Hepatitis B medical treatment (ဘီ) ပိုးဆေးပေးခြင်း

ကျွန်မ အသက် က ၂၂ ပါ။ လွန်ခဲ့တဲ့ ၇ လလောက်က အလုပ်လျှောက်ဖို့ဆေးစစ်ရာမှ B ပိုးရှိတာကို သိလိုက်ရပါတယ်။ ဘယ်ဘက်ရင်ဘက်နဲ့ ညာဘက်ရင်ဘက် တခါတလေအောင့်တာ အဲ့ဒါကြောင့်လားမသိဘူး။ HBe စစ်ကြည့်တာ negative ပြပါတယ်စစ်ခဲ့တာတော့ လွန်ခဲ့တဲ့ ၇လလောက်ကပါ။ အကောင်ရေ အတိကျတော့ ထပ်မစစ်ခဲ့ရဘူး။ ဆရာဝန်က Tenvir အသည်းဆေးကိုပေးပါတယ် တလပဲသောက်လိုက်ပီးနောက် ပိုက်ဆံကုန်လို့ ဆက်မသောက်မိပါဘူး။ ဖေ့ဘွတ်မှာတွေ့တဲ့ B ပိုးပျောက်တယ်ဆိုတဲ့ မြန်မာဆေးရွက် အိတ်သရမူလီအရွက်နဲ့ စပါးလင်ပြုတ်ကိုသောက်ကြည့်ပါတယ်။ အခုဆေးတော့ထပ်မစစ်ကြည့်ရသေးပါဘူး။ B ပိုးက လုံးဝအရှင်းမပျောက်နိုင်ဘူး ကြားလို့ ဟုတ်လားရှင် ဘယ်လိုကုသရင်အရှင်းပျောက်နိုင်မလဲရှင်။ ဆးစစ်ချက်နဲ့ ဓာတ်ပုံပို့လိုက်ပါတယ်။ ကျေးဇူးတင်ပါတယ်ရှင်။

အသည်းရောင် (ဘီ) ပိုးရှိနေသူကို ဆေးကုသတာရဲ့ရည်ရွယ်ချက်ကတော့ ဗိုင်းရပ်စ်ပိုးတွေ တက်ကြွမနေအောင်၊ အသည်းထဲမှာ ပွါးများ မလာစေအောင်လုပ်တာ ဖြစ်တယ်။ ဆေးကနေ အဲလိုလုပ်ပေးတဲ့နောက်မှာ ကိုယ့်ခုခံအားကနေ ပိုးတွေကို နှိမ်နိုင်လာမယ်။ အသည်းကိုလဲ ဆက်ပြီး ပျက်စီးတာ မဖြစ်အောက် ကာကွယ်ပေးနိုင်မယ်။ အသည်းခြောက်တာ၊ အသည်းကင်ဆာ ဖြစ်မလာစေဘူး။

အသည်းရောင် (ဘီ) ပိုးကူးစက်ခံရသူတွေထဲက ၉၅% မှာ သူ့အလိုလို ရောဂါပိုးတွေ ရှင်းသွားနိုင်တယ်။ ဆေးမလိုဘဲ ရှင်းသွားတာကို ဆိုလိုတယ်။ တချို့မှာတော့ နာတာရှည် အသည်းရောင် ဖြစ်နိုင်တယ်။ ၆ လနေလို့မှ ပိုးကင်းရှင်း မသွားရင် အဲလိုဖြစ်လာနိုင်တယ်။ အသည်းရောဂါဖြစ်လာမယ် အသည်းထဲမှာ ပိုးတွေက ပွါးများလာမယ်။ ဆေးကုသဘို့ လိုနိုင်တယ်။
ဆေးမပေးခင် HIV နဲ့ Hepatitis C ရှိ-မရှိ စစ်မယ်။ Hepatitis A vaccine ကာကွယ်ဆေးလဲ ထိုးပေးမယ်။ နာတာရှည် ဘီပိုး အသည်းရောင်အတွက် လောလောဆယ် ဆေး ၃ မျိုးသုံးနေတယ်။ (၁) Pegylated Interferon (Peginterferon) (၂) Lamivudine နဲ့ (၃) Adefovir (ADV) တွေဖြစ်တယ်။ တတိယဆေးက ဒုတိယဆေး မတိုးသူတွေကို ပေးတယ်။ Lamivudine ကို အများဆုံး သုံးနေတယ်။

၁။ Peginterferon ဆေးဆိုတာ ဗိုင်းရပ်စ်ကို ခံတိုက်ဘို့ရာ လူ့ကိုယ်ထဲကနေ အလိုလိုထုတ်ပေးတာမျိုး ဖြစ်တယ်။ ဒီဆေးကြောင့် ဗိုင်းရပ်စ်တွေ ပွါးများလာမှာကို တားဆီးမယ်။ ဒီဆေးကို အရေပြားအောက်မှာ တပါတ်တခါ၊ ၆-၁၂ လကြာထိုးပေးရတယ်။ နာတာရှည် အသည်းရောင်လို့ ဒီဆေးထိုးသူတွေထဲက ၃၅% မှာ ရေရှည်အကျိုးရတာ တွေ့ရတယ်။ ဆေးစစ်ရင် ဗိုင်းရပ်စ်တွေ များလာတာက ရပ်သွားတာတွေ့ရမယ်။ အသည်းအလုပ်လဲ ပုံမှန်ဖြစ်နေမယ်။ ဆေးရပ်ပြီးနောက် ပိုကောင်းလာမျိုးလဲ ရှိတယ်။ တချို့မှာ ဆေးကုသမှုခံယူနေရင်း အခိုက်အတန့်လောက် အသည်းရောင်တာ ပိုဆိုးလာတတ်တယ်။ ဒီလို ဖြစ်တာကို Hepatitis B flare လို့ခေါ်တယ်။ တခါတလေ ပိုးတွေရှင်းသွားပြီး၊ အသည်းလဲ အလုပ် ပုံမှန် လုပ်နိုင်လာကြတယ်။ ဘေးထွက်ဆိုးကျိုးတွေ အများအားဖြင့် တုပ်ကွေးမိသလို ဖြစ်တာပါဘဲ။ ကိုယ်ပူ၊ ချွေးထွက်၊ အဆစ်တွေနာ၊ ခေါင်းကိုက်။ Paracetamol ပါရာစီတမောကို ၄ နာရီတခါသောက်ရင် သက်သာမယ်။ ဖြစ်ကာစသာဆိုးတယ်။ တချို့မှာ စိတ်ဓါတ်ကျမယ်၊ စိတ်မူပြောင်းတယ်။ ဆံပင်ကျွတ်တာ၊ ကိုယ်အလေးချိန် ကျတာတွေလဲ ဖြစ်နိုင်တယ်။ ဆိုးကျိုးက ဆိုးတာဖြစ်နေရင် ဆေးလျှော့ပေးတာ၊ ဆေး ခဏနားထားတာလဲ လုပ်နိုင်တယ်။

၂။ Lamivudine ဆေးဆိုတာ၊ သောက်ဆေးဖြစ်တယ်။ ဗိုင်းရပ်စ်ကို ပျက်စီးစေမယ်။ ပွါးများတာကို တားပေးမယ်။ တနေ့ ၁ လုံး၊ ၁ နှစ် အနည်းဆုံး သောက်စေတယ်။ နာတာရှည် အသည်းရောင်လို့ ဒီဆေးသောက်ရသူထဲက ၂ဝ-၃ဝ% မှာ ရေရှည် အကျိုးများစေတာ တွေ့ရတယ်။ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ မဆိုးပါ။ ခေါင်းကိုက်၊ ဗိုက်နာ၊ ဝမ်းပျက်၊ မောပန်း၊ အားယုတ်။ ဆေးကို စောပြီး မသောက်ဘဲရပ်လိုက်တာ မကောင်းဘူး။ တချို့မှာ ဆေးယဉ်လာတတ်တယ်။

၃။ Adefovir ဆေးဆိုကို Lamivudine ဆေးယဉ်သူတွေအတွက် သုံးတယ်။ တနေ့ ၁ လုံးသောက်ရတဲ့ဆေး ဖြစ်တယ်။

အသည်းရောင် (ဘီ) ပိုးအတွက်ဆေးတွေက အမျိုးမျိုးရှိတယ်။
1. Drugs associated with Hepatitis B
2. Viread = tenofovir class
3. Epivir = lamivudine class
4. Pegasys = peginterferon alfa-2a class
5. PegIntron = peginterferon alfa-2b class
6. Hepsera = adefovir class
7. Intron A = interferon alfa-2b class
8. Tyzeka = telbivudine class
9. Epivir-HBV = lamivudine class

ဆေးတခုချင်းမှာ ထူးခြားချက်တွေရှိတယ်။ သုတေသနလုပ်နေတဲ့ဆေးတွေလဲရှိသေးတယ်။ အကြမ်းပြောရရင် (ဘီ) ပိုးအတွက်ဆေးတွေက သက်တမ်းမရှည်သေးလို့ အကောင်း-အဆိုးတွေ နောက်မှာထပ်သိလာတာတွေရှိနိုင်တယ်။ FDA ကအသိအမှတ်ပြုဆေးတွေကို စိတ်ချသုံးနိုင်တယ်။ ဆေးပေးနည်းကိုလဲ သတ်သတ်မှတ်မှတ်ရှိပါတယ်။ မှန်းချေ အပြောတွေကတော့ မသေချာတာတွေဖြစ်ပါတယ်။

Dr. တင့်ဆွေ

Comments

Popular posts from this blog

ကျန်းမာခြင်းသည် လာဘ်တပါး

Furamin BC သံဓါတ်အားဆေး