Monywa Stadium မုံရွာအားကစားကွင်း

ကျွန်တော် အတော်ငယ်ငယ်ကတည်းက မုံရွာဘောလုံးကွင်းကို မကြာခဏရောက်ပါတယ်။ အားကစားကွင်းလို့ခေါ်တာ နည်းသေးတယ်။

လွန်လပ်ရေးနေ့တိုင်း ကျောင်းတိုင်းကကျောင်းသားတွေ အဲဒီကိုလာပြီး အလေးပြုကြရတယ်။ ပြပွဲပြိုင်ပွဲတွေကိုလည်း နေ့တိုင်းရောက်တယ်။ ဖုန်တထောင်းထောင်းနဲ့။ မြို့နယ်ဘောလုံးပွဲတွေ တိုင်းအားကစားပွဲတွေကိုလည်း လာကြည့်တယ်။ ကျောင်းဘောလုံးပွဲဆိုရင် အသံကုန်ဟစ်ပြီးအားပေးတယ်။ လိမ်မော်သီး အလကားဝေတယ်။

တခါက ဝန်ကြီးချုပ်ဦးဘဆွေမုံရွာကိုလာတော့ ဘောလုံးကွင်းထဲ ရဟတ်ယာဉ်ဆင်းတယ်။ ဖုန်အထူဆုံး။

ခုနစ်တန်းကျောင်းသားဘဝမှာ ကျောင်းပေါင်းစုံပြပွဲတွေလုပ်တော့ စတိတ်တူးက သိပ္ပံခန်းမှာ တာဝန်ပေးခံရတယ်။ ရွံ့နဲ့လုပ်ထားတဲ့ မီးတောင်ထိပ်က သတ္ထုခွက်ကလေးထဲမှာ ပိုတက်ဆီယမ်ပါမက်ဂနိတ်မှုံ့ထည့်ထားပြီး လူတွေ လာကြည့်ချိန်မှာ ဂလစ်ဇရင်း ခေါ် အလှဆီလောင်းတော့ မီးထတောက်တာကိုပြရတယ်။

ဗိုလ်ချုပ်နေဝင်းလက်ထက် ငွေစက္ကူတွေကို ပဌမဆုံးအကြိမ် တရားမဝင်လုပ်တော့ ဘောလုံးကွင်းထဲက အားကစားရုံသစ်ထဲမှာ တချို့တဝက်ကို လဲပေးတယ်။

ကျွန်တော် ဆရာဝန်ဖြစ်တော့ တာဝန်ကျရာမြို့ကနေ ဘောလုံးကွင်းထဲက တင်းနစ်ကွင်းမှာလာကစားဖူးတယ်။

မုံရွာဘောလုံးကွင်းကိုရောက်တိုင်း အုတ်နံရံမြင့်မြင့်ကြီးနဲ့ မုံရွာထောင်ကို လှမ်းမကြည့်ဖြစ်တဲ့အခါရယ်လို့ မရှိပါ။ နောင်တချိန်မှာ ထောင်သားတွေကိုလာကြည့်ပေးရတဲ့ဆရာဝန်ဖြစ်မယ်လို့ မသိခဲ့ပါ။ ကိုယ့်ဇနီးနဲ့ အမျိုးတွေ ကိုယ့်ကြောင့် အဲဒီထောင်ထဲရောက်ကြရဦးမှာလို့လည်း ကြိုတင်မသိမြင်ခဲ့ပါ။

အားကစားသမားကောင်းတွေ ပေါ်ထွန်းပါစေသတည်း။ သိပ္ပံညာစိတ်ဝင်စားသူတွေ ပေါ်ထွန်းပါစေသတည်။ သမ္မာအာဇီဝနဲ့ ရှာဖွေထားတဲ့စီးပွါးဥစ္စာတွေ အလဟသမဖြစ်ကြပါစေသတည်း။ နိုင်လိုမင်းထက်ပြုမူတဲ့ခေတ် ကုန်ဆုံးပါစေသတည်း။

https://www.youtube.com/watch?v=pxQ2EjDNdAU

ဒေါက်တာတင့်ဆွေ
၁၇-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

တခုတ်တရ