History repeats itself ဘီးတပတ်လည်ခြင်း
(တနှစ်တိတိကရေးခဲ့တာ)
၁။ သမိုင်းဆိုတာ ဘီးတပတ်ပြန်လည်တယ်။ ပဌမတော့ ကံဆိုးမိုးမှောင်ကျခြင်း။ ဒုတိယက ရုပ်ပျက်ဆင်းပျက်ဖြစ်ခြင်း။ (ကားလ်မတ်စ်၊ ဂျာမန်လူမျိုး ဖီလော်ဆော်ဖါ၊ ကွန်မြူနစ် မင်နီဖက်စတိုနဲ့ အရင်းကျမ်းကို ရေးသားစီရင်ခဲ့သူ)
၂။ သမိုင်းဆိုတာ ဘီးတပတ်ပြန်လည်တယ်။ သေဆုံးသွားတဲ့အနုပညာကိုတော့ တဖန်ပြန်မွေးမပေးပါ။ အဲတာဟာ ကမ္ဘာပေါ်ကနေ အပြီးအပိုင်ပျောက်ကွယ်သွားတော့တာဖြစ်တယ်။ ဖျက်ဆီးတာခံလိုက်ရတဲ့ တောငှက်လေးတကောင် တေးဆိုသလိုပဲ။ (ဂျိုးဆက် ကောနတ်၊ ပိုလန်-ဗြိတိသျှ စာရေးဆရာ)
ပြည်ပမှာသာနေရတဲ့သူ ပြည်တွင်းကို နေလှမ်းမျှော်ကြည့်နေပါတယ်။ ပြည်ပနိုင်ငံရေးမှာ ဆီခမ်းသွားတာ ၂ဝဝ၈ ဖွဲ့စည်းပုံ ကြောင့်ပါ။ မီးစာတော့ မကုန်သေးပါ။ အဲဒီအပြောင်းအလဲမှာ အပြင်နေလုပ်သူတွေက ပရိသတ်ဖြစ်သွားရတယ်။ တချိန်တုံးကတော့ ပြည်တွင်း-ပြည်ပ ဆက်သွယ်ရေးရယ်လို့ လှိုင်းတိုရေဒီယိုသာရှိခဲ့တယ်။ နဂိုကတည်းကရှိပြီးသာ ဘီဘီစီ၊ ဗွီအိုအေနောက်မှာ အာရ်အက်ဖ်အေနဲ့ ဒီဗွီဘီ ပေါ်လာတယ်။ ဒီဗွီဘီကပိုစောတယ်။ ဒီဗွီဘီစလွှင့်တဲ့ရက်က အာဇာနည်နေ့မှာပါ။ ကျွန်တော်တို့အဖွဲ့ နယူးဒေလီမြို့ ဗီကပ်စ်ပူရီအရပ်ထဲမှာ အိမ်အောက်ထပ်ကိုငှားနေခဲ့ကြတုံးက ဝိုင်းစုပြီးနားထောင်ခဲ့ကြတာကို အမှတ်ရတယ်။
ဒီဗွီဘိ နယူးဒေလီ စတူဒီယိုဖွင့်ပွဲမှာ စကားပြောရတယ်။ ချင်းတွင်းစတူဒီယိုလို့ အမည်ပေးထားတယ်။ ပြည်ပကအသံတွေ ပြည်တွင်းကို ရောက်စေခဲ့ကြတယ်။ ကျွန်တော့်အသံလည်း ပါလေ့ရှိတယ်။ နောက်တော့ ဒီဗွီဘီက တီဗွီအစီအစဉ်ပါ ဖြစ်လာတယ်။ ရုပ်ကိုပါဖန်သားပြင်မှာ ကျွန်တော်အော်အော်ပြောနေတဲ့ပုံတွေ ကြည့်ရတယ်လို့ မိတ်ဆွေတွေက လှမ်းပြောကြတယ်။ ကျွန်တော်သေပြီလို့ သတင်းထွက်ထားတာမို့ ပြန်မြင်ရလို့ အမျိုးတွေကဝမ်းသာကြသတဲ့။
ပြည်ပမှာ အသင်းအပင်းတွေဖွဲ့ကြတယ်။ ကြာတော့ မှိုလိုပေါက်တယ်လို့ တင်စားခံရတယ်။ စာအုပ်တွေထုတ်ကြတယ်။ စာအုပ်ထုတ်တော်လှန်ရေးလို့ ကင်ပွန်းတပ်ခံရတယ်။ ဆရာတင်မိုးလာတုံးက သူ့အကဲဖြတ်ချက်ကိုမေးတော့ ဆရာက ကောင်းပါ့ စာရွက်စာသားတွေ၊ ကောင်းပါ့ မင်ကျမင်နတွေတဲ့။
ပြည်ပမှာ အစည်းအဝေးတွေ လုပ်ကြတယ်။ လူ ၂ ယောက်လောက်သာနေနိုင်တဲ့ အခန်းကျဉ်းလေးထဲ ၁ဝ-၁၅ ယောက် ထိုင်ပြီး စည်းဝေးတာလည်းရှိတယ်။ ဖိုက်စတားဟော်တယ်မှာလည်း လုပ်တဲ့အခါလုပ်ကြတယ်။ မိုးရွာထဲ ထီးဆောင်းသွားရတာ ရှိသလို ဘိုးရင်းလေယာဉ်ပျံကြီးစီးသွားရတာလည်းရှိတယ်။ လမ်းတွေပေါ်မှာ လမ်းလျှောက်ပြီး ဆန္ဒပြကြရတာတော့ တကယ့်ကို မရေမတွက်နိုင်ပါ။
ပြည်ပကို အင်ဂျီအိုတွေ တဖွဲ့ပြီးတဖွဲ့လာကြတယ်။ သင်တန်းတွေ တမျိုးပြီးတမျိုးပေးကြတယ်။ အစုံပါပဲ။ သင်တန်းဆင်းတွေက ဆရာကြီးတွေ ဆရာမကြီးတွေဖြစ်လာကြတယ်။ မီဒီယာလူတန်းစားပေါ်လာတယ်။ အင်ဂျီအိုကိုယ်ပိုင်တွေဖြစ်လာတယ်။ ဘိုလိုပြောတတ်သူတွေ များလာတယ်။
ကနေ့ ပြည်တွင်းမှာ အဲတာတွေအကုန် မိတ္တူကူးသလိုဖြစ်လာနေတာတွေ့ရပါတယ်။ ကျွန်တော်က ရေဒီယိုကိုနားစွင့်ပြီး တီဗွီကို ငေးကြည့်နေရတယ်။ သူတို့ ရှင်သန်နေကြပါလား။
ဒေါက်တာတင့်ဆွေ
၂၉-၁၂-၂ဝ၁၅

Comments
Post a Comment