HIV ပိုးသတင်း

မင်္ဂလာပါ ဆရာရှင့် fb ပေါ်မှာသတင်းတခုဖတ်လိုက်မိတယ် အမေရီကဆရာဝန်မတယောက် အိမ်မှာ ပစ္စည်းတွေ ခဏခဏအခိုးခံရလို့ ဆရာဝန်မစိတ်ပျက်ပြီး နောက်သူခိုးမလာရဲအောင် hiv ပိုးပါတဲ့ဆေးထိုးအပ်တွေထောင်ထားတယ်လာရဲတဲ့သူလာထားလို့ စာချိပ်ထားတယ်တဲ့ ဘယ်သူမှအိမ်ရှေ့ကတောင် လမ်းမလျှောက်ဘူးတဲ့ hiv ပိုးပါတဲ့ဆေးထိုးအပ်စူးမိရင် ကူးစက်နိုင်လားသိချင်ပါတယ်

HIV သတင်းအမှားတွေ အတော်ရေးထားပြီးပြီ။ ဒါကနောက်တမျိုး။

မေးခွန်းပါသတ်ပုံတချို့ကို ပြင်လိုက်တယ်။ ဆောရီး။ ဖက်လိုက်မိတယ် မဟုတ်။ ဖက်တယ်ဆိုတာ လက်နဲ့သိုင်းဖက်တာ။ တခိုး မဟုတ်။ သူခိုး။ အမေရိကန်လို့ရေးသင့်တယ်။ မြန်မာဆိုလည်း အဲလိုပဲ မြန်မာပြည်လို့ရေးမှသာ မှန်ကန်တယ်။

HIV ပိုးကဘယ်မှာနေလဲ
- သွေး၊
- ယောက်ျားလိင်စိတ်ဖြစ်လို့ထွက်တဲ့အရည်၊
- ယောက်ျား လိင်ဆန္ဒပြည့်ဝလို့ထွက်တဲ့အရည်၊
- အမျိုးသမီး မွေးလမ်း-လိင်လမ်းကအရည်၊
- မိခင်နို့ရည်၊
- စအိုအတွင်းဖုံးအလွှာ။

တခြားကိုယ်ခန္ဓာအရည်တွေဖြစ်တဲ့ ဝမ်း၊ ဆီး၊ နှပ်၊ နှာရည်၊ မျက်ရည်၊ သွားရည်၊ ချွေး၊ အန်ဖတ်တွေထဲမှာ HIV ပိုးပါနေနိုင်ပေမဲ့ ကူးစက်နိုင်လောက်အောင် မပါဘူး။ သတိထားဘို့က အဲဒီအရည်တခုခုကို သွေးရောနေရင် ကူးစက်နိုင်တယ်။

ကျန်းမာရေးဝန်ထမ်းတွေဟာ ဒါတွေနဲ့ ထိတွေ့နေကြရတယ်။
- သွေး၊
- ရေမြွာရည်၊
- ခါးရိုးထဲကဆေးစစ်ဘို့ထုတ်ယူတဲ့ ဦးနှောက်နဲ့ဆက်နေတဲ့ အရည်၊
- အဆစ်ထဲကအရည်တွေနဲ့ ထိတွေ့နိုင်မယ်။ HIV ပိုးတွေပါတယ်။

အဲဒီ ပိုးပါနေတာတွေက နောက်တယောက်ကို ဘယ်လိုကူးစက်လာနိုင်သလဲ။
(၁) လိင်ဆက်ဆံမှု။ မိန်းမ ဗဂျိုင်းနား၊ ယောက်ျား-မိန်းမ စအိုလမ်း၊ ယောက်ျား-မိန်းမ ပါးစပ်လမ်းတွေကနေ ဝင်လာနိုင်တယ်။
- ကိုယ့်သွေးထဲကို ဘယ်လိုရောက်မလဲ။ ဗဂျိုင်းနား၊ မိန်းမကိုယ်၊ ကျားလိင်တံ၊ စအိုလမ်း၊ ပါးစပ်တွေမှာ ရှိနေနိုင်တဲ့ မျက်စိနဲ့မြင်နိုင်အောင်ကြီးတဲ့ အနာအဆာတွေကနေဝင်မယ်။ အလားတူ အဲလိုနေရာတွေမှာ အနုကြည့် မှန်ဘီလူးနဲ့သာ မြင်နိုင်အောင်သေးတဲ့ ထိခိုက်ဒဏ်ရာလေးတွေကနေ ပိုးတွေဝင်လာနိုင်တယ်။ အနာအဆာတွေ ဆိုတာ လိင်လမ်းရေယုံ၊ ဆစ်ဖလစ်နာတွေပါဝင်တယ်။
- လိင်ကတဆင့်ကူးစက်ရောဂါ (ဆစ်လိစ်၊ ဂနို၊ ရေယုံ) တခုခုရှိနေသူမျိုးမှာ HIV ပိုးက ပိုပြီး ဝင်လာစေနိုင်တယ်။
- လိင်ဆက်ဆံရာမှာ နမ်းတာ၊ နှိပ်နယ်ကိုင်တွယ်တာ၊ ကျား-မ အာသာဖြေတာသက်သက်ဆိုရင် မကူးစက်ပါ။
- ကွန်ဒွမ် စနစ်တကျသုံးရင်လဲ မကူးပါ။

(၂) ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမွေးဖွါးနေစဉ်၊ ကလေးနို့တိုက်နေစဉ်အချိန်တွေမှာ ပိုးတွေပါနေတဲ့ သွေးနဲ့ ရေမြွာရည်တွေကနေ ကူးစက်နိုင်တယ်။ ကလေးမွေးပြီးနောက်မှာလဲ မိခင်နို့ကနေကလေးကို ကူးစက်လာနိုင်တယ်။

(၃) ဆေးထိုးနည်းလမ်း။ ဆေးကုရာမှာဖြစ်ဖြစ်၊ မူယစ်ဆေးသုံးရာမှာဖြစ်ဖြစ် ဆေးထိုးအပ်ကနေ ကူးစက်နိုင်တယ်။
- အလုပ်အကိုင်နည်းလမ်းကြောင့် ကူးစက်နိုင်ခြေ။ ပိုးရှိနေသူတွေကို ဆေးကုနေရတာ၊ စမ်းသပ်စစ်ဆေးမှုတွေ လုပ်ပေးရတာကနေလဲ ကူးစက်နိုင်တယ်။ သွေးနဲ့ ပိုးပါနိုင်တဲ့ ကိုယ်ခနာအရည်တွေက တနည်းနည်းနဲ့ ကိုယ့်ကိုယ်ထဲဝင်လာရင်၊ ဆေးထိုးပေးရတာ၊ အနာဆေးထည့်ရတာ၊ သွေးသွင်းပေးရတာ၊ သွေးစတာတွေ စစ်ပေးရတာ၊ ကလေးမွေးပေးရတာ၊ ခွဲစိတ်ကသုသပေးရတာ၊ HIV လူနာတွေရှိလေမထား လူစုလူဝေးကို ဆေးစစ်ပေးရတာတွေကနေ ကူးစက်တာဖြစ်တယ်။

ကျန်တဲ့ စာထဲထည့်မရေးတာတွေကိုတော့ ကူးနိုင်မကူးနိုင် စဉ်းစားကြံဆရပါမယ်။ ဥပမာ ကွန်ဒွမ် ကနေ အကုန်ကာကွယ်မယ်ဆိုတာမှာ ကျွတ်သွားရင်၊ ပေါက်ပြဲသွားရင်၊ အရည်အသွေးမမှန်ရင်၊ အသုံးပြုနည်းမမှန်ရင်၊ ပြန်ချွတ်တဲ့အခါ အရည်တွေက အနာအဆာရှိတဲ့နေရာနဲ့ ထိမိတာကနေ ကူးစက်နိုင်ပါမယ်။ သွေးဆိုတာမှာလဲ ရာသီသွေးလဲပါတယ်။ အာသာဖြေလို့ မကူးလို့ဆိုပေမဲ့ ပိုးပါအရည်ထွက်လာလို့ တဖက်သားမှာ အနာအဆာ ရှိနေရင် ကူးနိုင်တယ်။ ထိမိတိုင်းကူမယ်လို့လဲ မထင်သင့်ပါ။

HIV ပိုးဟာ လူ့ကိုကနေအပြင်ရောက်ရင် ကြာကြာမရှိပါ။ မိနစ်တွေနဲ့ နာရီတွေအထိသာ ရှင်နိုင်တယ်။ မိနစ် အနည်းငယ်လို့ ပြောရင် မလွဲပါ။ ရက်အထိမရှင်ပါ။ သူတု့ရဲ့ ရောဂါရနိုင်စွမ်းကလဲ ကိုယ်ထဲထွာက်နေရတာ ကြာလေလေ နည်းလာလေလေဖြစ်တယ်။ ကိုယ်ပုချိန် ၉၈့၆ ကိုသာနှစ်သက်လို့ ဒိထက်အေးရာမှာ ကြာကြာ မရှင်တာဖြစ်တယ်။ သန့်ရှင်းရေးမှာ ရေနဲ့ ဆပ်ပြာသုံးတာကောင်းပါတယ်။ Chlorie tablet ရေသန့်ဆေးလဲခေါ်တဲ့ Bleaching powder ချွတ်ဆေးကိုလဲ သုံးနိုင်ပါတယ်။ Hydrgen peroxide ကိုလဲသုံးနိုင်တယ်။ နောက်ဆုံး သံသယရှိနေရင် သံသယအပြုအမူဖြစ်ပြီးနောက် ၃ လနေရင် ဆေးစစ်ပါ။

ခန္ဓာကိုယ်အပြင်မှာ HIV ဘယ်လောက်ကြာရှင်သလဲ

HIV ဟာ တံတွေးကနေ မကူးစက်ပါ။ နှုတ်ခမ်းချင်းနမ်းသူတယောက်မှာ ပိုးရှိနေပြီး ကျန်တယောက်နှုတ်ခမ်းမှာ အနာရှိနေရင် ပိုးတွေသွေးထဲဝင်လာနိုင်တယ်။ ရောဂါ ရ မရ ဆိုတာ ပိုးအရေအတွက်အပေါ်မှာမူတည်တယ်။ အခုထိတော့ နှုတ်းခမ်းနမ်းနည်းတခုတည်းကနေ ကူးတာ မတွေ့သေးပါ။

HIV ပိုးဟာ ခန္ဓာကိုယ်အပြင်ဖက် အခန်းတွင်းအပူချိန်မှာ ၆ ရက်ရှင်နေနိုင်တယ်။ နေရာင်ထဲပါ UV အလင်းနဲ့တွေ့လေလေ အသက်တိုလေ ဖြစ်တယ်။ ကူးစက်နိုင်စွမ်းအရေအတွက် အလွန်နည်းတယ်။

HIV ဗိုင်းရပ်စ်ပိုးဟာ လူ့ကိုယ်ခန္ဓာထဲကနေထွက်လာရင် ရောက်နေတဲ့ပတ်ဝန်းကျင်အခြေအနေအပေါ်မှာ မူတည်ပြီး ရှင်သန်နိုင်တယ်။ တချို့နေရာတွေမှာ ရက်သတ္တပါတ်တွေအထိရှင်တယ်။ တချို့နေရာတွေမှာ ဒီလောက်ကြာကြာ မရှင်နိုင်ပါ။ သူတို့ရှင်သန်နိုင်စွမ်းဟာ ကိုယ်ကနေထွက်တဲ့အရည်တွေအပေါ်မှာမူတည်တယ်။ အရည်ထုထည် ဘယ်လောက်များသလဲ၊ အရည်ရဲ့အပူချိန်၊ အက်စစ်ဓါတ်၊ ရေငွေ့ဓါတ်နဲ့ နေရောင်တွေအပေါ်မှာ မူတည်တယ်။

အခုထိ ကိုယ်ထဲကနေထွက်ပြီးသား သွေး၊ သုက်ရည်၊ တခြားအရည်တွေကနေတဆင့် HIV ကူးစက်ခဲ့တယ်ဆိုတဲ့လူနာ မရှိသေးပါ။ အဲလိုအရည်နဲ့သွေးတွေထဲမှာ မှန်ဘီလူးနဲ့စစ်ရင်တော့ HIV ပိုးတွေပါနေတာတွေ့နိုင်တယ်။ အရေအတွက်အရ ကူးစက်နိုင်အောင်မများလို့ဖြစ်မယ်လို့ ကောက်ချက်ချနိုင်ပါတယ်။ ဒါပေမယ့် သတိထားကိုင်တွယ်ဖို့လမ်းညွှန်ချက်ကို တိတိကျကျထုတ်ထားပါတယ်။

HIV ပိုးဟာ အပူဒဏ်ကိုမခံနိုင်ပါ။ အေးလွန်းတာလည်းမခံနိုင်ပါ။ 60°C ကျော်ရင်သေကုန်တယ်။ အခန်းတွင်းအပူချိန်မှာ ရှိနေရင် ပိုးအရေအတွက် နည်းတော့မသွားပါ။ 4°C မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၇ ရက်နေနိုင်တယ်။ ဓါတ်ခွဲခန်း စမ်းသပ်မှုတွေလုပ်ဘို့ HIV ပိုးပါတဲ့သွေးကို သိမ်းထားချင်ရင် –70°C မှာထားရတယ်။ အပူချိန် 4°C မှာ သိမ်းထားရင် ကြာကြာရှင်တယ်။ 27 to 37°C မှာထားရင် ၇ ရက်ထက်ပိုမရှင်ဘူး။

အခန်းတွင်းအပူချိန်မှာထားရင် ခြောက်နေတဲ့သွေးထဲမှာ ၅ ရက်ကနေ ၆ ရက်အထိ ရှင်မယ်။ pH level ကလည်း ထိန်းထာပြီးစမ်းသပ်ရမယ်။ ဒါကြောင့် ခြောက်နေတဲ့သွေးကနေ မကူးပါ။

HIV ပိုးရှိလူနာပေါင်း ၈ဝဝ ကျော်ဆီကနေ သွေးထုတ်ယူပြီး အခြေအနေအမျိုးမျိုးမှားထားပြီး ပြန်စစ်ဆေးတော့ ဆေးထိုးအပ် ၁ဝ% မှာ ပိုးက ၁၁ ရက်အထိ ရှင်နေတာတွေ့ရတယ်။ သွေးထုထည်က ၄၇% အပ်တွေထဲမှာ 2µl နဲ့ ၅၃% မှာ 20µl ထက်နည်းတယ်။ ဆေးထိုးအပ်ထဲကသွေးထဲမှာ သည်အတိုင်းထားရင် ၄ ပါတ်အထိရှင်နေနိုင်တယ်။

HIV ပိုးဟာ မိလ္လာရေထဲမှာလည်း မရှင်နိုင်ပါ။ ဝမ်းနဲ့ ဆီးထဲကနေ HIV ပိုးရှာမရပါ။ စမ်းသပ်မှုတခုမှာတော့ အဲလို အညစ်အကြေးထဲမှာ ရက်များများအထိရှင်နေနိုင်တယ်လို့ တွေ့ရပါတယ်။ ပင်လယ်ရေထဲမှာလည်း တခြားဗိုင်းရပ်စ်ပိုးတွေထက် ပိုမရှင်နိုင်ပါ။

လူသေအလောင်းကနေ HIV ပိုးကို ၁၁ ရက်ကနေ ၁၆ ရက်အထိရှာလို့တွေ့ပါတယ်။ ရေခဲတိုက်အပူချိန်က 2°C ရှိတယ်။
လူသေနဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းကို အပူချိန် 20°C မှာထားရင် HIV ပိုးဟာ ၁၄ ရက်အထိရှင်နိုင်တယ်။ ၁၆ ရက် နောက်မှာတော့ သိသာတဲ့အရေအတွက်အထိ မရှိတော့ပါ။ အခုလိုစမ်းသပ်မှုတွေမှာ လေနဲ့မိုးကိုထည့်မစဉ်းစားခဲ့ပါ။

၂ဝဝ၃ ခုနှစ်က သြစတေးလျမှာလုပ်တဲ့ သုတေသနအရ HIV ဟာ လူ့ကိုယ်ခန္ဓာအပြင်ဖက်မှာ ရက်သတ္တပါတ်တွေအထိ ရှင်နေနိုင်တယ်။ အဲဒီလိုရှင်ဖို့ ဗိုင်းရပ်ပမာဏ၊ သွေးထုထည်၊ အရည်ထုထည်၊ အပူချိန်၊ စိုထိုင်းဆနဲ့ နေရောင်တွေ အပေါ်မှာ မူတည်တယ်လို့ ကောက်ချက်ချတယ်။

HIV ပိုးဟာ အယ်လ်ကာလီ နဲ့ အက်စစ်ဓါတ်ခေါ် pH level မတူရင်လည်း ခံနိုင်မတူပါ။ pH 7 ထက်နည်းတာရော pH 8 ထက်များတာမှာပါ ကောင်းကောင်းမရှင်နိုင်ပါ။ ကျန်းမာနေတဲ့အမျိုးသမီးရဲ့ ဗဂျိုင်းနာထဲမှာ အက်စစ်ဓါတ်အခြေအနေရှိလို့ HIV ပိုးဟာ ကြာကြာမရှင်နိုင်တာဖြစ်တယ်။

မေးခွန်းပါသတင်း ဟုတ် မဟုတ် မသိပါ။ အဲလိုသတင်းဆိုရင် သတင်းလာရာပင်ရင်း ခေါ် ဆို့စ်လင့် သိမှသာ ဖတ်ရှု စစ်ဆေးရပါတယ်။ တကယ်လို့ HIV ပိုးပါတဲ့ဆေးထိုးအပ်ကို ထောင်ထားသလိုလုပ်မယ်ဆိုရင် အတော်ကို ကရိကထ များမယ်။ ပိုးပါနေတဲ့ဆေးထိုးအပ် ခဏခဏလဲပေးနေရမယ်။ ပိုးရှင်နေနိုင်အောင် အခြေအနေတွေ ဖန်တီးယူရမယ်။ အဲလိုလုပ်တာမဟုတ်ရင် အဲဒီအမေရိကန်ဆရာဝန်မ ညံ့ရာကျမယ်။ သတင်းတင်သူတွေလည်း ညံ့တယ်။ ယုံတဲ့သူတွေလည့်း့

လူအတော်များများက ခြောက်ရင် ကြောက်ကြတယ်။ မဟုတ်တာဆို ပိုကြောက်ကြတယ်။

ဒေါက်တာတင့်ဆွေ
၂၁-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး