ပိတောက်ရွှေဝါ

သေလာ တောင်တန်းရယ်က ပန်းပိတောက်တွေနဲ့ အမောပြေစရာ လွမ်းလောက်ပါပေတဲ့ တောဟေမာ။

ရီဝေဆိုင်းလို့သာ ဟိုတောင်တောကြီးရိပ်သာ (စိတြ မိဿ ရာသီဦး ထူးတဲ့ ဒေသာ စိတ်အေးချမ်းစရာ)၂

ပွင့်လန်းတင့်ဆန်း ပင်နန်းဗွေမှာ (တနှစ်တွင် သည်တလ တလတွင် တရက်တည်း ခက်ခဲပါတဲ့ ရက်မြတ် လတန်ခူးမှာ ထူတဲ့ချိန်ခါ သာယာရွှင်မြူး စိတ်ကြည်နူးတာ)၂

ပွင့်ဖူး ခိုင်ညှာတံ ကြိုင်လျှံဖြာ ဟိုပင်ထက်မှာ မြင့်ဝေဆာ တင့်ပေတာတင့်ပေတာ မြင့်ဝေဆာ ပိတောက် ခိုင်ရွှေဝါ။

(မြရင်ကလေးရဲ့ ပန်စရာ ရွှေမင်းဝံ တောင်ပေါ်ရိုးက နေရောင်ခြည်ကလေး အေးတော့ ခူးပေးပါ)၂

(ကန္တာမြိုင်လမ်း ခရီးကကွာ ကျောက်ဖျာဘေးမှာသာ အပန်းဖြေကြစေရာ)၂ စီးကျရေတံခွန် ကမ်းပါးမြင့်ဝှန် တောင်စွယ်မှာ နေမင်းကြီးရယ် အနောက်ကျွန်း ဂေါယာဝင်ဆဲလုပါ လေပြည်အေးလာ ပင်နန်းဝင့်မှာ ရွှင်လန်း၍သာ ကြည်လင်ပြန်တာ ပိတောက်ပန်းခိုင်ညှာ စိမ်းလန်းလို့ဖြာ။

(ရှုဖွယ်ဆန်းတဲ့ သည်မြိုင်တန်းမှာ စံပျော်မှီးကာ နေထိုင်ကြတာ)၂ တောဝနာအစမှာ ဘာသာဘာဝ မြူးထူးပါလို့သာ ချေ ဒရယ် ကျား ဆင်အများတို့မှာ အစာရှာ သွားကာနေကြ ကမ်းပါးနားက လျှိုမြောင်စွယ်မှာ ပြေးလွှားကြတာ ပြောမကုန်အောင်ပါ့ စုံမြိုင်သာယာ တောရဂုံတောင်ကတော့ ထုံကြိုင်မာလာ စိတ်အေးကြည်လင်စရာ အံ့ဖွယ်ပေါတဲ့ တောကြီး တောင်သေလာ။

(တန်ခူးလ အခါမှာ ကြိုင်လှိုင်စွာ ပန်းပိတောက် ရွှေဝါ ဖူးပွင့်လို့နေတာ သြော့် ခူးချင်စရာ့ လှတဲ့မာလာ)၂ (အဆင်းသဏ္ဍာန် ဝင်းလျှံပတာ ပွင့်ပြန်ရင် သင်္ကြန် အခါသမယမှာ အဆင်းသဏ္ဍာန် ဝင်းလျှံပတာ)၂

(ပြောဖွယ်မဆုံး စံပယ်ဂမုန်း ကြက်ရုန်းခတ္တာ တောနယ်အတွင်း အင်ကြင်းဇင်မင်း ထပ်တရာ)၂ (သာရကာ မာဂဓာကျူးပါလို့ရွှင်မြူး ပြန်တော့တာ)၂။

ပိတောက်ရွှေဝါ https://www.facebook.com/100007897269685/videos/2100988036841085/
တေးရေး - နန်းတော်ရှေ့ဆရာတင်
တေးဆို - လေဘာတီမမြရင်
စုဆောင်းသူ - ကျော်ကျော်ဝင်း (တောင်တံခါး)

ဒေါက်တာတင့်ဆွေ
၁၅-၄-၂ဝ၁၈

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး