Liver cancer အသည်းကင်ဆာ

၁။ ဆရာရှင့် မေမေ အသည်းကင်ဆာဝေဒနာခံစား နေရပါတယ်ရှင့် မေမေ့ အသက် ၇၃နှစ် ဖြစ်ပါတယ် ။ အသည်းကင်ဆာလို့သိရတာ ၂၀၁၆ ခုနှစ် ၅ လပိုင်း လောက်ကပါရှင့်။ အသည်းကင်ဆာ ဆရာဝန်ရယ်လို့ သီးသန့် ပြသခြင်း တော့ မရှိပါဘူးရှင့်။ မေမေကို ပါမောက္ခ ဆရာကြီး ဒေါက်တာ့ နဲ့ ပြသပါတယ်ရှင့်။ ခုချိန်ထိလဲ ပြသနေဆဲဖြစ်ပါတယ်ရှင့်။ သူခံစားနေရတာ အသည်းကင်ဆာရယ်လို့ အသိမပေးထား ပါဘူးရှင့်။ သူသိထားတာ အသည်း ကြီးတယ်ရယ်လို့ပဲသိထားပါတယ်ရှင့်။ မေကြီး ခုခံစားနေရတာက အစာအဖတ်တွေမစားနိုင်တော့ပါဘူးရှင့် ဖျော်ရည် လောက်သာ သောက်နိုင်ပါတယ်ရှင့် ခုချိန်ခံစား နေရတာက အစာအများကြီးမစားနိုင်ပဲ ရင်ပြည့်နေသလို လည်ချောင်းထဲ တစ်ဆို့နေပါတယ်။ ဝမ်းက ပုံမှန်မသွားပဲ နှစ်ရက် တခါလောက် ဝမ်း ချူ ရပါတယ်ရှင့်။ ဝမ်းဗိုက်က ဖောင်းတက်လာပြီး မာမာအခဲကြီး ဖြစ်နေပါတယ်ရှင့်။ ကျွန်တော်ကျန်းမာရေး အသိနည်းသည့်အတွက် မေကြီးခံစားနေရတ့ဝေဒနာ သက်သာစေဖို့ လမ်းညွှန်ပေးဖို့ အကူအညီတောင်းခံမိပါတယ်ဆရာရှင့်။ ရိုသေလေးစားစွာဖြင့်။ ခု ရာသီတုတ်ကွေး ကွေးပြီး အစားမဝင်တာပါဆရာ။ ချောင်ဆိုးပြီး သူ့ရင်ခေါင်းအောက်ကဖောင်းနေတာက ပိုနာနေပါတယ်ဆရာ။

၂။ ဆရာရှင့် မေးခွင့်ပြုပါ။ ကျွန်မ ဖေဖေ အသက် ၅၉ ပါ။ အသဲကင်ဆာ အဆင့် ၄ ဖြစ်နေတယ်လို့ ဆရာဝန်က ပြောပါတယ် B ပိုး C ပိုး လုံးဝ မရှိပါလို့လဲ ပြောပါတယ်။ အခု ဖေဖေက တိုင်းရင်းဆေးတွေပဲ သောက်နေပြီး ဆရာဝန်ဆက်မပြပဲ နေနေပါတယ်။ ဘယ်လိုမှ ပြောမရပါ။ အသဲကင်ဆာ အဆင့် ၄ အနေဖြင့် အသက်အန္တရာယ် စိုးရိမ်ရမှုလေးကို ပွင့်ပွင့်လင်းလင်းလေး သိချင်မိပါတယ် ရှင့်။ အသဲကင်ဆာလို့ သိရတာကတော့ ဇန်န၀ါရီလ ၄ ရက် ၂၀၁၈ မှသိရပါတယ်။ ခု ဗိုက်ကတော့ ရေဖျင်းစွဲသလို ပူနေပါပြီ။ ခြေထောက်တွေတော့ ယောင်နေပါတယ်။ ဆီး သွားပါတယ်။ အစားသောက် က ခံတွင်းမပျက်ပေမဲ့ ဗိုက်က အများကြီး မစားနိုင်ပါဖူး။ ဆရာထံမှ  အကြံပြုချက်ကို စောင့်မျှော်နေပါမယ်ရှင့်။

၃။ ဆရာရှင့် လူနာက သမီးအဖေပါ၊ အသက်က ၆၆ နှစ်ရှိပါတယ်။ အသည်းကင်ဆာလို့ 26.5.17 မှ CT scan ရိုက် အကျိတ်လို့သိရတာပါ။ လွန်ခဲ့တဲ့ ၄ လက သွေးအန်လို့ မန္တ္တလေးဆေးရုံကြီးမှာတက် ကုပါတယ်။ အဲ့အချိန် မှာ B ပိုး Positive ရှိတယ်လို့သိရပါတယ်။ မှန်ပြောင်းနဲ့ကြည့်တော့ အူလမ်းကြောင်းမှာ သွေးကြောတွေဖောင်းနေလို့ သရေကွင်းခြောက်ချက်ပစ်ပြီး ကုပါတယ်။ ဆေးရုံ မှာ ၆ရက် လောက်တက်ပြီးကုပါတယ်။ ၁၅ ရက်ကြာတကြိမ်၊ နောက် ၁ လတကြိမ် ၂ခါ ပြပြီး မှန်ပြောင်းပြန်ကြည့်ပါတယ်။ အဲ့လိုကုနေစဉ် ၃လ အတွင်းမှာ အသည်းဆရာဝန်နဲ့ပြပြီး B ပိုး ပျောက်ဆေးစားပါတယ်။ လူနာမှာ အခုထိ ကင်ဆာလက္ခဏာ မပြသေးဘူး ဖြစ်နေတယ်။ အဲ့အချိန်က သွေးလဲ ထပ်မစစ်ခိုင်းပါ။ အခု ဆေးစားလို့ ၃လ ပြည့်ပြန်ပြတော့မှ သွေးစစ်၊ ကင်ဆာဖြစ်နိုင် CT scan ရိုက် အကျိတ်တွေ့ပြီး ဆေးဖြန်းဖို့ (သို့) အကျိတ်ကိုချေမယ်လို့ပြောပါတယ်၊ ကင်ဆာဆိုတော့ အခြေအနေ မကောင်းမှန်းသိပါတယ်၊ ဒါပေမယ့် ဘယ်လိုအသည်းကင်ဆာအမျိုးအစား၊ ဘယ်အခြေအနေရောက်နေပြီ၊ ဘယ်နည်းလမ်းကတော့ ပိုကောင်းပြီး သက်သာနိုင်လိမ့်မယ် ဆိုတာမျိုး၊ သိချင်ပါတယ်။ ဘာဆက်လုပ်ရမလဲဆိုတာ ဆရာ့ထံမှာ အကူအညီတောင်းခံချင်ပါတယ်။ လူနာက့ ကပါ၊ အခုသမီးရှိတဲ့ရန်ကုန်ကိုခေါ်ထားလိုက်တယ်။ ထိရောက်တဲ့ ကုသမှုရပြီးကုန်ရကျိုးနပ်ချင်ပါတယ်။ လူနာကိုနောက်ဆုံးအချိန်လုပ်ပေးနိုင်တာ၊ လုပ်ပေးသင့်တာကို သမီးတယောက်အနေနဲ့ ရှိတာလေးနဲ့ ထိထိရောက်ရောက် ကုပေးချင်လို့ပါ။ ဆရာကူညီ ပြီးလမ်းညွှန်မှုပေးစေချင်ပါတယ်ရှင့်။ ဆရာရဲ့ လမ်းညွှန်မှုကို စောင့်မျော်လျှက်။

မေးခွန်းအရ ဆရာဝန်တွေက လုပ်သင့်တာတွေကို အကောင်းဆုံးလုပ်နေးနေတယ်လို့သိနိုင်။ သားသမီးအနေနဲ့ အဲလို စိတ်ထားရှိတာ အလွန်ကောင်း။ စိတ်ကိုအပြုသဘောထား ကံတရားလည်း အားကိုးပါလေ။

၎။ ဆရာရှင့် အသည်းကင်ဆာက ရောဂါ လက္ခဏာကို အချိန်လွန်မှသိရတာလားရှင့်။ သူငယ်ချင်းတယောက်ဖြစ်တာ တလဘဲခံပြီး ဆုံးသွားပါတယ်။ ရောဂါဖြစ်တာ ဘယ်လိုသိနိုင်မလဲရှင့်။

၅။ ဆရာ ကျွန်မဦးလေးဖြစ်သူရဲ့ရောဂါအတွက် ကုသပုံအကြံလေးပေးပါရှင့်။ ခွဲစိတ်လို့ရမလားသိချင်ပါတယ်။ ကမ်းဇော်ဆီကို ကင်ဆာပျောက်တယ်ဆိုပြီးတိုက်ချင်နေကြလို့ သင့်မသင့်ဖြေပေးပါရှင့်။ အသည်းကင်ဆာ အဆင့်ဆင့်ကို ဗဟုသုတရစေရန် တင်ပေးစေချင်ပါတယ်ဆရာ။

၆။ ကျမအမေက အသည်းမှာအလုံးတွေ့တယ်။ ခွဲထုတ်ရမယ်။ ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ပြောပါတယ်။ အရွယ်က ၄ စင်တီမီတာတဲ့။ အသက်က ၇ဝ ကျော်ဆိုတော့ မခွဲချင်ပါဘူး။ ဘာလုပ်သင့်လည်းဆိုတာ ဆွေးနွေးပေးစေချင်ပါတယ်။ ကျေးဇူးအများကြီးလည်းတင်ပါတယ်ရှင့်။ ကူညီကြပါဦးနော်။ ကျမလည်း ရင်တွေပူနေပါပြီ။ ct Scan ရိုက်တာ ၂ ပါတ်ခန့် ရှိပါပြီ။ ကုတင် ၅ဝဝ က အသည်းဆရာဝန်တွေက ခွဲထုတ်ရမယ်လို့ပြောပါတယ်ရှင်။ အမေက လုံးဝမခွဲချင်ဖြစ်နေပါတယ်။ ကူညီပေးပါဦးဆရာရှင့်။

၇။ ကျမအဖေက အသည်းကင်ဆာနဲ့ကွယ်လွန်ခဲ့ပါတယ်။ ဘီပိုး စီပိုးမရှိ၊ အရက်မသောက်ဘဲ၊ ဒီရောဂါနဲ့ ဆုံးရှုံးခဲ့ရပါတယ်။ စားသောက်နေထိုင်မှုပုံစံကြောင့်လို့လည်းထင်ပါတယ်။ ဆီများတဲ့ဟင်း လဘက် ငါးခြောက် သရက်သီးသနပ် တော်တော်ကြိုက်ပါတယ်။ ဆရာပြောသလိုပါဘဲ ရောဂါလက္ခဏာတွေ တောက်လျှောက် ခံစားမြင်တွေ့နေရတာပါ။ အသည်းကင်ဆာလို့ကြားရတိုင်း ရင်ထဲနာကျင်ထိခိုက်ရပါတယ်။ ကိုယ်တွေ့အပြင် ဆရာ့ရဲ့ပြည့်စုံတဲ့အသိပေးမှုကြောင့် သတိပြုစရာတွေပိုရလို့ ကျေးဇူးတင်ပါတယ်။

၈။ သမီးအဖေလည်း အသည်းကင်ဆာပါ။ သုံးပုံ နှစ် ပုံ ပြန့်နေပြီပြောပါတယ်ဆရာ။ ပြီးတော့ အစာအိမ်က သွေးကြော စိမ့်ထားပါတယ်။ အဲဒါ အစာအိမ် မှန်ပြောင်းကြည့် သင့် မသင့် သိပါရစေဆရာ။

၉။ ဆရာရှင့် အသည်းကင်ဆာက ရောဂါ လက္ခဏာကို အချိန်လွန်မှသိရတာလားရှင့်။ သူငယ်ချင်းတယောက်ဖြစ်တာ တလဘဲခံပြီး ဆုံးသွားပါတယ်။ ရောဂာဖြစ်တာဘယ်လိုသိနိုင်မလဲရှင့်။

အသည်းကင်ဆာမှာလည်း (၂) မျိုးကွဲသေးတယ်။ ကိုယ်ခန္ဓာထဲမှာ တနေရာရာမှာကင်ဆာဖြစ်လို့ အသည်းကို ပြန့်လာတာမျိုးနဲ့ နောက်တမျိုးက Hepatocellular carcinoma အသည်းမှာစဖြစ်တာ။

ဘာလို့ဖြစ်သလဲ တိတိကျကျမသိကြပါ။ တချို့တော့သိပါတယ်။ Hemochromatosis နဲ့ Wilson's disease တို့လို မွေးကတည်းပါလာသူ၊ အရက်သောက်သူ၊ အသည်းရောင် ဘီ (သို့) စီကြောင့် နာတာရှည်အသည်းရောင်နေသူ၊ မျိုးရိုးအရဖြစ်တဲ့ Hemochromatosis ရောဂါရှိနေသူနဲ့ အသည်းခြောက်နေသူ၊ အသည်းအဆီများနေသူ၊ ဆေးလိပ်နဲ့ အရက်တွဲရင်လည်းဖြစ်သူများတယ်။ vinyl chloride နဲ့ arsenic လို ဓါတုပစ္စည်းတွေနဲ့လည်း ဆက်စပ်မှု ရှိတယ်။ အပင်မှို Aflatoxins ကနေ ဂျုံ၊ မြေပဲ၊ ဆန်၊ ပျောင်းစေ့တွေကို စွဲထာတာ စားမိရင် ဖြစ်စေနိုင်တယ်။ လူဝရင်၊ ဆီးချိုရှိသူ၊ L-carnitine ဓါတ် နည်းနေသူ၊ HIV/AIDS ရှိနေသူ၊ Anabolic steroid ခေါ် ကြွက်သား-ခွန်အားတိုး ဟော်မုန်းဆေး တာရှည်သုံးသူတွေ ပိုဖြစ်တယ်။ မိသားစုထဲမှာ တယောက်မကဖြစ်တယ်။ ယောက်ျားတွေက မိန်းမတွေထက်ပိုဖြစ်တယ်။

အသည်းကင်ဆာလက္ခဏာများ
ကိုယ်အလေးချိန်ကျခြင်း၊ အစားအသောက်ပျက်လာခြင်း၊ အစာအနံ့ရတာနဲ့ ရင်ပြည့်လာခြင်း၊ ပျို့အန်ခြင်း၊ အားယုတ်လာခြင်း၊ အကြောင်းမသိဖျားခြင်း၊ ဗိုက်ညာဖက်အပေါ်ပိုင်းအောင့်ခြင်း၊ နာတာကလက်ပြင်ဆီတက်နာခြင်း၊ အသည်းကြီးလာခြင်း၊ ဘေလုံးကြီးလာခြင်း၊ ရေဖျင်းဖြစ်လာခြင်း၊ အသား-ဆီးဝါခြင်း၊ ဝမ်းအရောင်ဖျော့လာခြင်း။

Hepatoma အသည်းအကျိတ်
Cirrhosis liver အသည်းခြောက်ရောဂါရှိနေသူတွေမှာ Hepatoma အသည်း-အကျိတ် ဖြစ်လာနိုင်တယ်။ အတော်များများ ဘာမှမခံစားရဘူး။ ၆ လတခါ Serum alpha fetoprotein သွေးစစ်တာ နဲ့ Ultrasound အသည်းကို (အာလ်ထွာဆောင်း) ရိုက်တာ လုပ်နေရမယ်။ ရောဂါအဆင့်ကြည့်ကုသရမယ်။

အသည်းကင်ဆာကုသနည်းများ
ရောဂါဟုတ်-မဟုတ်စစ်မယ်၊ အဆင့်သတ်မှတ်မယ်။ ဘယ်လိုကုသနည်းရွေးမလည်းဆုံးဖြတ်မယ်။ လူနာ၊ ဆေးရုံအပေါ်မှာ မူတည်ပြီးရွေးချယ်ရတယ်။ ခွဲစိတ်ဆရာဝန်၊ ဓါတ်ရောင်ခြည်ဆရာဝန်၊ ကင်ဆာဆရာဝန်၊ အစာလမ်းအထူးကုဆရာဝန်၊ စတဲ့ နယ်ပယ်အလိုက် အထူးကုဆရာဝန်တွေကနေ စုပေါင်းဆုံးဖြတ်ကြတယ်။ တခါတလေ နည်းတခုကမကို တွဲလုပ်ရတယ်။ လူနာအနေနဲ့လိုမယ်ထင်ရင် ဒုတိယအကြံရယူတာလုပ်နိုင်တယ်။

၁။ Surgery ခွဲစိတ်ကုသနည်းမှာ partial hepatectomy အသည်းတစိတ်တပိုင်းထုတ်ပေးတာနဲ့ liver transplant အသည်းအစားထိုးတာပါတယ်။
၂။ Tumor ablation အကျိတ်ကိုတခြားနည်းနဲ့ကျေစေနည်း၊
၃။ Tumor embolization အကျိတ်ကိုသွေးမလျှောက်စေနည်းလုပ်ပေးခြင်း၊
၎။ Radiation therapy ဓါတ်ကင်နည်း၊
၅။ Targeted therapy ပစ်မှတ်ထားကုသနည်း၊
၆။ Chemotherapy ကင်ဆာဆေးပေးနည်း၊ Sorafenib ဆေးကို နောက်ပိုင်းအဆင့် ဖြစ်သူတွေကို ပေးတယ်။
၇။ Freezing cancer cells (Cryoablation) အေးခဲနည်း၊
၈။ Heating cancer cells အပူပေးနည်း၊
၉။ Injecting alcohol into the tumor အယ်လ်ကိုဟောဆေး အကျိတ်ထဲထိုးနည်း၊
၁ဝ။ Injecting chemotherapy drugs into the liver ကင်ဆာဆေးအကျိတ်ထဲထိုးပေးနည်း၊
၁၁။ Targeted drug therapy ပစ်မှတ်ထားကုသနည်း။

အလားအလာ
အသည်းကင်ဆာဟာ အလားအလာမကောင်းတဲ့အမျိုးအစားရောဂါဖြစ်တယ်။ ဆောရီး။ လူနာ ၁ဝ% ကသာ ကင်ဆာကို စောစောသိကြတယ်။ အင်္ဂလန်မှာ ၃ဝ% ဟာ ရောဂါသိပြီးနောက် ၁ နှစ်အသက်ရှည်တယ်။ ၁ဝ% က ၅ နှစ်ရှင်တယ်။ တချို့နည်းနည်းပိုရှည်တယ်။ အသည်းကင်ဆာနဲ့ အသည်းခြောက်တာတွဲနေရင် ၃ လသာခံတယ်။

အဲလိုလူနာတွေကို ဆရာဝန်နဲ့ကုသရမယ်။ ကံတရားကိုလည်း အားကိုးပါ။ မြန်မာပြည်သားတွေ အသည်းကင်ဆာဘေးက ဝေးကြပါစေ။

ဒေါက်တာတင့်ဆွေ
၂၅-၄-၂ဝ၁၈
၁၇-၈-၂ဝ၁၈

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး