ကျည်းကန်ရှင်ကြီး

နန္ဒမည်သာ၊ နောင်ဘာတာကို၊ ဆယ်ဖြာလက်မိုး၊ ရှိစုံဖြိုး၍၊ မြတ်နိုးရိုသေ၊ လျှောက်ဆက်ပေအံ့၊ ပရမေသကျ၊ ဂေါတမ၏့။ ထွန်းသာသနာ၊ ပျော်ပိုက်ပါလော့၊ ရွှေဒါလီစစ်၊ လည်မှာရစ်၍၊ ချစ်စချင့်ဘွယ်၊ နုနုနယ်သည်၊ လုံမယ်ကလေး၊ လှကွေးကွေးနှင့်၊ ပိုက်ထွေးတူစုံ၊ ပျော်ချင်တုံဟု၊ အာရုံတမ်းကာ၊ အလွမ်းပါနှင့်၊ ခန္ဓာအမျိုး၊ ပုပ်သိုးနံညှီ၊ တရားမှီလော့၊ လောကီချမ်းသာ၊ လူတို့ရွာတွင်၊ ကိုယ်မှာပင်ယား၊ မဖျောက်အားခဲ့၊ နောင်အားခါမှ၊ ဖျောက်ရမည်ဘက်၊ ယားသည့်ကွက်ကို၊ မှတ်ချက်နှင့်သာ၊ ထားရပါရှင့်၊ ထွေရာလေးပါး၊ လူစိတ်ပါးသော်။   ။ မအားချင်အောင်များလိမ့်မည်။

စန္ဒခြည်ဝါ၊ လရောင်ဖြာသို့၊ သာသနာထွန်းပ၊ ကြုံခဲလှ၏့၊ တွေးဆရှေ့နောက်၊ ဉာဏ်ဖြင့်ထောက်၍၊ လက်ကောက်ရွှေကွင်း၊ ငွေခြေချင်းနှင့်၊ ဟိုသင်းတို့ဆီ၊ နောင်မသီနှင့်၊ အင်္ကျီကိုပစ်၊ ကျစ်စုံကိုပယ်၊ ခုမဖွယ်ဘူး၊ ပစ်ပယ်ဦးလော့၊ ပျိုလူးသက်ရွယ်၊ ငယ်လည်းငယ်၏၊ ခုနှယ်ချိန်က၊ အိမ်ထောက်ကျမူ၊ နှစ်ခွမအား၊ ထွန်တွင်နွားသို့၊ မယားပျောင်းနွဲ့၊ မာယာဖွဲ့လိမ့်၊ ဟဲ့မတ်တတ်ဆွေး၊ ဘေးကြီးသင့်သား၊ လူ့အပါးမှာ၊ မမှိုင်လာနှင့်၊ သွားပါတော့လေ၊ ငွေရှာချေလော့၊ သားတွေတရိုင်၊ မမွေးနိုင်ဘူး၊ သားဦး-သားနု၊ ပုလုကွေးလေး၊ မမြင်သေးလာ့း၊ ဆိုလကမူ၊ လောဘနိုင်ငံ၊ မောင်မင်းကြံလည်း၊ လိုက်လံကြံစား၊ ငွေရှာသွားသော်။   ။ မယားလင်မြှောင်ထားလိမ့်မည်။

ဂန္ဓရည်မာ၊ ထုံသင်းပါသည်၊ နံ့သာလောင်းမြှောက်၊ ပန်းပေါင်းလှောက်လည်း၊ လေအောက်သို့သာ၊ မွှေးနိုင်ပါ၏့၊ လေညာကြိုင်ကြိုင်၊ မမွှေးနိုင်ဘူး၊ သုံးခိုင်ချမ်းသာ၊ ရကြောင်းရှာမူ၊ သာသနာမော်၊ တောင်ထိပ်ပေါ်က၊ မပျော်ဆင်းမည်၊ မကြံစည်နှင့်၊ စိတ်လည်သောဟန်၊ လိုလွန့်လွန်မူ၊ ဈာန်ပျံရှင်မှ၊ မြေသို့ကျလိမ့်၊ ဒုက္ခဖွဲ့ထွေ၊ ဆိုဘူးချေ၏့၊ ကေသာညိုရောင်၊ ပိတုန်းတောင်သို့၊ မျက်တောင်ကြော့ကွေး၊ မင်ရေးမျက်လုံး၊ အံ့မဆုံးသည်၊ မပြုံးတပြုံး၊ ရွှေရင်ဖုံးလျက်၊ ဆဲ့သုံးလေးနှစ်၊ ကညာစစ်ကို၊ ချစ်စိတ်ဝေးလံ၊ ပစ်ပယ်ကြံ၍၊ ဆံကိုခုရိတ်၊ ကြိုးချိတ်အင်္ကျီ၊ ညီကိုပေးဘိ၊ ရှိပုဆိုးများ၊ ရောင်းစားလေလေ၊ ဖျက်ဆီးချေလော့၊ စာပေကျမ်းဂန်၊ တတ်ပွန်ပညာ၊ လိမ္မာသိကြား၊ သူတော်ငြားသော်၊ တရားထင်အောင်ပွားလိမ့်မည်။   ။

ကျည်းကန်ရှင်ကြီး (၁၇၅၇-၁၈၀၇)
မြကန်သာ ကဗျာစာအုပ်မှ

ဒေါက်တာတင့်ဆွေ

အောက်သူကိုလည်း မစမ်းနှင့်

ကျည်းကန်ရှင်ကြီးရေးသားတဲ့ သားမောင်ရွှေအောင်ထံပေးသည့် သြဝါဒမေတ္တာစာ

ချမ်းသာစေသော၊ လမ်းသာစေသော၊ လာစေသောဟု၊ သြဓိသပတ္တနာ၊ မေတ္တာရေချမ်း၊ ဆွတ်ဖျန်းလေ့ရှိ၊ မိခင်စကား၊ မှာကြားလိုက်သည်၊ သားမောင်ရွှေအောင်။ နေ့ရက်လရှည်၊ နှစ်လည်ပေါင်းကူး၊ ဝေးကျးရပ်မြေ၊ ကြာရှာလေသောကြောင့်၊ မအေ သားချင်း၊ ဆွေရင်းတို့က၊ စိုးရိမ်လှ၍၊ မိဘတို့ထံ၊ ပြန်လည်ခဲ့စေချင်ပါသည်။ ။ ယောက်ျားစွမ်းအား၊ ဝေးရပ်သွား၍၊ နေ့များနှစ်ကြာ၊ ရှာဘွေသည့်အရေးမှာ -

(၁) သေးမှသာလှသည် မဟုတ်ပါ၊ ဝေးမှသာရသည် မဟုတ်ပါ၊ မသေးဘဲနှင့်ပင် လှပါသည်၊ မဝေးဘဲနှင့်ပင် ရပါသည်။
(၂) ပြာမှသာလှသည် မဟုတ်ပါ၊ ကြာမှသာရသည် မဟုတ်ပါ၊ မပြာဘဲနှင့်ပင် လှပါသည်၊ မကြာဘဲနှင့်ပင် ရပါသည်။
(၃) ကံသာ ဥစ္စာဓန ဖြစ်ချေသည်၊ ဉာဏ်မှာ ဟုတ်ရာသမျှ ဖြစ်ချေသည်။
(၄) ကံရှိမှ တတ်သည်၊ ဉာဏ်ရှိမှ မြတ်သည်။
(၅) ကံနှိုးဆော်မှ ထင်ပေါ်သည်၊ ဉာဏ်နှိုးဆော်မှ မြင်မြော်သည်။
(၆) ကံပင်ရှိသော်လည်း ဝီရိယ ချွတ်တတ်သည်၊ ဉာဏ်ပင်ရှိသော်လည်း သတိက လွတ်တတ်သည်။
(၇) ကံပင်ရှိသော်လည်း ဝီရိယ ကူရမည်၊ ဉာဏ်ပင်ရှိသော်လည်း သတိက မူရမည်။
(၈) ကြော့ကြမ်းလျှင် မုန်းတတ်သည်၊ သော့သွမ်း[5]လျှင် ဆုံးတတ်သည်၊ ဟော့ရမ်းလျှင် ရှုံးတတ်သည်။
(၉) မကြော့ မကြမ်း နုရမည်၊ မသော့ မသွမ်း ပြုရမည်၊ မဟော့ မရမ်း ရှုရမည်။
(၁၀) ဂူပျက်ကိုလည်း မအောင်းနှင့်၊ လူပျက်ကိုလည်း မပေါင်းနှင့်၊ ဂူပျက်ကို အောင်းလျှင် ပိတတ်သည်၊ လူပျက်ကို ပေါင်းလျှင် ငြိတတ်သည်။
(၁၁) ထန်းလျက်နှင့် တူသည်လို့ ကျောက်ဖြူကိုလည်းမနမ်းနှင့်၊ ကျွမ်းလျက်နှင့် မြူသည်လို့ အောက်သူကိုလည်း မစမ်းနှင့်၊ ကျောက်ဖြူကို နမ်းလျှင် ဖုံကပ်သည်၊ အောက်သူကို စမ်းလျှင် ကုန်တတ်သည်။
(၁၂) ကျတိုင်းလည်း ကုန်း၍ မကောက်နှင့်၊ ရတိုင်းလည်း သုံး၍ မဖျောက်နှင့်၊ ကျတိုင်း ကောက်လျှင် လူရယ်မည်၊ ရတိုင်း ဖျောက်လျှင် ဖြူလွယ်သည်။

အတည်တည်မှာထား၊ သည်စကားရပ်များကို၊ စုံစမ်းကြည့်ရှု စရနည်လျက်၊ အထည်နှင့်အနံ၊ ဆင်တန်ရုံကြံစား၍၊ ယောက်ျားပြီစွာ၊ လိမ္မာမြော်မြင်သည်နှင့်အညီ၊ တလီမြန်မြန်၊ မယ်တို့ထံသို့၊ ပြန်လည်ခဲ့မည့်အရေးကို၊ ရှေးလွမ်းဟောင်း တွင်၊ လွမ်းသစ်တင်၍၊ မြင်ချင်လှသည့် စိတ်ထားနှင့်၊ မှာကြားလိုက်ပါသည်၊ သား မောင်ရွှေအောင်။

ကျွန်တော့်မှတ်ချက် - လူပျက်ဟူသည် လူရွှင်တော်လူပြက် မဟုတ်။

ဒေါက်တာတင့်ဆွေ

ကိုယ်စောင့်နတ် တကျိပ်ကိုရည်၍

ကျည်းကန်ရှင်ကြီးဟာ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကျည်းကန်ရွာဇာတိဖြစ်တဲ့ ကျည်းကန်ရှင်ကြီးဟာ အလွန်နာမည်ကြီးတဲ့ စာတတ်ပုဂ္ဂိုလ်တဦး ဖြစ်တယ်။ ၁၁၁၉ မှာမွေးဖွားပြီး၊ ကိုရင်ကြီးဘဝမှာစာတွေရေးသားပြုစုလို့ အဲလိုနာမည်တွင်ရစ်တယ်။ မုံရွေးအမေး ကျည်းကန်အဖြေဆိုပြီး ထင်ရှားကျန်ရစ်တယ်။

အမေး - ရွှေနန်းသိမ်းအံ့ စားတော်ခွံ့ နူးညံ့ဆုပ်ပေါင်း မည်မျှနည်း။

အဖြေ - ရတနာသုံးပါးကိုရည်၍ သုံးဆုပ်၊ မိခင်ဘခင် အဘိုးအဘေးတို့ကိုရည်၍ လေးဆုပ်၊ ကိုယ်စောင့်နတ် တကျိပ်ကိုရည်၍ ဆယ်ဆုပ်အားဖြင့် တဆဲ့ခုနစ်ဆုပ် စားရာသည်။ (အဘိသေကကျမ်း)

မှတ်ချက် = ကိုယ်စောင့်နတ်တစ်ကျိပ် မဟုတ်။ တစ်ဆဲ့ခုနစ်ဆုပ် မဟုတ်။ နောက်ပေါ်တွေက တ ကို တစ်လုပ်တဲ့နေရာမှာ ကျည်းကန်ရှင်ထက် သာလွန်ကြတယ်။

ဒေါက်တာတင့်ဆွေ

ကျည်းကန်ရှင်ကြီး

ဆရာခင်ဗျာ ကြည့်ကန်ရှင်ကြီး၏ လမ်းညွှန်မေတ္တာ ဆုံးမစာတွင် လူဖြောင့်စိတ်တို၊ လူချိုစိတ်ကောက်၊ သည်နှစ်ယောက်တွင်၊ ချိုကောက်ကိုမပေါင်းနှင့်။ တိုဖြောင့်ကိုပေါင်းရမည်။ ချိုကောက်တို့သဘောမှာ၊ ပျားရည်ဆိပ်ခတ်၊ ထောပတ်စိန်ပါ၊ မစားရသည် ပမာအတူတူ၊ စသည်ဖြင့်ဆိုထားသည့်အနက် ထောပတ်စိန်ပါဆိုသည့်စကားရပ်၏ အဓိပ္ပယ်ကိုသိလိုပါသည်ခင်ဗျာ။

ထောပတ်စိန် ဟုတ်ပါသလား။ စိမ်လား။

ထောပတ်စိန်ပါပါဆရာ။ စိမ်မဟုတ်ပါဘူးခင်ဗျ

ကျည်းကန်ရှင်ကြီးဟာ ကုန်းဘောင်ခေတ်မှာ အလွန်ထင်ရှားခဲ့တဲ့ ကျမ်းပြုဆရာတော်ကြီးတပါးဖြစ်တယ်။ မြိုင်မြို့နယ် ကျည်းကန်ရွာမှာ ၁၁၁၉ ခုနှစ်က ဖွါးမြင်ခဲ့တယ်။ မုံရွေး အမေး ကျည်းကန် အဖြေစာတွေကထင်ရှားတယ်။ အမေးပုစ္ဆာ ၁၁၁၅ ပုဒ်ပါတဲ့ စွယ်စုံကျော်ထင်ကျမ်းကြီးကိုလည်း ပြုစုတော်မူခဲ့တယ်။

ကျီးသဲဆရာတော်ကြီးက ကျည်းကန်ရှင်ကြီးသည် ပိဋကတ်ဗေဒင်အရပ်ရပ်တို့ကို နှံ့စပ်၏။ လောက ဓမ္မ ရာဇအရေး သုံးပါး၌ ကျွမ်းကျင်၏။ ဥာဏ်လည်း ထက်မြက်နက်နဲသည်။ ရယ်ရွှင်နှစ်သက်စရာတို့ကိုလည်း တီထွင်ရေးတတ်သေးသည်။ အဖက်ဖက်က ပြည့်စုံရကား လူအားလုံး၏ မှီတင်းရာ ပညာသူဌေးကြီးဖြစ်၏ လို့ ဂုဏ်ပြုချီးကျူးတော်မူလေသည်။

ကျွန်တော် ထောပတ်စိန်ပါကို အခုထိတော့ မသိသေးပါ။ ထုတ်ဝေထားတဲ့စာအုပ်တွေကိုလည်း မယုံရဲပါ။ သတ်ပုံတွေ မှားနေကြတယ်။ စွယ်စုံကျော်ထင်ကျမ်း (ကြည့်ကန်ရှင်ကြီး အမေးပုစ္ဆာတစ်ထောင်ကျော်၏ အဖြေများ) လို့ စာအုပ်ကြော်ငြာ တင်ထားတာတွေ့တယ်။ ဆရာတော်အမည်ကအစ မှားနေတယ်။

သာကီဝင်နွယ် စောဘုန်းကြွယ် မင်းဘယ်မျှတွင် ပွင့်သနည်း။
ရွှေနန်းသိမ်းအံ့ စားတော်ခွံ နူးညံ့ဆုပ်ပေါင်း မည်မျှနည်း။

သိလိုသူတွေ အဟောင်းမူရင်းစာအုပ်တွေကိုသာ အားကိုးကြစေချင်ပါတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး