Genius ပါရမီ

စာရေးဆရာလား၊ ဆေးကုတဲ့ဒေါက်တာလား။

နှစ်မျိုးလုံး မဟုတ်ပါ။ ဆရာဝန်မှန်ပေမယ့် ဆေးခန်း-မွေးခန်း-ခွဲခန်းတွေနဲ့ ဝေးသွားရပြီ။ တခါကလည်းရေးမိသေးတယ်။ ခွဲဆရာဝန်လို့။ တိုင်းပြည်ကနေထွက်ပြေးရတော့ ဆေးခန်းလေးနဲ့ကင်းကွာ၊ လူနာတွေကို ခွဲခွါခဲ့ရတယ်။ ခွဲစိတ်ခန်းနဲ့ပါ ဝေးကွာခဲ့ရတယ်။ ဒေလီရောက်တော့ ဆေးခန်းလေးဖွင့်သေးတယ်။ အခုတော့ အဲဒီက ဆေးခန်နဲ့ မွေးခန်းကနေပါ ခွဲခွါရတာမို့ ခွဲဆရာဝန်ဖြစ်ပြီလို့။

စာတွေရေးဖြစ်တာ ဘလော့စပေါ်တော့ ရေးဖြစ်တယ်။ ခုထိပုဒ်ရေ အတိုအရှည် ငါးထောင်ကျော်ပြီ။ စာအုပ်ကတော့ ၃ အုပ်သာရှိသေးတယ်။ ဂျာနယ်တွေမှာ ဖေါ်ပြတာ သိပ်မသိပါ။ အဲလိုဆေးပညာစာရေးတဲ့သူကို စာရေးဆရာ မခေါ်ထိုက်ပါ။

ကျွန်တော်က ငယ်ကတည်းက စာရေးဆရာဆိုတဲ့အလွှာကို အလွန်လေးစားအားကိုးခဲ့တယ်။ အားကျတာလို့ မပြောချင်ပေမဲ့ သဘောကျတယ်။ အောင်မြင်ထင်ရှားတဲ့ စာရေးဆရာတွေကို သဘောကျတယ်။ များများစားစာတော့ မရှိပါ။ များများစားစား မသိလို့သာဖြစ်ပါတယ်။

စာရေးသူတို့၊ စာဖတ်သူ၊ စာပေဝါသနာရှင်ဆိုတဲ့အသုံး ပြောကြတယ်။ ကျွန်တော်က ရေးလည်းရေးတယ်၊ ဖတ်လည်းဖတ်တယ်၊ ဝါသနာလည်းပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို အဲလိုကင်မွန်းမတပ်ပါ။

နိုင်ငံရေးလုပ်လို့ ကိုယ်တိုင်ရော မိသားစုနဲ့ သားချင်းမိတ်ဆွေတွေပါ စစ်အစိုးရနှိပ်စက်တာ ခံကြရပေမယ့် နိုင်ငံရေးအကျဉ်းသားစာရင်း မပေါက်ပါ။ ဆရာဝန်ဖြစ်လို့ (ဆမ) နံပါတ်ရှိတယ်။ အမတ်ဖြစ်ခဲ့ပေမယ့် ပါတီဝင်ကပ်ပြား သတိမထားမိတော့ပါ။ နိုင်ငံရေးမှာရော စာရေးတာမှာပါ (ဆမ) နံပါတ်မျိုး ရှိဦးတော့ လျှောက်ယူမှာမဟုတ်ပါ။

ဝိဇ္ဇာပညာကိုတိုင်းစရာ သာမိုမီတာမရှိပါ။ ပညာဆိုတာ ပါရမီပါမှ ပေါက်မြောက်တယ်။

ကျွန်တော်နဲ့ ပါရမီ ဘယ်လိုဆိုင်သလဲ ပြောပါရစေ။ ပုလဲက ကျွန်တော့်အိမ်ရှိတဲ့အရပ်ကို ပါရမီရပ်လို့ ကျွန်တော်ကပဲ နာမည်ပေးခဲ့တာ၊ ၁၉၈၈ ကျော်စလောက်ကပါ။ ကိုယ့်ရပ်ကွက်မှာနေကြသူတွေက ပါရမီလို အထူးဂုဏ်ရှိကြလို့ မဟုတ်ပါ။ (မဆလ) ခေတ်မှာ ပါတီကလူကြီးတွေနေတဲ့ ရန်ကုန်ကနေရာကို ပါရမီလို့ခေါ်တာကို အမြင်ကပ်လို့။ တို့တောက သူလို ကိုယ်လိုလူတွေလည်း ပါရမီမှာနေတယ်လို့ ရွဲ့ချင်လို့ပါ။ မခံချင်စိတ်ကတော့ ပါရမီအပြည့်ရှိတယ်။ Smile!

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၇
၁၇-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Nurse Post Chat and Comments သူနာပြုတယောက်နဲ့ ချတ်လုပ်ခြင်းနဲ့ ကွန်မင်း နှစ်ဆယ်ရရှိခြင်း

Burmese Proverbs စကာပုံများ (က)