမဟုတ်ပါ။

အရင်ရေးခဲ့တာတွေက မှားတယ်၊ နောက်လူတွေပြောတာသာ မှန်တယ်လို့တော့ ကျွန်တော်က မထင်ပါ။ မြန်မာစာမှာ သင်္ချာနဲ့ သိပ္ပံမှာလို ပုံသေနည်းတွေနဲ့ အဆင်မပြေလှပါ။ မြန်မာစာကို ယူနီဖောင်းဝတ်ပေးတာ အမြဲတော့ကြည့်မကောင်းပါ။ သူ့နေရာနဲ့သူ သင့်တာဝတ်ရတယ်။

ဒေါက်တာတင့်ဆွေ
၂ဝ-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ