Diclofenac ဒိုင်ကလိုဖင်းနစ် အနာသက်သာဆေး (၁)

၁။ ဆရာ ကျွန်မက အသက် ၂၄ပါ ကိုယ်ဝန်က ၆ပတ်ကျော်ပါ ဆေးမှားသောက်မိလို့ပါ Diclofenac သောက်မိတာပါ ဘေးထွက်ဆိုးကျိုးရှိသလားရှင့် အရမ်းစိုးရိမ်လို့ပါ ဖြေပေးပါရှင့်

၂။ ကျွန်တော် ညဘက်ဆို အိပ်ပြီးနှစ်နာရီလောက်ကြာပြီဆို လက်ပြင်နှစ်ခုကြား ကျေားရိုးတည့်တည့်ကနေ မခံနိုင်လောက်အောင်ကိုနာတယ်။ အဲ့ဒီလိုအချိန်မျိုးမှာဆို လက်နှစ်ဖက်က လှုပ်လို့မကောင်းတော့ဘူး။ နဲနဲလေး လှုပ်တာနဲ့ ကျောပြင်ကနာတဲ့ ဝေဒနာကြောင့် မျက်ရည်တောင်ကျရတယ်။ တနှစ်လောက်ရှိပါပြီ။ ရောဂါခံစားနေရပြီဆို ဆေးခန်းသွားဆေးထိုး ဆရာဝန်ပေးတဲ့ဆေးစားလိုက်ရင် သုံးလေးရက်လောက်တော့ သက်သာသွားပါတယ်။ ပြီးရင်ပြန်ဖြစ်တယ် အဲ့ဒီလိုနဲ့ လေးလလောက်နေပြီးတော့ ပြည်ပကို အလုပ်လုပ်ဖို့ ထွတ်ခဲ့ပါတယ်။ ဒီရောက်တော့ ဆေးခန်းမကြာခဏသွားပြဖို့ဆိုတာက မဖြစ်နိုင်တော့ပါဘူးဆရာ။ အဲ့ဒါနဲ့ ဟိုဆေးနဲ့ သက်သာနိုး ဒီဆေးနဲ့ သက်သာနိုးနဲ့ ပြောင်းသောက်လာတာ ဆေးတွေလဲ စုံသွားတာပါဘဲ။ နောက်ဆုံးတော့ အခုပို့လိုက်တဲ့ ပုံထဲကဆေးနဲ့ တော်တော်ကို အဆင်ပြေသွားပါတယ်။ အလုပ်က ပြန်လာလို့ ကိုယ်လက်တွေက နာလာပြီဆိုရင် ပုံထဲကဆေးကို တလုံး သောက်လိုက်ရင် အဲ့ဒီညဆို ကောင်းကောင်းအိပ်ရပြီး မိုးလင်းတဲ့အထိ နာကျင်မှုဒဏ်ကို မခံစားရပါဘူး။ အဲ့ဒီလိုနဲ့ ဆေးသောက်လာတာ အလုံးသုံးဆယ်ကျော်လောက် သောက်လာပြီးတဲ့ အချိန်မှာ နောက်ထက်ရောဂါတခုက ထက်တိုးလာပါတယ်။ အစာစားပြီးတိုင်း ပြန်ပြန်အန်တယ်။ ထူးခြားတာတခုက မနက်စောစောနဲ့ နေ့လည်စားတဲ့ထမင်းဆို ပြန်အန်တယ်။ ညဘက်စားတဲ့ထမင်းတော့ မအန်ပါဘူး။ ပြီးတော့ ထမင်းစားပြီးရင် ပူနေတဲ့ရေကို သောက်ရင်လဲ ပြန်မအန်ပါဘူး။ ထမင်းစားပြီး ရေအေးကိုသောက်ရင်တော့ ချက်ချင်းကို ပြန်အန်ပါတယ်။ အဲ့ဒါဘာကြောင့်လဲဆိုတာ၊ အန်တာကဆေးကြောင့်လားဆိုတာကိုလဲ ဖြေကြားပေးပါဆရာ။

Panoxen ဆေးက (ဒိုင်ကလိုဖင်းနစ် + ပါရာစီတမော) ကိုရောထားတာဖြစ်တယ်။ နှစ်မျိုးလုံးက အနာသက်သာဆေးတွေ ဖြစ်ပါတယ်။ ကောင်းပါတယ်။ နာရင်သောက်လို့ရပါတယ်။ ဆေးစစ်ဘို့လိုမယ်။ အနာသက်သာဆေးတွေအများစုရဲ့ ဘေးထွက်ဆိုးကျိုးက လေနာဖြစ်စေတာပါ။ လေနာဆိုတာ အများအားဖြင့်အစာအိမ်မှာ အနာဖြစ်တာပါ။ အစာအိမ်မှာ အနာဖြစ်ရင် အန်စေတတ်တာလဲဖြစ်နိုင်တယ်။ လေနာအကြောင်းစာတွေရေးထားပါတယ်။ (ဒိုင်ကလိုဖင်းနစ်) ကြောင့် ဖြစ်စေနိုင်ပါတယ်။ Paracetamol (ပါရာစီတမော) ဆေးကတော့ များသွားရင် အသည်းကိုထိခိုက်စေနိုင်တယ်။

၃။ ဆရာရှင့် ကိုယ်ဝန်ဆောင်က fever နဲ့လာရင် diclo injection ပေးသင့် မပေးသင့် သိချင်ပါတယ်ဆရာ။

သည်အတိုင်း ဖြေမရ။ လူနာတဦးချင်းကို ကြည့်ရမယ်။ ဆေးအကြောင်း ဘလော့မှ ဖတ်နိုင်။ အရင်ကမေးလို့ ရေးထားတာရှိတယ်။

ကျေးဇူးအများကြီးတင်ပါတယ်ဆရာ။ Ultrafen 50 Diclofenac Sodium 50 mg လို့ ရေးထားပါတယ်ဆရာ။ ပါရာစီတမောနဲ့ ဘာကွာလဲဆရာ။ အဲ့ဒါကို ကျွန်မတို့မြို့က ကလေးအထူးကုဆရာဝန်ကြီးက ပေးတာပါဆရာ။ အဖျား 102 ကျော်ရင် ထဲ့ခိုင်းတာပါဆရာ။ ဆက်သုံးသင့်ပါ့မလားဆရာရှင့်။ သမီးလေးက အဲ့ဒါ သုံးပြီးနောက်ပိုင်း အဲ့ဒီဆေးမရှိလို့ ပါရာစီတမောဂြိုလ်တုထဲ့တာ သိပ်မထိရောက်ဘူးဆရာ။ ကျေးဇူးပါပဲဆရာရှင့်။

Diclofenac (ဒိုင်ကလိုဖင်းနစ်) ဆေးဟာ ရောင်တာ၊ ဖျားတာနဲ့ နာတာကိုသက်သာစေမယ်။ NSAID အမျိုးအစား အနာသက်သာဆေးဖြစ်တယ်။ ဒီအုပ်စုထဲမှာ ဆေးအမျိုးမျိုးပါတယ်။ Acetic acid derivatives အုပ်စုခွဲထဲကဖြစ်တယ်။ သတိထားဘို့က FDA ကနေ စိတ်ချရမှုကို သတိပေးထားတယ်။

ထိုးဆေး၊ စားဆေး၊ ဆေးရည်နဲ့ လိမ်းဆေးတွေအနေနဲ့လာတယ်။ လိမ်းဆေးက ဘေးထွက်-ဆိုးကျိုးနည်းစေတယ်လို့ မကြာသေးခင်က သုတေသနတခုကဆိုပါတယ်။ ဘလော့ခ်မှာတင်ထားဘူးပါတယ်။

Osteoarthritis အရိုး-အဆစ်နာအတွက် Diclofenac 35-50 mg တနေ့ ၂-၃ ကြိမ်။ (သို့) 75 mg တနေ့ ၂ ကြိမ်။ 100 mg တနေ့ ၁ ကြိမ်။

Ankylosing Spondylitis အဆစ်ခိုင်နာခြင်းအတွက် Diclofenac 25 mg တနေ့ ၄ ကြိမ်။

Dysmenorrhea ရာသီလာစဉ်နာခြင်းအတွက် Diclofenac 50 mg တနေ့ ၃ ကြိမ်။

Rheumatoid Arthritis ရူမတွိုက်အဆစ်နာခြင်းအတွက် Diclofenac 50 mg တနေ့ ၃-၄ ကြိမ်။

Migraine မိုင်ဂရင်းခေါင်းကိုက်ခြင်းအတွက် Diclofenac 50 mg တနေ့ ၁ ကြိမ်။

Pain ရိုးရိုးနာခြင်းအတွက် Diclofenac 25 mg တနေ့ ၄ ကြိမ်။ Diclofenac 50 mg တနေ့ ၃ ကြိမ်။

ဘေးထွက်သက်ရောက်မှုတွေ -
• နှလုံး (အတက်) ရလမ်း တိုးစေနိုင်တယ်။ ဒါကြောင့် (အက်စပရင်) ကိုသာပေးရတယ်။
• အသည်းကိုထိခိုက်နိုင်သေးတယ်။
• ကျောက်ကပ်ကိုလည်း ထိခိုက်စေနိုင်တယ်။
• စိတ်ဓါတ်ကျတယ်လို့ ပြောသူတွေလည်း တွေ့ရတယ်။
• တချို့အမျိုးသမီးတွေရဲ့လစဉ်ရာသီကို တမျိုးတမည်ဖြစ်စေတာလည်းတွေ့ရတယ်။
• အစာလမ်းအနာနဲ့ သွေးယိုတာဖြစ်စေနိုင်တယ်။ ဒါကြောင့် ဒီဆေးနဲ့အတူ Ranitidine 150 mg ဒါမှမဟုတ် Omeprazole 20 mg ကိုညအချိန်သောက်စေတယ်။

ဆေးတွေရဲ့ ဘေးထွက်သက်ရောက်မှုဆိုတာ လူနာ အသက်၊ ရောဂါအခံ၊ ဆေးအလေးချိန်၊ ဆေးသောက်နေတဲ့ အချိန်ကာလတွေအပေါ်မှာ မူတည်တယ်။ အလာဂျီ ခေါ် ဆေးနည်းမတည့်သူကတော့ အခုသောက် အခုဖြစ်တယ်။

1. Diclofenac ဒိုင်ကလိုဖဲနစ် အနာအကိုက်သက်သာဆေး (၂) https://doctortintswe.blogspot.com/2015/07/nsaids.html
2. Diclofenac ဒိုင်ကလိုဖင်းနစ် အနာသက်သာဆေး (၃) https://doctortintswe.blogspot.com/2017/05/diclofenac.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး