Proluton Depot ကိုယ်ဝန်မြဲဆေး

၁။ မင်္ဂလာပါ ဆရာရှင့်။ Inj. proluton Depot ရဲ့ အသုံးပြုပုံ အသုံးဝင်ပုံ အကျိုးအပြစ်များကို ကျေးဇူးပြု၍ ရှင်းပြပေးပါလို့  အကူအညီတောင်းခံပါရစေ။ ဆရာ ရွှင်လန်းချမ်းမြေ့ပါစေ။ အမိမြေကို အမြန်ပြန်ရောက်လာစေချင်ပါသည်။

Proluton Depot 500mg/2ml ထိုးဆေးထဲမှာ Hydroxyprogesterone ဆေးပါတယ်။ Progesterone ပိုဂျက်စတီရုန်း သဘာဝဟော်မုန်းကို ဓါတ်ခွဲခန်းထဲမှာလုပ်ထားတာဖြစ်တယ်။ ကိုယ်ဝန်မြဲနေအောင်ပေးတယ်။ များသောအားဖြင့် ကိုယ်ဝန် ၂၄ ပါတ်မှာထိုးပေးတယ်။ တယောက်ချင်းကြည့်ပြီး ဘယ်တော့မှာ ဘယ်လောက်ပေးမလည်း ချိန်ဆရတယ်။ ကိုယ်ဝန်ခဏခဏပျက်သူတွေကိုလည်း ပေးတယ်။

ဒါပေမယ့် လေ့လာမှုတခုမှာ ကိုယ်ဝန် ၆ ပါတ်ကနေ ၈ ပါတ်၊ ၁၆ ပါတ်ကနေ ၁၈ ပတ်ရှိသူတွေကို ၁၅ဝ ကို ထိုးပေးတယ်။ ဆေးမထိုးသူ ၁၅ဝ နဲ့ယှဉ်တော့ ကလေးကိုထိခိုက်မှု မထူးခြားတာတွေ့ရတယ်။ ကိုယ်ဝန်အလားအလာလည်း မထူးပါ။

၂။ ဆရာရှင့် ကျွန်မရိုသေစွာ စာရေးလိုက်ပါတယ်။ တခါ ဆရာဆီစာရေးဖူးပါတယ်။ အခုဒုတိယအကြိမ် စာရေးတာပါ။ ကျွန်မ အသက် ၃၅၊ အိမ်ထောင်ရှိ၊ လစဉ် Period မှန်ပါတယ်။ အခု သားဦး ကိုယ်ဝန် ၆ ပတ်နဲ့ ၁ ရက်ပါ ဆရာ။ miscarriage မဖြစ်ဖူးပါ။ ရန်ကုန်ပြန်ရောက်ကတည်းက ကလေးရဖို့ ကြိုးစားခဲ့တာပါ။ ကလေးရဖို့ OG နဲ့သွားပြပြီး စစ်ဆေးတော့ သားဥလေးတွေ သေးနေလို့ Clomid သောက်မှ သားဥ size ကောင်းလာတယ်။ တနေ့ 50 mg တလုံး  ၅ ရက်ဆက် သောက်တာနဲ့ သားဥ size ကောင်းပါတယ်ဆရာ။ ၃လ သောက်ပြီး တတိယလ ၂၀၁၇ မတ်လမှာ IUI လုပ်ခဲ့တာ မအောင်မြင်ခဲ့ပါဘူး။ နောက်မှာတော့ clomid သောက်တာရပ်ထားခဲ့ပါတယ်။ Folid Acid ကတော့ နေ့စဉ် ဆက်သောက်ခဲ့ပါတယ်။ ၂၀၁၈ ဇန်န၀ါရီမှာ OG ပြောင်းပြပြီး ထပ်ကြိုးစားပါတယ်။ OG က clomid 50 mg ကို တနေ့ ၄ လုံး ၅ ရက်တိုက်ပါတယ်၊ အရင်က တနေ့ ၁ လုံးနဲ့တောင် သားဥကြီးလာပြီး ကြွေတာမို့ ကျွန်မ တနေ့ ၃ လုံးပဲ သောက်ခဲ့ပါတယ်။ High Dose မှန်းသိပေမဲ့ ကလေးလိုချင်တာနဲ့ သားဥပိုကြွေ ရင် IUI လုပ်တဲ့အခါမှာလဲ success rate ပိုများနိုင်မလားလို့တွေးပြီးသောက်ခဲ့တာပါ။ တနေ့ ၃ လုံးနဲ့ ၃ လ သောက်ပြီး ၃လလုံးမှာ IUI လုပ်ခဲ့ပါတယ်။ အခု ၃ လမြောက် IUI လုပ်ပြီးမှာ ကိုယ်ဝန်ရတာပါဆရာ။ ကိုယ်ဝန် ၆ ပတ်မှာ ultrasound ရိုက်ပြီး သေချာတာနဲ့ အာ့နေ့ မှာပဲ ခိုင်ဆေးထိုးရမယ်ဆိုပြီး Proluton Depot (Hydroxyprogesterone caproate 250 mg 1ml) ဆေးထိုးပေးလိုက်ပါတယ် ဆရာ။ ၃ ရက်ဆက်တိုက်ထိုးဖို့ ပြောပြီး ကျန်တဲ့ ၂  ကြိမ်ကိုတော့ အိမ်နားက နီးစပ်ရာ ဆေးခန်းမှာထိုးဖို့ပေးလိုက်ပါတယ်။ ကျွန်မလဲဆေးတွေနဲပတ်သက်ရင် မသုံးခင် google မှာ ဆေးအကြောင်း သေချာရှာ ဖတ်လေ့ရှိပါတယ်ဆရာ။ ဒီက ဆရာဝန် အထူးကုတွေက ဆေးပေးလဲ ဆေးအကြောင်းဘာမှ ရှင်းပြလေ့မရှိတာကြောင့် ကိုယ်ဖာသာပဲ ရှာဖတ်ကြည့်ရပါတယ်။ Hydroxyprogesterone အကြောင်းဖတ်ကြည့်လိုက်တော့ လမစေ့ပဲ မွေးတာကာကွယ်ဖို့၊ twin မဟုတ်တဲ့ တယောက်ထဲ ကိုယ်ဝန်မှာသာ သုံးဖို့၊ first trimester မှာ မသုံးသင့်သေးကြောင်းနဲ့ ၁၆ ပတ်လောက်မှ စပြီး တပတ် ၁ လုံးထိုးဖို့ရေးထားတာတွေဖတ်ရပါတယ်ဆရာ။ ကျွန်မလဲ လန့်ပြီး ဆေးကို ဆက်မထိုးရဲသေးလို့ ကိုယ်ဝန်ကလဲ ၆ ပတ်ပဲ ရှိသေးတော့ twin ဖြစ် မဖြစ်လဲ မသိနိုင်သေးတော့ မထိုးသေးပဲ ဆရာကို စာရေးပြီး တိုင်ပင်တာပါဆရာ။ ဒီဆေးကို miscarriage မဖြစ်အောင် ကာကွယ်ဖို့အတွက်ရော တော်တော်လေးသုံးကြသလား၊ first trimester မှာသုံးတဲ့ အတွက်ရော ကလေးကို ထိခိုက်နိုင်တာရှိလားဆိုတာလေးတွေ သိချင်လို့ပါ ဆရာ။ ဒီဆေးကို ဆက်ထိုးသင့် မထိုးသင့် ရှင်းပြပေးပါနော်။ ကျေးဇူးတင်ပါတယ် ဆရာ။ ရိုသေစွာဖြင့်။

ဆေးအမည်ရင်းက Hydroxyprogesterone ဆေးဖြစ်တယ်။ Progestin ပရိုဂျက်စတင်ဟော်မုန်းဖြစ်တယ်။ ကလေး စောမမွေးအောင် အဓိကသုံးတယ်။ ရာသီမလာသူ၊ နောက်ကျနေတဲ့ သားအိမ်ကင်ဆာ၊ ရာသီမမှန်သူတွေကိုလည်း ပေးတယ်။

အများအားဖြင့် ကိုယ်ဝန် ၁၆ ပတ်ကနေ ၂ဝ ပတ်ကြားမှာ တပတ်တကြိမ် ထိုးပေးတယ်။ စမ်းသပ်ကုသပေးနေတဲ့ အိုဂျီက လူနာတဦးချင်းကိုကြည့်ပြီး ဆေးပေးတာရှိတယ်။ တချို့ကို ၃၆ ပတ်နဲ့ ၆ ရက်မှာပေးတယ်။

Brand Names ဆေးအမည်တွေ အမျိုးမျိုးရှိတယ်။ Delta-Lutin, Duralutin, Hylutin, Makena, Prodrox စသည်။

1. Miscarriage Prevention ကိုယ်ဝန်မပျက်အောင် http://doctortintswe.blogspot.com/2014/12/miscarriage-prevention.html
2. Progesterone and Pregnancy ပရိုဂျက်စတီရုန်း နှင့် ကိုယ်ဝန် https://doctortintswe.blogspot.com/2014/11/progesterone.html
3. Progesterone ပရိုဂျက်စတီရုန်း http://doctortintswe.blogspot.com/2014/11/progesterone.html
4. Progesterone ပရိုဂျက်စတီရုန်း https://doctortintswe.blogspot.com/2017/12/progesterone.html
5. Susten 100 ကိုယ်ဝန်မှာသုံးတဲ့ဆေးတမျိုး http://doctortintswe.blogspot.com/2014/11/susten-100.html

ဒေါက်တာတင့်ဆွေ
၂၇-၁ဝ-၂ဝ၁၅
၂၁-၄-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး