Out of the EQ and IQ အီးကျူ အိုင်ကျူ ဘောင်အပြင်ကနေပြောခြင်း

အရင်တခါ IQ နဲ့ EQ အကြောင်းတင်တော့ ကိုယ့်အမြင် ကိုယ့်ယူဆချက်တွေရေးလာကြတယ်။ IQ နဲ့ EQ ဝေါဟာရ အသုံးဟာ တီထွင်ကြတဲ့ ပညာရှင်တွေရဲ့ မူပိုင်စကားဖြစ်ပြီး မူပိုင်စံတွေရှိပါတယ်။ လူတွေရဲ့ဉာဏ်ရည်ကို သိပ္ပံနည်းကျ ပြောတာတွေဖြစ်တယ်။ အဲဒီစာထဲမှာ ကျွန်တော့်အမြင်အာဘော် ထည့်မထားပါ။ တချို့က ကျွန်တော့်ကို IQ ဖက်ကနေ ရေးသလိုထင်ကြတယ်။ တချို့က သူတို့သန်တာကြိုက်တာကို ရေးလာကြတယ်။
ကျွန်တော်ရေးတာက လူတိုင်းကိုယ်စီမှာ IQ ရော EQ ပါရှိနေတာပါ။ ကြိုက်တာတခုတည်းရွေးရှိတာ မဟုတ်ပါ။

IQ နဲ့ EQ အကြောင်းပြောကြရင် သူ့ဘောင်နဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်အောက်ကနေသာ ပြောရမှာပါ။ ကနေ့မြန်မာ့ နိုင်ငံရေးမှာ ဒီမိုကရေစီဖြစ်ဖြစ်၊ လူ့အခွင့်အရေးဖြစ်ဖြစ်၊ ငြိမ်းချမ်းရေးဖြစ်ဖြစ်၊ ပြည်ထောင်စုမူဖြစ်ဖြစ်ပြောရင် ၂ဝဝ၈ ဖွဲ့စည်းပုံကို ကျော်ပြောလို့သာရသလောက်ပေမဲ့ လုပ်လို့ မရသေးသလိုပါပဲ။

IQ နဲ့ EQ ခွဲပြောတာ ဟုတ်ပါ့မလား။ လူတွေရဲ့ဉာဏ်ရည်ကိုပြောရင်တော့ IQ နဲ့ EQ ကနေကျော် ပြောရပါတော့မယ်။ လူတဦးရဲ့ဉာဏ်ရည်နဲ့ အောင်မြင်မှုကို နှိုင်းယှဉ်ပြောကြတယ်။ ဘာကတော်လို့၊ ဘာကကောင်းလို့ဖြစ်တယ်။

CEO လို စီးပွါးရေးလုပ်ငန်းတွေမှာ ဦးဆောင်တွေကိုတမျိုး၊ နိုင်ငံရေးခေါင်းဆောင်တွေကိုတမျိုး တွက်ရပါမယ်။ နိုင်ငံရေးမှာ ဉာဏ်နဲ့မဆိုင်ဘူးပြောရမလား။ တခြားအချက်အလက်တွေကြောင့် ထိပ်ရောက်တာမျိုးရှိတယ်။ ဂျာမဏီမှာ ဟစ်တလာဟာ လိုအပ်ချက်အရ အောက်နားကနေ ထိပ်ရောက်လာတာ။ ဦးနုဟာ ဗိုလ်ချုပ်အောင်ဆန်းလုပ်ကြံခံရလို့ ဝန်ကြီးချုပ်ဖြစ်တယ်။ အဲတာကြောင့် ရာဇပလ္လင် ဖင်ကပ်ပါလာတာလို့ ပြောခဲ့ကြတယ်။ သူ့အရည်အချင်းနဲ့သူလည်း ရှိပါတယ်။ မြောက်ကိုရီးယား ခေါင်းဆောင်ကတော့ မိဘအရှိန်အဝါနဲ့သာ နေရာရလာတာပါ။ FIFA ဥက္ကဋ္ဌဟောင်းကိုလည်းကြည့်ပါ။ အဲတာတွေက IQ, EQ နဲ့ ဆိုင်ပါ့မလား။

EQ ဆိုတာ စိတ်လှုပ်ရှားမှုနဲ့ဆိုင်တယ်။ ကိုယ့်စိတ်လှုပ်ရှားမှုကို မျိုသိပ်ထိန်းချုပ်နိုင်စွမ်းနဲ့ သူများတွေရဲ့ စိတ်လှုပ်ရှားမှုကို သိပြီး အသုံးချနိုင်စွမ်းရှိသူဟာ EQ မြင့်သူဖြစ်တယ်။ မျက်ရည်ကျစေအာင်၊ ပြုံးရွှင်ရယ်မောစေအောင် ပြောဆို ရေးဖွဲ့တာမျိုး လုပ်ပြီး စိတ်လှုပ်ရှားမှုဖြစ်လာသူတွေအပေါ် အနိုင်ယူနိုင်စွမ်းကလည်း EQ ပဲလား။ တက်နေတဲ့ အစိုးရနဲ့ ထောက်ခံသူတွေကို အမြင်ကပ်အောင်၊ ဘာသာရေးအမုန်းတရားပွါးအောင် လုပ်ပေးသူတွေကတော့ EQ ကို ကောင်းကောင်း အသုံးချနေတာလား။

EQ ကိုလည်း တယောက်တမျိုးရေးကြတယ်။ ကျွန်တော်လည်း တမျိုးရေးမယ်။ Emotional Intelligence (EQ) မှာ Emotional quotient (EQ) စိတ်လှုပ်ရှားမှုမပါရင်တော့ EQ မဟုတ်တော့ပါ။ သိပ္ပံနည်းနဲ့ တိုင်းတာနိုင်တာတွေရှိသလို ကံဇာတာ၊ စန်း၊ လာဘ်ဆိုတာလည်း ရှိပါသေးတယ်။ စိတ်ရင်းစေတနာလည်း ရှိတယ်။ အဲတာတွေကို သုတေသနလုပ်မရပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Menoral ဟော်မုန်းဆေးတမျိုး

Rape drugs အဓမ္မကျင့်ဘို့သုံးကြတဲ့ ဆေးတွေ