Testing 1-2-3 ပညာစမ်းခန်း

(မနှစ်က ဒီနေ့မှာရေးပါတယ်။)

ဦးဆွေးဆံမြေ့အမှုတော်ထမ်းတယ်ဆိုတဲ့အသုံးဟာ ဗမာဘုရင်တွေလက်ထက်ကတည်းကစတယ်။ ငယ်ငယ်က ကျောင်းစာအုပ်ထဲမှာ ဖတ်ရတယ်။ ဘုရင့်အမှုတော်ကို အသက်အိုမင်းကြီးရင့်တဲ့အထိ ထမ်းဆောင်ခဲ့ရတဲ့ အမတ်မင်း နန်းရင်ပြင်မှာ ခေါင်းပေါင်းကိုဖြုတ်လိုက်တော့ သူ့ဆံပင်တွေ အထွေးလိုက်ကျွတ်ကျနေတဲ့သရုပ်ဖေါ်ပုံကို ခုထိမြင်မိပါတယ်။ အဲတာသက်ဦးဆံပိုင်ခေတ်ဖြစ်လို့နေမယ်။ ဒီမိုကရေစီမှာ တချို့က ငါးနှစ်သာကြာလိုက်လို့ ဆံပင်တော့ဆွေးစရာမရှိပါ။ နာမည်ဆွေးသွားသူတွေတော့ ရှိတယ်။

ကျွန်တော် ဘုရင့်အမှုတော်ကို တခါမှထမ်းခွင့်မရဘူးပေမယ့် ဆံပင်တော့ ဖွေးရ ဆွေးရပါတယ်။ တနင်္ဂနွေနေ့တုံးက ဆံပင်ဖြတ်တယ်။ အန်တီကဖြတ်ပေးတာပါ။ ကွန်တော်ကသင်ပေးထားပြီး ကိုယ့်ကိုယ်ကို (ဂီနီပစ်) အလုပ်ခံတာ။ ငယ်ငယ်တုံးက ဆံသဆိုင်ကိုတလတခေါက်သွားနေရတာ အမှုမဲ့အမှတ်မဲ့သာနေခဲ့တယ်။ ဒေလီရောက်တော့ ဆံပင်ဖြတ်ဆရာတွေ ဘယ်လိုကဘယ်လို ကပ်ကြေးသုံးတယ်၊ ဘာပြီးဘာလည်း၊ လေ့လာမှတ်သားထားတယ်။ ကပ်ကြေး တချောင်းဝယ်ပြီး ကိုယ့်လူတွေကို အရင်လက်တည့်စမ်းတယ်။ ခက်ခဲတဲ့ကာလတွေမှာ အတူလုပ်ဖေါ်ကိုင်ဖက် တချို့ကို ကျွန်တော်ကနေ ဆံပင်ဖြတ်ပေးခဲ့တယ်။ ကြာတော့လက်တက်လာတယ်။ သူများကိုပါ သင်ပေးနိုင်လာတယ်။

ကျွန်တော်က သင်ပြတာမှာ အထုံပါတယ်။ ဆေးပညာဆိုလို့ ဘာတစွန်းတစမှမသိတဲ့ ဒုက္ခသည်တွေထဲက မိန်းကလေး၊ ယောက်ျားလေးတွေကို သင်ပေးခဲ့တာမနည်းပါ။ အထုံပါသူတချို့ ဆရာမလေးတွေဆို ခွဲစိတ်ခန်းမှာ မေဂျာကေ့စ်ကိုပါ ဝင်ကူနိုင်တယ်။ ခွဲစိတ်ပညာနဲ့ဆိုင်တာလေးတွေတင်တော့ ဆရာ့ MBBS ရပြီးရင် အနည်းဆုံးကျွမ်းကျင်ဖို့လိုနေတဲ့ ခွဲစိတ်ပရိုစီဂျာ ဘယ်နှစ်ခုလောက်ရှိမလည်း။ တကယ်နှဖူးတွေ့ဒူးတွေ့ လွှဲပို့တာလုပ်မရတဲ့ ကေ့စ်မျိုးတွေပေါ့။ ဥပမာ အရေးပေါ် ဗိုက်ခွဲ မွေးပေးရတာလိုမျိုးက ရှောင်မရဘူး။ ပစ္စည်းရှိရင်လုပ်တတ်ရမှာပဲ။ အဲ့လိုမျိုး ဘယ်နှစ်ခုလောက် ရှိနိုင်မလည်းလို့ မေးလာတယ်။

အင်္ဂလိပ်လို ခေါင်းစဉ်လေးတွေကိုပို့ပေးပြီး ဆရာရေ အဲတာတွေကတော့ သင်ရိုးတွေပါ။ လက်တွေ့ကို မရေးဖြစ်သေးဘူး။ လူသစ်များသို့ပေးစာ (၃) မှာလို အင်္ဂလိပ်စာကို ဘယ်လိုအပတ်တကုပ်လုပ်ခဲ့သလဲစာမျိုး ဆာဂျရီအတွက် ရေးချင်တယ်။ စာဖတ်သူရဲ့ ရေချိန်ကို မှန်းဆရတာတော့ခက်တယ်။ မအိပ်ခင်မှာ အဲတာကိုစာစီနေခဲ့တယ်။ အဲတာကိုပဲ ခေါင်းထဲထားပြီး အိပ်ယာဝင်တယ်။ အိပ်မပျော်တိုင်း အဲတာပဲ ခေါင်းထဲရောက်လာတယ်။ ဆောင်းအိပ်မက်ထဲမှာ ကြိုးခြည်နည်း သင်ပေးနေတယ်။

သင်ယူမယ့်သူအနားမှာရှိလို့ သင်ပေးရတာကတမျိုး။ ဆံပင်ဖြတ်နည်းသင်ရတာကတမျိုး။ နေရာတကာ ဆရာလုပ်ချင်သူကို ခွဲစိတ်ပညာက ပညာစမ်းနေပြီ။ ကိုယ်ကလည်း မဟောသဓ မဟုတ်။

Myat Htutyng ဆရာရေ အမှတ်များမှားနေသလားလို့ ဦးဆွေးဆံမြေ့ဆိုတာ ရာဇသင်္ကြန်အမတ်ကြီးရဲ့သား အုတ်လှငယ်က စစ်အောင်နိုင်ကြောင်း သတင်းပို့ခိုင်းတာ စစ်မြပြင်ကအပြန် နရသီဟပနေ့မင်းက မင်းချင်းလွှတ်ပြီး မေးတာမဖြေလို့ သတ်စေမိန့်မှ ဘုရင့်ရှေ့မှောက်ခေါင်းပေါင်းချွတ်မှ ဆံပင်သန်းတဖွားဖွားနဲ့ နန်းကြမ်းပြင်ပြုတ်ကျပြီး အရှင့်အမှုတော်ကို ဤကဲ့သို့ဦးဆွေးဆံမြေ့ ထမ်းကြောင်း သက်သေပြတယ်လို့ ငယ်စဉ်ဒုတိယတန်းမြန်မာစာမှာ သင်ဖူးပါတယ်။ မှားရင်လဲခွင့်လွှတ်ပါ။

ဟုတ်။ အဲတာကမှန်မယ်ဗျ။ ကျေးဇူး။

ဒေါက်တာတင့်ဆွေ
၁၄-၁၂-၂ဝ၁၅

Comments

Popular posts from this blog

Medical vocabulary ဆေးစာ ဝေါဟာရများ (မြန်မာ - အင်္ဂလိပ်)

Burmese Proverbs စကာပုံများ (က)

Menoral ဟော်မုန်းဆေးတမျိုး