Health Articles ကျန်းမာရေးစာတိုင်း ဆရာဝန်ရေးတာ မဟုတ်ပါ

ဆရာ သမီးကျန်းမာရေးဆောင်းပါးတခုမှာ ဖတ်ဖူးတာပေါ့နော် လေဖြတ်ခါနီး ရှေ့ပြေးလက္ခဏာတွေထဲမှာ ရေချိုးပြီး မျက်စိ ကြာရှည်နီနေခြင်းဆိုပြီး ပါတယ်ဆရာ။ အဲ့ဒါ မှန်လားမသိဘူး။ သမီးဖေဖေက အဲ့လိုမျိုး ခဏခဏဖြစ်နေလို့ပါဆရာ။ ရေချိုးပြီး မျက်စိနီနေတာ သမီးတို့မေးတော့ ခေါင်းလျှော်တာ ရေဝင်တာဖြစ်မှာပါလို့ပဲဖြေတယ်ဆရာ။ တကယ်လို့ အပေါ်က ဆောင်းပါးပါအချက်က မှန်တယ်ဆိုရင် ဘယ်လိုကာကွယ်မှုလုပ်လို့ရမလဲ သိချင်ပါတယ်ဆရာ။

အဲဒီဆောင်းပါးဆိုတာ ဆရာဝန်ကရေးတာလား၊ တိုင်းရင်းနည်းလား၊ မီဒီယာလား၊ ဆေးကြော်ငြာလား။ မျက်စိနီတာမှာ Pink eyes ဆိုတာတမျိုးနဲ့ Conjunctivitis တမျိုးရှိတယ်။ လေဖြတ်တာနဲ့ ဘာမှမဆိုင်ပါ။ လေဖြတ်ခြင်း အကြောင်းစာ တင်ထားပါတယ်။

လေဖြတ်တော့မယ်ဆိုတာ ကြိုမသိကြဘူး။ ရုတ်တရက်ကြီးဖြစ်တယ်။ တချို့မှာ ပဌမ ၁-၂ ရက်မှာ လက္ခဏာတွေ ပေါ်လိုက်-ပျောက်လိုက်ရှိတတ်တယ်။ ကြိုတင်မပြတာကများတယ်။ ဖြေးဖြေးဆိုးတိုးလာသူတွေရှိသလို၊ ချက်ချင်း ဆိုးသူတွေလဲ ရှိတယ်။ ဦးနှောက်ထဲမှာ သွေးယိုရာကနေဖြစ်တာဆိုရင် ခေါင်းကိုက်မယ်။ ခေါင်းကိုက်တာက ရုတ်တရက်၊ ပက်လက်အိပ်နေတုံး ဖြစ်တယ်။ အိပ်ရာအထမှာဖြစ်တယ်။ ကိုယ်အနေအထားပြောင်းလိုက်ရင်၊ ကုန်းလိုက်ရင်၊ မတ်လိုက်ရင်၊ ချောင်းဆိုးလိုက်ရင် ပိုဆိုးမယ်။

သတိတရားလျှော့နည်းခြင်း၊ အိပ်ချင်လာခြင်း၊ သတိလစ်ခြင်း၊ နားအကြား အားနည်းသွားခြင်း၊ အရသာ ပျက်လာခြင်း၊ ထိတာ-ဖိတာ-နာတာ-ပူတာ-အေးတာတွေကို အရင်လို မခံစားနိုင်ခြင်း၊ ချွေးစီးပြန်ခြင်း၊ စိတ်မကြည်မလင် ရှုတ်ထွေးလာခြင်း၊ မှတ်ဥာဏ်နည်းလာခြင်း၊ အမျိုရခက်လာခြင်း၊ အရင်လို စာမရေး-မဖတ်နိုင်ဖြစ်လာခြင်း၊ ခေါင်းမူးခြင်း၊ ဆီး-ဝမ်း မထိန်းနိုင်ခြင်း၊ ကိုယ်ကိုမထိန်းနိုင်ခြင်း၊ ပူးတွဲလုပ်ဆောင်စရာတွေ အားနည်းလာခြင်း၊ ကြွက်သားတွေ အားနည်းလာခြင်း၊ ထုံကျင်လာခြင်း၊ စိတ်မူပြောင်းခြင်း၊ ခံစားချက်ပြောင်းခြင်း၊ လမ်းကောင်းကောင်း မလျှောက်နိုင်ခြင်း။
ဒီစာရင်းရှည်ထဲမှာ လေဖြတ်ကာနီး ရေချိုးပြီး မျက်စိနီတာမပါပါ။

ဆရာဝန်စာ ဘယ်သူကရေးရေး ဆေးသုတေသန ကိုးကားတာမပါရင်။ ချဲ့ကားရေးထားရင်၊ ခြောက်လှန့်ရေးရင်၊ လျော့ပေါ့ရေးရင် မသင့်ကြောင်းပါ။ ကျန်းမာရေးစာတိုင်း ဆရာဝန်ရေးတာ မဟုတ်ပါ။ စာရေးကောင်းသူတွေရေးတာ ဖတ်လို့တော့ကောင်းတယ်။ မီဒီယာသမားတွေရေးတာ စိတ်လှုပ်ရှားစရာကောင်း။ ဒါပေမဲ့ ရောဂါကို မပျောက်စေပါ။ ဆောရီး။

- Pink eye ပန်းရောင်မျက်စိ http://doctortintswe.blogspot.com/2014/12/pink-eye.html
- Conjunctivitis မျက်စိနာခြင်း http://doctortintswe.blogspot.com/2015/…/conjunctivitis.html
- Paralysis လေဖြတ်ခြင်း http://doctortintswe.blogspot.com/2015/04/paralysis.html

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၅
၂၅-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ