Loka Niti လောကနီတိနှင့် ငြင်းခုန်ခြင်း

Loka Niti (1) လောကနီတိနှင့် ငြင်းခုန်ခြင်း (၁)

လောကနီတိ (၇၈)
• လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် ယူရာ၏။
• မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် ယူရာ၏။
• သူမိုက်ကို အလိုသို့လိုက်သဖြင့် ယူရာ၏။
• ပညာရှိကို အဟုတ်အမှန်ကို ပြောဆိုခြင်းဖြင့် ယူရာ၏။

ခေတ်သစ်လောကနီတိ
• လိုခြင်တပ်မက်ရှိသောသူကို တံစိုးလက်ဆောင်ပေးခြင်းဖြင့် လိုခြင်တပ်မက်မှုကို အားပေးရာကျ၏။
• မာနခက်ထန်သောသူကို လက်အုပ်ချီခြင်းဖြင့် အာဏာမှာ ကြာရှည်ယစ်မူးစေ၏။
• သူမိုက်ကို အလိုသို့မလိုက်ခြင်းဖြင့် ဆက်မမိုက်နိုင်တော့အောင် လုပ်ဆောင်ရာကျ၏။
• ပညာရှိစွာမဲပေးခြင်းဖြင့် တိုင်းပြည်ပါ ပညာရှိရာကျခဲ့လိုက်ကြ၏။

Loka Niti (2) လောကနီတိနှင့် ငြင်းခုန်ခြင်း (၂)

လောကနီတိ (၁၂ဝ)
• လောက၌ မင်းတို့သည် တကြိမ်သာဆိုကုန်၏။
• ရဟန်းနှင့် ဗြာဟ္မဏတို့သည် တကြိမ်သာဆိုကုန်၏။
• ဘုရားအစရှိသော သူတော်ကောင်းတို့သည် တကြိမ်သာဆိုကုန်၏။
• ဤသို့သောတရားသည် ရှေးသူတော်ကောင်းတို့၏ အကျင့်တည်း။

ခေတ်သစ်လောကနီတိ
• မြန်မာပြည်၌ အစိုးရတို့သည် ငါးနှစ်တကြိမ်သာဆိုကုန်၏။
• မတူသောဘုန်းကြီးတို့သည် မတူသောတရားတို့ကို ဟောကြားကြကုန်၏။
• တိုင်းသူပြည်သားတို့သည် အကြိမ်ပေါင်းများစွာဆိုကြကုန်၏။
• ဤသို့သောတရားသည်း ကျွန်ုပ်တို့၏ အကျင့်တည်း။

Loka Niti (3) လောကနီတိနှင့် ငြင်းခုန်ခြင်း (၃)

လောကနီတိ (၁၁၇)
• ရဟန်းသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• ဘုရင်မင်းသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• ပြည့်တန်ဆာမသည် ရောင့်ရဲမှုကင်းမူ ပျက်၏။
• အမျိုးကောင်းသမီးသည် ရောင့်ရဲမှုကင်းမူ ပျက်၏။

ခေတ်သစ်လောကနီတိ
• ရဟန်းသည် ရောင့်ရဲမှုကင်းမူ သာသနာပျက်၏။
• အစိုးရသည် တိုင်းပြည်ကောင်းစားရေးအတွက် ရောင့်ရဲမှုကင်းမူ ပြုတ်ကျ၏။
• ပြည့်တန်ဆာမသည် ရောင့်ရဲမှုကင်းမူ တိုင်ပြည်ဂုဏ်ပျက်၏။
• အမျိုးကောင်းသမီးသည် ရောင့်ရဲမှုကင်းမူ မျိုးဆက်ပျက်၏။

လောကနီတိနှင့် ငြင်းခုန်ခြင်း (၄)

စည်သည်တီးမှ မြည်သကဲ့သို့ ပညာရှိသည်လည်း သူမေးလာသောအခါမှသာ ဖြေကြားပြောဆိုလေ့ရှိ၏။
သူမိုက်သည်ကား သူတပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ လွန်မင်းစွာ ပြောဟောတတ်ပေသည်။

ခေတ်သစ်လောကနီတိ
မေးလာသောအခါတိုင်း မဖြေ၊ မေးနည်းစည်းကမ်းကျမှသာဖြေသော ကျွန်ုပ်အား ပညာရှိဟုမခေါ်ထိုက်။
သူတပါးမေးသည်ဖြစ်စေ မမေးသည်ဖြစ်စေ ဆေးပညာစာတွေရေးနေသော ကျွန်ုပ်သည် သူမိုက်တော့မဟုတ်။

ဒေါက်တာတင့်ဆွေ
၂၄-၄-၂ဝ၁၆
၂၄-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး