တဲနှင့် ပနာတင့်

ကြာနီတပွင့် ဖြူတပွင့်ပို့စ်အောက်မှာ မေးတယ်။ ပနံတင့် မဟုတ်ပါဘူးလား။

ဆရာမင်းသုဝဏ်ရေးတဲ့မူရင်းကဗျာမှာ ပနာတင့်လို့သာဖြစ်ပါတယ်။ သတ်ပုံပြင်ရေးပြီးထုတ်တဲ့စာတွေမှာ ကြာနီတစ်ပွင့် ဖြူတစ်ပွင့်လို့ရေးတယ်။ ပနံတင့်လို့ရေးကြတယ်။ အဲတာတွေ မှားတယ်။

နောက်ထုတ်စာအုပ်တွေမှာ ပနံသင့်၊ ပနံရလို့ ရေးကြတယ်။ အဆင်ပြေညီညွတ်သည်၊ သင့်မြတ်သည်လို့ အဓိပ္ပါယ်ရတယ်။ အရင်ထုတ်သတ်ပုံစာအုပ်တွေမှာ ပနာရ၊ ပနံရ၊ ပနာစား၊ ပနံစားလို့ မပါ။

မိုးရေတက်ရေ တဖွေးဖွေး
ကွင်းကျယ် အဝေးဝေး
လယ်စောင့်တဲလေး ခြေတံရှည်
မိုးကုပ်အောက်မှာတည်
ကြာနီတပွင့် ဖြူတပွင့်
တဲနှင့် ပနာတင့်။

ဆရာမင်းသုဝဏ်ရေးသားတဲ့ မြန်မာစာမြန်မာမှုစာအုပ်ပါ ၁၉၄၈ ခုနှစ်ကရေးခဲ့တဲ့ မိုးတွေစွေလို့စာထဲက ကဗျာဖြစ်ပါတယ်။

ကျွန်တော့်သဘာကတော့ ကိုယ့်စာ ကိုယ်ကဗျာမှာ ကိုယ်မှန်တယ်ထင်တဲ့သတ်ပုံနဲ့ရေးကြတာကို သိပ်မပြောလိုပါ။ မူရင်းစာတွေ ကဗျာတွေကို ကိုယ်ပိုင်သတ်ပုံတွေနဲ့ပြင်ရေးတာကို သဘောမတူပါ။ မလုပ်ကောင်းလို့ ယူဆပါတယ်။ ဆိုးသွမ်းသောဘုရင်ကြီးသည် အလွန်ကောင်းမွန်သည်လို့ ရာဇဝင်ပြင်ရေးသလိုဖြစ်နေတယ်။

ဒေါက်တာတင့်ဆွေ
၁ဝ-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး